/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်း-အသားပို

နှာခေါင်း အသားပို

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှာခေါင်းအတွင်း သို့မဟုတ် နှာခေါင်းဂလိုင်ပေါက်တွေအတွင်းမှာ မျက်ရည်စက်ပုံစံ နှာခေါင်း အသားပိုကလေးတွေ ထွက်လေ့ရှိပြီး နှာခေါင်းတွင်း ဂလိုင်ပေါက်တွေ နှာခေါင်းထဲ ဝင်တဲ့လမ်းကြောင်းနေရာမှာ အဓိက တွေ့ရတတ်ပါတယ်။ ရင့်မှည့်နေတဲ့ အသားပိုတွေဟာ အခွံနွှာပြီးသား စပျစ်သီးနဲ့ တူနေတတ်ပါတယ်။

          အသားပိုတွေဟာ ဓာတ်မတည့်မှုတွေ၊ ပန်းနာရင်ကြပ်တွေနဲ့ ဆက်စပ်နေတတ်ပြီး အထူးသဖြင့် သေးငယ်တဲ့အသားပိုတွေဟာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိတာကြောင့် ဘာကုသမှုမှ လုပ်စရာ မလိုတတ်ပါဘူး။ ဒါပေမဲ့ အတန်ငယ်ကြီးတဲ့ အသားပိုတွေကတော့ ဂလိုင်ပေါက်လမ်းကြောင်းကို ပိတ်လိုက်တတ်တဲ့အတွက် ဂလိုင်ပေါက်တွေထဲ ချွဲတွေ စုပုံပြည့်ကျပ်လာပြီး ပိုးဝင်တတ်ပါတယ်။

          အူမကြီးတို့၊ ဆီးအိမ်တို့မှာ ဖြစ်တတ်တဲ့ အသားပိုနဲ့ မတူတဲ့အချက်က နှာခေါင်းအသားပိုဟာ ကင်ဆာပြောင်းလေ့ မရှိတတ်ပါဘူး။ လေ့လာကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဒီအသားပိုတွေဟာ အချိန်ကြာမြင့်စွာ ရောင်ရမ်းမှုကြောင့် သို့မဟုတ် မိသားစုမျိုးရိုးစဉ်ဆက်အရ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

          ဒီနှာခေါင်းအတက်ပိုတွေဟာ နာတာ၊ ကျဉ်တာမျိုးလည်း မရှိတတ်ပါဘူး။ ဆေးသောက်တာ၊ ခွဲစိတ်တာမျိုးလုပ်ရုံနဲ့ ပျောက်ကင်းလေ့ရှိပေမယ့် ပြန်ပြန်ဖြစ်တတ်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

●        နှာပိတ်ခြင်း

●        နှာချေခြင်း

●        ချောင်းဆိုးခြင်း

●        နှာရည် တောက်တောက်ကျခြင်း

●        မျက်နှာ နာကျင်ခြင်း

●        အနံ့ခံအာရုံ ပျက်ပြားခြင်း

●        အရသာအာရုံ ပျက်ပြားခြင်း

●        မျက်လုံးတစ်ဝိုက် ယားယံခြင်း

●        ပိုးဝင်ခြင်း

 

          အများစုမှာ နှာရည် တောက်တောက်ကျခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတဲ့ လက္ခဏာရပ်တွေ ဖြစ်တတ်ပြီး 75% မှာ အနံ့ခံပြဿနာနဲ့ လာနိုင်ပါတယ်။

          ဒါ့အပြင် အသက်ရှူတိုင်း တရွှီရွှီမြည်ခြင်း၊ ထိပ်ကပ်နာပိုးဝင်ခြင်း၊ ဖုန်မှုန့်၊ အငွေ့၊ အနံ့တွေကို မခံနိုင်ခြင်း စတဲ့ လက္ခဏာတွေနဲ့လည်း လာနိုင်ပါသေးတယ်။ ရှားရှားပါးပါးတချို့မှာ Aspirin အကိုက်အခဲပျောက်ဆေးတွေနဲ့ အဝါရောင်ဆိုးဆေးတွေကို ဓာတ်မတည့် လက္ခဏာတွေနဲ့လည်း လာတတ်ပါတယ်။ ဒီလို ဓာတ်မတည့်တဲ့ လက္ခဏာတွေ တွေ့ရပါက ဆရာဝန်နဲ့ ပြသကုသသင့်ပါတယ်။

          နှာခေါင်းအတက်ပိုတွေဟာ နာတာရှည် ထိပ်ကပ်နာ ဖြစ်စေတတ်ပြီး အရမ်းကြီးတဲ့ အတက်ပိုတွေဟာ နှာခေါင်းပုံစံကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

 

>>    ဘယ်သူတွေမှာ ဖြစ်တတ်သလဲ?

