နှလုံး၊ အရိုးနဲ့ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D
>> ဗီတာမင် D က ဘာတွေလုပ်ပေးနိုင်သလဲ?
- ကျန်းမာသန်စွမ်းတဲ့အရိုးများဖြစ်ပေါ်ခြင်းနဲ့ ထိန်းသိမ်းပေးခြင်း
- ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး ရောဂါပိုးများကိုတိုက်ဖျက်ခြင်း
- ကြွက်သားလုပ်ငန်းစဉ်များကိုအထောက်အကူပြုခြင်း
- သွေးလှည့်ပတ်ခြင်းနှင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
- ဦးနှောက်နှင့်အဆုတ် ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းစဉ်များကို အထောက်အကူပြုခြင်း
>> ဒီတော့ ဗီတာမင် D ပိုမိုရရှိစေဖို့ ဘာတွေလုပ်ကြမလဲ?
• နေရောင်ခြည်မှ
ဒါက ဗီတာမင် D ၇ရှိစေမယ့် အလွယ်ဆုံးနည်းဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပမာဏရရှိစေဖို့ တစ်နေ့ကို နေရောင်ခြည်နဲ့ 10-15 မိနစ်လောက်ထိတွေ့ဖို့လိုပါတယ်။ မနက် 10 နာရီမတိုင်မီနဲ့ နေ့လည် 2 နာရီနောက်ပိုင်းမှာ နေရောင်ခံတယ်ဆိုရင်တော့ အချိန်ပိုကြာဖို့လိုပါတယ်။ မျက်နှာနဲ့ လက်တွေသာမကဘဲနဲ့ ခန္ဓာကိုယ်ရဲ့ 40% လောက် နေနဲ့ထိတွေ့ဖို့လိုပါတယ်။ နေကာခရင်တွေက အရေပြားကင်ဆာကိုကာကွယ်ပေးနိုင်ပေမယ့် ဒါတွေက ဗီတာမင် D လုံလောက်စွာရရှိစေဖို့အတွက်လည်း အဟန့်အတားဖြစ်စေပါတယ်။
နေရောင်ခြည်သိပ်မရတဲ့နေရာမှာနေထိုင်သူတွေအတွက် ဗီတာမင် D ရဖို့ နေကိုပဲအားကိုးနေလို့မရပါဘူး။
• အစားအစာများမှ
ဗီတာမင် D ပေးစွမ်းနိုင်တဲ့အစားအစာရင်းမြစ်က အရမ်းနည်းပါတယ်။ ဒါတွေကတော့-
1. ကြက်ဥအနှစ်
2. အမဲသား
3. ငါးနှင့်ပင်လယ်စာများ
4. ငါးကြီးဆီ
5. ဗီတာမင် D ထည့်သွင်းပြုလုပ်ထားသောအစားအစာများ - လိမေ္မာ်ရည်၊ နှံစားပြောင်း၊ ဒိန်ချဉ်၊ နွားနို့၊ ဆိတ်နို့၊ အပင်မှရရှိသောနို့များ
• ဗီတာမင် D သောက်ဆေးများ
ဗီတာမင် D ကို နေရောင်ခြည်နဲ့ အစားအစာတွေကနေ လုံလောက်စွာမရရှိပါက ဆေးသောက်ဖို့လိုပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဗီတာမင် D ဆေးပြားတွေကို ဆရာ၀န် ညွှန်ကြားချက်အတိုင်းသောက်သုံးပါ။
>> နေ့စဉ် ဗီတာမင် D ဘယ်လောက်လိုအပ်ပါသလဲ?
Mayo Clinic မှာဖော်ပြထားတဲ့ နေ့စဉ် ဗီတာမင် D လိုအပ်တဲ့ ပမာဏတွေကတော့
1. အသက် 1 နှစ်အောက် ကလေးတွေအတွက် 400 IU
2. အသက် 1 နှစ်မှ 70 ကြားအတွက် 600 IU
3. အသက် 70 နှစ်အထက် လူကြီးတွေအတွက် 800 IU တို့ ဖြစ်ပါတယ်။
အစားအစာနဲ့ ဆေးဝါးကရရှိတဲ့ ဗီတာမင် D ပမာဏက တစ်နေ့ကို 4000 IU ထက်မပိုသင့်ပါဘူး။
မိမိရဲ့သွေးတွင်းမှာ ဗီတာမင် D ပမာဏဘယ်လောက်ရှိလဲသိဖို့အတွက် သွေးစစ်ကြည့်နို်င်ပါတယ်။
ဗီတာမင် D ချို့တဲ့နေပါက ဘယ်လောက်လိုလဲ၊ ဘယ်လိုရအောင်လုပ်နိုင်လဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနီုင်ပါတယ်။ အတိအကျသိဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ စစ်ဆေးမှုပြုလုပ်ဖို့ပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















