မပေါ့သင့်တဲ့ လက္ခဏာ (7) ရပ်
တစ်ခါတစ်ရံ ကိုယ်ခန္ဓာက အချက်ပြ သတိပေးနေပါလျက်နဲ့ ဂရုမထား ပေါ့ပေါ့ဆဆ နေခြင်းကြောင့် အချိန်လွန်မှ ဒုက္ခတွေ့တတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားသင့်တဲ့ လက္ခဏာ (7) ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
1. အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျခြင်း
ဝိတ်မလျှော့ဘဲ ကိုယ်အလေးချိန် ကျသွားတယ်ဆိုတာဟာ တကယ်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေကြောင်း ပြနေတာပဲ ဖြစ်ပါတယ်။ အဝလွန်နေသူ မဟုတ်ဘဲ လွန်ခဲ့တဲ့ 6 လကနေ 12 လအတွင်းမှာ 10 ပေါင် (4.5 ကီလို) ထက် ပိုလျော့သွားတယ် သို့မဟုတ် နဂိုရှိရင်းစွဲ ကိုယ်အလေးချိန်ထက် 5 ရာခိုင်နှုန်းအောက် လျော့သွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။
ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာဟာ သိုင်းရွိုက်ဓာတ် လွန်ကဲခြင်း၊ ဆီးချို၊ စိတ်ဓာတ်ကျခြင်း၊ အသည်းရောဂါ၊ ကင်ဆာနဲ့ အာဟာရ စုပ်ယူမှု မကောင်းတဲ့ရောဂါ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
2. တောက်လျှောက် အဖျားတက်ခြင်း (သို့မဟုတ်) အဖျားကြီးခြင်း
တကယ်တမ်းတော့ ဖျားတယ် ဆိုတာဟာ ကိုယ်ခန္ဓာမှာ ပိုးတစ်မျိုးမျိုး ဝင်နေလို့ ပြန်လည်တိုက်ထုတ်နေတာပဲဖြစ်လို့ စိတ်ပူစရာ မလိုတတ်ပါဘူး။ ဒါပေမဲ့ တောက်လျှောက် ဖျားနေတယ် ဆိုရင်တော့ ပိုးတစ်မျိုးမျိုးဟာ ကိုယ်ခန္ဓာမှာ ပုန်းကွယ် တည်ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးပိုး၊ တီဘီ စတဲ့ရောဂါတွေအပြင် လင့်ပြန်ကြောကြိတ်ကင်ဆာ Lymphoma လိုမျိုး ကင်ဆာတွေမှာ အဖျားကြာရှည်တတ်ပါတယ်။
ဒါ့အပြင် အပူချိန် 103°F (39.4°C) ထက် အဖျားကြီးနေတာ၊ 3 ရက်ထက်ပိုပြီး အဖျားတာရှည်နေတာမျိုး ရှိပါက ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
3. မောခြင်း
အသက်ရှူမဝခြင်း၊ မောခြင်းဟာ ရောဂါအခြေအနေ တစ်ခုခုရှိနေကြောင်း ပြသနေတာပါ။ အပြင်းအထန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အပူချိန် လွန်ကဲခြင်း၊ အဝလွန်ခြင်းနဲ့ အမြင့်ပေအထက် ရောက်ခြင်း စတာတွေကြောင့် မောနိုင်သလို အခြားရောဂါ တစ်မျိုးမျိုးကြောင့်လည်း မောနိုင်ပါသေးတယ်။ ရုတ်တရက် အပြင်းအထန် ဘာကြောင့်မှန်းမသိ မောလာခြင်းဟာ အရေးပေါ်အခြေအနေပဲ ဖြစ်ပါတယ်။
မောရတဲ့ အကြောင်းအရင်းတွေထဲမှာ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ အဆုတ်သွေးခဲပိတ်ရောဂါနဲ့ အခြားနှလုံးနဲ့ အဆုတ်ရောဂါတွေ ပါ,ပါတယ်။ တစ်ခါတစ်ရံ တကယ်ဘေးအန္တရာယ်မရှိပါဘဲ၊ ဘာအကြောင်းမှမရှိပါဘဲ ရုတ်တရက် စိတ်အပူအပန် လွန်တဲ့အခါမှာလည်း အသက်ရှူကျပ်တတ်ပါသေးတယ်။
4. ဝမ်းပြောင်းလဲခြင်း
ဝမ်းထဲ သွေးပါခြငး်၊ ဝမ်းမည်းမည်းသွားခြင်း၊ တောက်လျှောက် ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်း မကြာခဏ သွားချင်စိတ်ဖြစ်နေခြင်း စတဲ့ ပုံမမှန်အပြောင်းအလဲတွေ ဖြစ်လာပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဒီလို ဝမ်းအပြောင်းအလဲဖြစ်ခြင်းဟာ Campylobacter, Salmonella စတဲ့ ဘတ်တီးရီးယားပိုး ဝင်ခြင်း၊ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုးဝင်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အခြား အူလမ်းကြောင်း ပုံမမှန်ရောဂါ၊ အူမကြီးကင်ဆာ စတဲ့ ရောဂါတွေကြောင့်လည်း ဝမ်း ပုံမမှန် ဖြစ်နိုင်ပါသေးတယ်။
5. ကယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်နေစိတ်ထား ပြောင်းလဲခြင်း
● တွေးခေါ်နိုင်စွမ်း ကျဆင်းခြင်း
● အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်း
● အပြုအမူအနေအထိုင် ပြောငး်လဲခြင်း
စတဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ရုတ်တရက် ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ အမြန်ပြသရပါမယ်။ ဒီအပြောင်းအလဲတွေဟာ ပိုးဝင်ခြင်း၊ အာဟာရဓာတ် နည်းပါးခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတွေနဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
6. နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်နေခြင်း
ပုံမှန်ထက်ကို စောပြီး ဗိုက်ပြည့်နေတတ်တာ၊ ခါတိုင်းလောက် မစားနိုင်တာတွေ ဖြစ်နေပါက ဆရာဝန်န့ဲ ပြသကြည့်ဖို့ အကြံပေးလိုပါတယ်။ ပုံမှန်ထက် ပိုပြီးဗိုက်ပြည့်နေတဲ့အပြင် ပျို့အန်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ကိုယ်အလေးချိန် ကျတာတွေ ဖြစ်လာနိုင်ပါသေးတယ်။
အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ GERD လို့ခေါ်တဲ့ အက်ဆစ်ဓာတ် အပေါ်ပြန်ကန်တဲ့ရောဂါတွေ၊ အစာအိမ် အနာရောဂါတွေဖြစ်ပြီး အဆိုးဆုံးအနေနဲ့ မုန့်ချိုအိတ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
7. အလင်းရောင် တဖျတ်ဖျတ် မြင်နေခြင်း
ဒီလို အလင်းစူးစူးတွေ၊ အလင်းရောင် ဖြိုးဖြိုးဖျတ်ဖျတ်တွေ မြင်နေတာဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမှာ အဖြစ်များပါတယ်။ ဒါ့အပြင် မြင်လွှာကွာကျတဲ့အခါမှာလညး် ရုတ်တရက် အလင်းတန်းတွေ မြင်တတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















