ပြင်းထန် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါပိုး (မားစ် - ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံလူနာတစ်ဦးကို တွေ့ရှိထားကြောင်း ယူအေအီးနိုင်ငံမှ ထုတ်ပြန်ကြေညာ
မားစ် (MERs - CoV) ဗိုင်းရပ်စ်ပိုးဆိုတာ ပြီးခဲ့တဲ့ 2012 မှာ လူပေါင်း 787 ယောက်ကို အသက်ရှူလမ်းကြောင်းရောဂါနဲ့ သေဆုံးစေခဲ့တဲ့ရောဂါ ဖြစ်ပါတယ်။ နိုင်ငံပေါင်း 27 နိုင်ငံမှာ ကူးစက်ပျံ့နှံ့ခဲ့ပြီး ကမ္ဘာကို အထိတ်တလန့် ဖြစ်စေခဲ့တဲ့ ရောဂါဖြစ်တာကို မှတ်မိကြမှာပါ။ ယူအေအီးသမ္မတနိုင်ငံမှာ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်မှု အဖြေအရ မားစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိရသူ လူနာတစ်ဦးရှိကြောင်း မေလ 16 ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယူအေအီးနိုင်ငံရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးယူနစ် ဗဟိုဌာနကတော့ လူနာနဲ့ ထိတွေ့ခဲ့တဲ့လူများကို ပြန်လည်စစ်ဆေးပြီး အသေအချာ စောင့်ကြည့်ကြဖို့ ချက်ချင်းဆောင်ရွက်နေပါပြီ။
မားစ်ရောဂါပိုးဟာ သေဆုံးနှုန်း လွန်စွာမြင့်မားပြီး ကုလားအုတ်များကနေ ကူးစက်ပြန့်ပွားပါတယ်။ လူလူချင်းလည်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။ 2012 ကနေ 2017, ဇူလိုင်လထိ မားစ် - ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသူ လူနာပေါင်း 2040 ရှိခဲ့ပြီး 82 ရာခိုင်နှုန်းကတော့ ဆော်ဒီအာရေဗျနိုင်ငံမှ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ယူအေအီးနဲ့ ဆက်စပ်ဒေသတွေကို တပ်လှန့်ထားပြီး မူမမှန် အသက်ရှူလမ်းကြောင်းရောဂါ မှန်သမျှကို အရေးတယူ ပြုကြဖို့ သတိပေးလိုက်ပါပြီ။
မားစ် - ကိုရိုနာဗိုင်းရပ်စ်ဟာ ဆီးချိုရောဂါသည်တွေ၊ ကျောက်ကပ်ပျက်စီးနေသူတွေ၊ ကိုယ်ခံအား ယုတ်လျော့နေသူတွေ၊ နာတာရှည် အဆုတ်ဝေဒနာရှင်တွေကို အလွယ်တကူ ကူးစက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ရောဂါတွေ့ရှိရာဌာနကို ခရီးသွားမှု၊ ကုန်သွယ်မှု ကန့်သတ်လိုက်တာမျိုး၊ လေဆိပ်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိ/မရှိ စစ်ဆေးတာတွေထိ လုပ်ဖို့ထိတော့ မရှိသေးကြောင်း တင်ပြထားပါတယ်။
>> ပြင်းထန် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ ကာကွယ်ဖို့ -
● လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး မကြာခဏ ဆေးကြောပါ။
● နှာစေး၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့ ဖုံးအုပ်ပါ။ တစ်ရှူးကို ချက်ချင်းစွန့်ပစ်ပါ။
● လူစုလူဝေးထဲ သွားတဲ့အခါ အပြင်ထွက်တဲ့အခါ ပါးစပ်အစွပ် Mask တပ်ဆင်ပါ။
● မသန့်တဲ့လက်နဲ့ မျက်နှာ ပွတ်သပ်တာ၊ နှာခေါင်း နှိုက်တာတွေကို ရှောင်ကြဉ်ပါ။
● နေမကောင်းတဲ့သူတွေနဲ့ ဝေးဝေးနေပါ။
● တစ်နေ့ သုံးကြိမ် ဆားရည်နွေးနဲ့ ပလုတ်ကျင်းပါ။
● အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ပန်းကန်ခွက်ယောက်၊ တဘက်၊ သွားပွတ်တံ မရောယှက်ဘဲ သီးသန့်သုံးပါ။ ပန်းကန်တွေကို ဆပ်ပြာနဲ့ ဆေးကြောပြီး အခြောက်ခံ လေသလပ်ပါစေ။
● အိမ်ကို လေဝင်လေထွက်ကောင်းအောင် ညနေခင်းတွေမှာ ပြတင်းပေါက်တွေ ဖွင့်လှစ်ထားပါ။
● အသုံးအဆောင်တွေကို သန့်ရှင်းစွာ ထားသိုပါ။
● ကိုယ်ခံအားကောင်းဖို့ လတ်ဆတ်တဲ့ အသီးဖျော်ရည် နေ့စဉ်သောက်သုံးပါ (သို့မဟုတ်) ဗီတာမင်စီ မှီဝဲပါ။
● တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















