/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မြင်လွှာကွာခြင်း

မြင်လွှာကွာခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        မြင်လွှာဆိုတာဟာ မျက်လုံးအတွင်းပိုင်းမှာရှိပြီး အရောင်နဲ့ပုံသဏ္ဌာန်တွေကို ခွဲခြားသိနိုင်တဲ့ အလွှာပဲ ဖြစ်ပါတယ်။

 

>>    မြင်လွှာကွာခြင်း အဓိကအချက်များ

●        မြင်လွှာကွာခြင်းဟာ အဖြစ်နည်းပေမယ့် သေချာကုသမှုမခံယူခဲ့ရင် မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။

●        မြင်လွှာအများစုဟာ ခွဲစိတ်ပြီး ပြန်ကပ်နိုင်ပါတယ်။

●        အမြင်အာရုံ ချို့ယွငး်မှုကိုကာကွယ်ဖို့ သေချာရှာဖွေ ကုသရပါမယ်။

 

>>    ဖြစ်ရတဲ့အကြောင်းရင်းများ

        မြင်လွှာမှာ ပေါက်ရာပြဲရာလေးတွေ ဖြစ်လာပြီး အရည်တွေ ဝင်လာတာကြောင့် မြင်လွှာထဲမှာ ဖိအားများလာပါတယ်။ ဒီအခါမှာ မြင်လွှာအတွင်းရှိ rodsတွေ cones တွေဟာ တဖြည်းဖြည် ကွာလာပါတယ်။ မြင်လွှာပြဲမှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ မျက်လုံးထဲမှာရှိတဲ့ ဂျယ်လီလို အရည်ပျစ်ပျစ်တစ်မျိုးဖြစ်တဲ့ Vitreous အရည် ကျုံ့သွားတာကြောင့် ဖြစ့်ပါတယ်။ Vitreous ကျုံ့သွားတာနဲ့ တစ်ပြိုင်နက် မြင်လွှာပါ ဆွဲပြီးကွာကျသွားပါတယ်။

          နောက်အကြောင်းရင်းတစ်ချက်ကတော့ ရောင်ရမ်းရာကနေ အမာရွတ်ဖြစ်လာတာေ့ကြာင့်ပဲ ဖြစ်ပါတယ်။ အမာရွတ်ဟာ မြင်လွှာပေါ်ကို လာကပ်တွယ်ပြီး မြင်လွှာကို ဆွဲခွာသလို ဖြစ်စေပါတယ်။ ဒါဟာ ဆီးချိုရောဂါနဲ့ အခြားမျက်စိရောဂါတွေမှာ ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး သွေးကြောထဲကအရည်တွေ စိမ့်ထွက်လာပြီး မြင်လွှာကို ကွာစေတာမျိုးလည်း ရှိတတ်ပါတယ်။

 

>>    ဘယ်သူတွေဖြစ်နိုင်လဲ?

          နယူးဇီလန်နိုင်ငံမှာ တစ်နှစ်ကို မြင်လွှာကွာကျမှု ၄၀၀ လောက် ဖြစ်တတ်ပါတယ်။ အများစုမှာ အကြောင်းရင်းမရှိဘဲ ဖြစ်တတ်တာပါ။ အဝေးမှုန်သမားတွေ၊ အသက်ကြီးသူတွေနဲ့ မိသားစုရောဂါ ရာဇဝင်ရှိသူတွေမှာ ပိုတွေ့ရပါတယ။်

 

>>    ရောဂါလက္ခဏာများ

          မြင်လွှာကွာကျမှုဟာ မနာမကျင်ပေမယ့် အလွန်အရေးကြီးပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ -

●        အလင်းရောင် တဖျတ်ဖျတ်မြင်ခြင်း : အလင်းရောင် မှုန်ပြပြအချိန်မျိုးမှာ ဖြစ်တတ်ပြီး ဘေးဘက်အမြင်စက်ဝန်းမှာ တွေ့ရတတ်ပါတယ်။

●        မြင်ကွင်းထဲမှာ မည်းမည်းလှုပ်လှုပ်တွေ တွေ့လာရနိုင်ပါတယ်။

●        ဘေးဘက်အမြင် ဝေဝါးသွားတာမျိုး၊ မျက်လုံးရှေ့မှာ ကန့်လန့်ကာကြီး ကျလာသလိုမျိုး အမြင်အာရုံ ကမောက်ကမတွေ ဖြစ်လာတတ်ပါတယ်။

●        အမြင်အာရုံ မှုန်ဝါးလာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