          လူတိုင်းမှာ ဖြစ်တတ်ပေမယ့် အသက် 40 ကျော် လူကြီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ယောက်ျားတွေဟာ မိန်းမတွေထက် 2 ဆ ပိုဖြစ်နိုင်ပါတယ်။ 10 နှစ်အောက် ကလေးတွေမှာတော့ ဖြစ်လေ့မရှိတတ်ပါဘူး။ အကယ်၍ ကလေးတွေမှာ ဖြစ်ခဲ့ရင် Cystic Fibrosis ရောဂါ ရှိ၊ မရှိကို သိနိုင်ဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။

          နှာခေါင်း အသားပိုတွေဟာ ဓာတ်မတည့်ပြီး နှာရည်ကျခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ Aspirin အကိုက်အခဲပျောက်ဆေး ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာ၊ ပိုးဝင်ခြင်းများ၊ နှာခေါင်းထဲ ပစ္စည်းတစ်ခုခု ဝင်နေခြင်းနဲ့ Cystic Fibrosis ရောဂါတွေနဲ့ တွဲဖြစ်တတ်ပြီး အများစုမှာတော့ ဖြစ်တဲ့အကြောင်းရင်းကို မသိရတတ်ပါဘူး။ တစ်ခါတလေ ပန်းနာရင်ကျပ်နဲ့ ထိပ်ကပ်နာတွေ မဖြစ်ခင် အသားပိုတွေ ထွက်လေ့ရှိပါသေးတယ်။

          တချိုလေ့လာသူတွေက ဓာတ်မတည့်တဲ့ရောဂါ လက္ခဏာတွေဖြစ်တဲ့ နှာရည်တောက်တောက်ကျခြင်း၊ နှာချေခြင်း၊ ယားယံခြင်း စတာတွေ ကြုံတွေ့ရလေ့ ရှိသူတွေမှာ နှာခေါင်း အသားပို ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတ်မတည့်ခြင်းနဲ့ နှာခေါင်း အတက်ပိုထွက်ခြင်းရဲ့ ဆက်နွယ်မှုကတော့ မရေမရာဖြစ်နေပါသေးတယ်။ တချို့လေ့လာသူတွေကလည်း ထိပ်ကပ်နာနဲ့ သက်ဆိုင်မှု ရှိတယ်လို့ ဆိုကြပါသေးတယ်။

 

>>    ကုသမှုများ

          အကယ်၍ နှာခေါင်း အသားပိုထွက်နေတယ်လို့ ထင်ခဲ့ရင် ဆရာဝန်နဲ့ ပြသ အစစ်ဆေးခံသင့်ပါတယ်။ ဒါမှသာ Nasal endoscope လို့ခေါ်တဲ့ နှာခေါင်းနဲ့ ဂလိုင်ပေါက်ကြည့်မှန်ပြောင်းကိရိယာကို နှာခေါင်းထဲ ထည့်ကြည့်တာ၊ လိုအပ်ရင် အခြားစစ်ဆေးမှုတွေအပြင် အသားစ ယူတာတွေပါ လုပ်နိုင်မှာ ဖြစ်ပါတယ်။

          အများစုမှာတော့ နှာခေါင်းတွင်း စတီးရွိုက်ဖြန်းဆေး ဖြန်းပေးခြင်းဖြင့် အသားပိုကို ကျုံ့သွား၊ ပျောက်သွားစေနိုင်ပါတယ်။ လိုအပ်ရင် Prednisolone စတီးရွိုက်သောက်ဆေးကို တစ်ပတ်လောက် သောက်ပေးဖို့ လိုနိုင်ပါတယ်။

          စိတ်မကောင်းစရာ တစ်ခုကတော့ ဒီနှာခေါင်း အသားပိုတွေဟာ ယားယံမှု၊ ဓာတ်မတည့်မှု၊ ပိုးဝင်မှုတွေ ဖြစ်လာခဲ့ရင် ပြန်ပြန်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် စတီးရွိုက်ဖြန်းဆေးကို ဆောင်ထားဖို့ လိုသလို နှာခေါင်းတွင်းကြည့်မှန်ပြောင်း ကြည့်ကြည့်ပေးတာမျိုးလည်း လုပ်သင့်ပါတယ်။

          တကယ်တမ်း နှာခေါင်းအသားပိုဟာ Antihistamine ဓာတ်မတည့်ခြင်းကို သက်သာစေတဲ့ ဆေးနဲ့ decongestant နှာပွင့်ဆေးတွေ သောက်ရုံနဲ့ မပျောက်တတ်ပေမယ့် စတီးရွိုက်ဆေးကို မသောက်ခင် ဓာတ်မတည့်ခြင်းကို ကုသဖို့ antihistamine၊ ပိုးသေစေဖို့ ပိုးသတ်ဆေးတွေ သောက်ပေးဖို့ လိုအပ်နိုင်ပါတယ်။

 

>>    ခွဲစိတ်ကုသခြင်း

          တစ်ခါတလေ နှာခေါင်းအသားပို အရမ်းကြီးသူတွေမှာ စတီးရွိုက်ဖြန်းဆေးလောက်နဲ့ မသက်သာတတ်ပါဘူး။ ဒီလိုလူတွေမှာ အသားပိုကို ခွဲစိတ်ကုသသင့်ပါတယ်။

          နှာခေါင်းတွင်းကြည့်မှန်ပြောင်းနဲ့ အလွယ်တကူ ဖြတ်ထုတ်ပစ်နိုင်ပြီး ဆေးရုံတက်စရာမလိုဘဲ ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နားနိုင်ပါတယ်။

          အများစုမှာ ခွဲစိတ်ခြင်းက ရောဂါကို သက်သာစေနိုင်ပေမယ့် ပန်းနာရင်ကျပ်ရှိသူတွေနဲ့ Aspirin အကိုက်အခဲပျောက်ဆေး ဓာတ်မတည့်သူတွေမှာ နှာခေါင်းအသားပို ဖြစ်လာပါက ဆေးသောက်ခြင်းက အကောင်းဆုံး ဖြစ်မှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)