/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မောပန်းနေလား-ရေသောက်ပါ

မောပန်းနေလား ... ရေသောက်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျနေတဲ့အချိန်မှာ အားဖြည့်အချိုရည် အေးအေးမြမြချိုချိုလေး မော့သောက်လိုက်ရတာ စည်းစိမ်ပါပဲ။ အရောင်အဆင်း အနံ့အရသာမဲ့တဲ့  သဘာဝရေအေးနဲ့ ချိုမြိန်ထိရှပြီး ပွင့်သွားစေတဲ့ သဘာဝအချိုရည်ဟာ ပြင်းပြင်းထန်ထန် ပြိုင်လို့ရ၊ မရ ကြည့်ကြရအောင်။

          အားဖြည့်အချိုရည်တွေ သောက်သုံးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ သွေးခုန်နှုန်း မြန်တာတွေ သွေးပေါင်တက်လာတာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် သောက်ပြီးတဲ့အခါတိုင်း နည်းနည်း ပြည့်ဝသွားသလို အားတက်လာသလို လန်းလာသလို အမြဲခံစားရတာ ဖြစ်ပါတယ်။

          ဒီလို သွေးပေါင်တက်တဲ့ အခြေအနေဟာ အရွယ်သုံးပါးနဲ့ ဘယ်လိုမှ မအံဝင်ဘဲ မကြာခဏ သောက်သုံးလေ့ရှိသူတွေမှာ သွေး မကြာခဏတိုးလာတာ ဖြစ်ပေါ်ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို သွေးပေါင်နဲ့ နှလုံးခုန်နှုန်းကို မမှန်ဖြစ်စေတဲ့ အကြောင်းရင်းကတော့ အားဖြည့်အချိုရည်တွေမှာ ပါဝင်လာတတ်တဲ့ ကဖိန်းဓာတ်ကြောင့် ဖြစ်ပါတယ်။

          ကဖိန်းဓာတ်ဟာ ကော်ဖီပြင်းပြင်းတစ်ခွက်နဲ့ ညီမျှပြီး သွေးပေါင်က ချက်ချင်း သုံးရာခိုင်နှုန်းထိ တက်သွားပြီး မကြာခင် ပုံမှန်ဖြစ်သွားပါတယ်။ ဒီလိုခဏခဏ ဖြစ်တတ်တဲ့အခါ ရေရှည်အကျိုးဆက်ကိုတော့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ ကောင်းသောအကျိုးဆက်တွေ ရရှိလာမှာ မဟုတ်တာကတော့ အလွန်သေချာသလောက် ဖြစ်နေပါတယ်။

          အရောင်အဆင်း အနံ့အရသာမဲ့တဲ့ရေဟာ အားဖြည့်အချိုရည်လို ဆွဲဆောင်မှု မရှိပေမယ့် အင်မတန် အန္တရာယ်ကင်းပြီး အကောင်းဆုံးလို့ ဆိုရမယ့် သဘာဝရဲ့နတ်ဆေး ဖြစ်နေပါတယ်။

          ခန္ဓာကိုယ်က ရေဓာတ်နည်းပါးပြီး မောပန်းနွမ်းနယ်လာတဲ့အခါ ရေအေးအေးလေးတစ်ခွက် သောက်လိုက်ရတာဟာ ဘာနဲ့မှမလဲနိုင်တဲ့ အရသာ ဖြစ်ပါတယ်။ ဒီလိုစည်းစိမ်ဟာ ဘာအန္တရာယ်မှ၊ ဘာမကောင်းကျိုးမှ မပေးနိုင်တဲ့ ဈေးလည်းသက်သာ ပြည်ပြည့်ဝဝလည်း အကျိုးဖြစ်စေမယ့်အရာ ဖြစ်ပါတယ်။

          အားဖြည့်အချိုရည်တွေရဲ့ ပါဝင်ပစ္စည်းတွေ ဆိုးကျိုးတွေကို ဆက်တိုက်သုတေသန လုပ်နေကြချိန်မှာ အလုပ်မရှုပ်ဘဲ ဈေးသက်သက်သာသာနဲ့ ပန်းပန်နေတာကတော့ ကြည်လင်သန့်စင်တဲ့ သဘာဝရေသန့် ဖြစ်ပါတယ်။

          ဒီတော့ သိပ်မောနေသလား။ ရေသန့်လေးတစ်ဘူး မော့ချလိုက်ပါ။ အားဖြည့်အချိုရည် မသောက်ခင် ရေကို အရင်တွေးမိပါစေ။ ရေဓာတ်ပြည့်ဝ ကျန်းမာနေပြီး ဇီဝဖြစ်ပျက်မှုတွေကို အတက်အကျမရှိ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်လို့ သက်ရှည်ကျန်းမာတဲ့ဘဝကို ဖန်တီးကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)