          မြင်ကွင်းထဲ မည်းမည်းလှုပ်လှုပ်တွေ ပေါ်လာတာမျိုးဟာ အဖြစ်များပါတယ်။ သူတစ်ခုတည်း ဆိုရင်တော့ ကြောက်စရာမလိုပါဘူး။ ဒါပေမဲ့ သူအပြင် အခြားအလင်း ဖြိုးဖြိုးဖျတ်ဖျတ် မြင်ရတာမျိုးတွေပါ ရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

          စောစောသိ စောစောကုနိုင်ရင် ပျောက်ကင်းနိုင်တာကြောင့် မသင်္ကာစရာ တစ်စုံတစ်ရာ တွေ့တာနဲ့ ဆရာဝန်နဲ့ ပြသပါ။

 

>>    ကုသမှု

          အများစုမှာတော့ ခွဲစိတ်ကုသရတတ်ပါတယ်။ ရှေ့တည့်တည့်အမြင်ကို မထိခိုက်ဘူးဆိုရင် အမြန်ဆုံး ခွဲစိတ်ရပါမယ်။ ရှေ့အမြင်ပါ ထိခိုက်သွားပြီ ဆိုရင်တော့ ဘယ်အချိန်ခွဲခွဲ သိပ်မထူးတော့ပါဘူး။ ခွဲစိတ်ကုသရာမှာ မြင်လွှာကို မျက်လုံးအတွင်း လေဆာနဲ့ ပြန်ကပ်တာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ မြင်လွှာ မြဲမြဲတွယ်နိုင်အောင် လေအမြှုပ်ကြားခံကပ်တာမျိုးလည်း ရှိပါတယ်။

          လေအမြှုပ် ကြားခံထားတယ် ဆိုရင်တော့ ခွဲစိတ်ပြီးနောက် လေအမြှုပ်နေရာ မလွဲမှားရလေအောင် ဆရာဝန်ညွှန်ကြားတဲ့ ပုံစံအတိုင်း ခေါင်းကို ထားထားရပါမယ်။ လေအမြှုပ် လုံးဝပျောက်သွားဖို့ ၁၀ ရက်လောက် ကြာတတ်ပြီး ခေါင်းအနေအထား ဘယ်လောက်ကြကြာ ထားရမယ်ဆိုတာကတော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသာ ဖြစ်ပါတယ်။ ဒီကြားထဲ လေယာဉ်နဲ့ ခရီးသွားတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

 

>>    ခွဲစိတ်အောင်မြင်မှု

          မြင်လွှာခွဲစိတ်ကုသမှု ၁၀ ယောက်မှာ ၉ ယောက်လောက်က တစ်ကြိမ်ထဲနဲ့ အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ထပ်ပြဲတာ၊ အမာရွတ်တွေ ထပ်ပေါ်လာတာကြောင့် မြင်လွှာ ပြန်ကွာကျနိုင်ပါတယ်။ ဒီအခါမှာ နောက်တစ်ကြိမ် ထပ်ခွဲစိတ်ဖို့ လိုအပ်လာပါတယ်။

          တစ်ခါတစ်ရံ ခွဲစိတ်အောင်မြင်ပေမယ့် မြင်လွှာကွာကျချိန်နဲ့ ခွဲစိတ်ကုသမှု မခံယူခင်အချိန်အတွင်း မြင်လွှာဆဲလ်တွေ ပြန်ပြင်မရအောင် ပျက်စီးသွားတာကြောင့် အမြင်အာရုံ ချို့ယွင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သိတာနဲ့ ပြသကုသမှုခံယူဖို့ အင်မတန် အရေးကြီးပါတယ်။

 

>>    ကာကွယ်ရန်

          မြင်လွှာကွာကျနိုင်တဲ့ အကြောင်းရင်း အများအပြားရှိပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မသိနိုင်တာကြောင့် မျက်လုံးကို သေချာဂရုစိုက်ဖို့က အရေးအကြီးဆံးုပါပဲ။

●        မျက်လုံး မထိခိုက်စေရန် မျက်လုံး အကာဝတ်ပါ။

●        ဆီးချိုသမားများ ဆီးချိုပမာဏကို ဂရုစိုက်ပါ။

●        မျက်စိဆရာဝန်နဲ့ တစ်နှစ်တစ်ခါ တွေ့ဆုံပါ။ (အထူးသဖြင့် မြင်လွှာကွာကျနိုင်ခြေ များသူတွေ)

●        အလင်းရောင် တစ်လက်လက် မြင်တာမျိုး၊ မည်းမည်းလှုပ်လှုပ်တွေ မြင်တာမျိုးကို သတိထားပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)