မြေထဲပင်လယ်အစားအစာလို့ခေါ်တဲ့ ကျန်းမာရေးနှင့်ညီညွတ်မျှတသော အစားအသောက်ပုံစံ
မြေထဲပင်လယ်အစားအသောက်ပုံစံဆိုတာ မြေထဲပင်လယ်အစားအစာတွေနဲ့ ချက်ပြုတ်ပုံချက်ပြုတ်နည်းတွေကို အခြေခံထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံပဲဖြစ်ပါတယ်။
မြေထဲပင်လယ်နားက တိုင်းပြည်တွေရဲ့ရိုးရာချက်ပြုတ်နည်းတွေထဲမှာ အခြားကျန်းမာရေးနဲ့သင့်တော်တဲ့ အခြေခံအစားအစာတွေကို ပေါင်းစုပေးတာပဲဖြစ်ပါတယ်။ (ဥပမာ - သံလွင်ဆီ (သို့) ဝိုင်နီကို အရသာအနေနဲ့သုံးခြင်း)
ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာအများစုမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါးနဲ့အစေ့အဆံတွေ ပါဝင်ပါတယ်။ ဒါတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာအမှန်ဖြစ်သော်လည်း အချို့သောအစာတွေမှာ ပါဝင်ပစ္စည်းအချိုးအစားကို အနည်းငယ်ပြောင်းလဲခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
>> အကျိုးကျေးဇူးများ
သုတေသနပြုလုပ်ချက်တွေအရ မြေထဲပင်လယ်ရိုးရာအစားအစာတွေမှာ ခန္ဓာကိုယ်ကိုအကျိုးပြုသော ကိုလက်စထရောလ် (LDL) တွေပါဝင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဒီအစားအသောက်ပုံစံဟာ ကင်ဆာရောဂါများ၊ သတိမေ့ရောဂါ (Alzheimer) နဲ့ အကြောအားနည်း၍ ခြေလက်တုန်သောရောဂါ (Parkinson’s disease) ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မြေထဲပင်လယ်အစားအစာတွေကို သံလွင်ဆီနှင့် မြေပဲအမျိုးမျိုးထည့်၍ စားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။
ဒါကြောင့် သိပ္ပံပညာအဖွဲ့အစည်းအများစုဟာ ရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ဖို့အတွက် ကျန်းမာသန်စွမ်းတဲ့သူတွေကို မြေထဲပင်လယ်အစားအသောက်ပုံစံအတိုင်း စားသောက်နိုင်ရန်ကြိုးစားသင့်ကြောင်း တိုက်တွန်းထားပါတယ်။
>> မြေထဲပင်လယ်ဒေသ စားသောက်ပုံစံ၏ အဓိကသော့ချက်များ
1. ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများကိုစားသုံးပါ
အစေ့အနှံများကိုပြောင်းလဲစားသောက်ပါ။ မိမိအစားအသောက်အများစုဟာ အပင်မှရတဲ့အစားအစာတွေဖြစ်ပါစေ။ တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို 2 ကြိမ် မှ 4 ကြိမ်ထိစားပေးပါ။ အထူးပြုလုပ်မှုတွေမပါဝင်တဲ့ ပေါင်မုန့်၊ အနှံ၊ ထမင်းနဲ့ ဂျုံခေါက်ဆွဲတွေကိုစတင်စားသုံးပါ။
2. သစ်ချသီး၊ သီဟိုဠ်စေ့၊ ဗာဒံသီးနဲ့ သစ်စိမ့်သီးကဲ့သို့ အခွံမာသီးတွေကို အဆာပြေစာစားရန် ဆောင်ထားပါ
ပြောင်းလဲထားတဲ့အဆီတွေပါဝင်တဲ့ မြေပဲထောပတ်အစား သဘာဝအမျိုးအစားကိုသာ ရွေးချယ်ပါ။ ကြိတ်ထားတဲ့ နှမ်းစေ့တွေကို ပေါင်မုန့်ပေါ်ဖြူး၍လည်းစားသုံးနိုင်ပါတယ်။
3. ထောပတ်ကိုစွန့်လွတ်၍ သံလွင်ဆီ (သို့) ကနူလာဆီတွေကို အစားထိုးအသုံးပြုပါ
ဟင်းချက်ရာတွင်အသုံးပြု၍မျှမက အနံ့အရသာအတွက် ပေါင်မုန့်ကိုစိမ်၍ (သို့) ပေါင်မုန့်ပေါ်တွင်သုတ်၍လည်း စားသုံးနိုင်ပါတယ်။
4. ဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းချက်ရာတွင် အရသာရှိစေရန် အသုံးပြုနိုင်ပါတယ်
အသားစိမ်းများကို နှပ်ရာတွင် ဆားအစား ဟင်းခတ်အမွှေးအကြိုင်တို့ကိုသာ အသုံးပြုပေးပါ။
5. ငါးကိုတစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့်စားသုံးပေးပါ
ရေချိုတူနာငါး၊ ဆယ်လ်မွန်ငါးကဲ့သို့ ငါးမျိုးတွေဟာ ကျန်းမာရေးအတွက်အလွန်ပင်ကောင်းမွန်လှပါတယ်။ ငါးကင်တွေဟာ အလွန်အရသာရှိပြီး ကရိကထည်းမများပါဘူး။ ကနိုလာဆီနည်းနည်းနဲ့ ကြော်ထားတာမဟုတ်ရင်တော့ ငါးကြော်တွေကိုမစားသင့်ပါဘူး။
6. အနီရောင်အသားတွေအစား ငါးနဲ့ကြက်ငှက်အသားတွေ စားသင့်ပါတယ်
အကယ်၍ စားသုံးလိုပါက အသားများသောအပိုင်းကိုရွေးချယ်၍ အနည်းငယ်စားပါ။ ထို့ပြင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နဲ့ အခြားအဆီများတဲ့အသားများကိုလည်းရှောင်ရှားသင့်ပါတယ်။
7. အဆီပါဝင်မှုနည်းသော နို့နှင့် နို့ထွက်ပစ္စည်းများကိုသာ ရွေးချယ်ပါ
ပုံမှန်နွားနို့၊ ဒိန်ခဲနဲ့ ရေခဲမုန့်ကဲ့သို့ အဆီများသောအရာများကိုရှောင်ကြဉ်၍ အဆီထုတ်ထားသော နွားနို့၊ အဆီမပါသော ဒိန်ချဉ်နဲ့ အဆီပါဝင်မှုနည်းသော ဒိန်ခဲများကိုသာ ပြောင်းလဲစားသုံးပါ။
8. ဆရာဝန်နှင့်တိုင်ပင်၍ အဆင်ပြေလျှင် ညစာစားချိန်တွင် ဝိုင်တစ်ခွက်သောက်ပေးပါ
အရက်မသောက်တတ်ပါက စတင်သောက်သုံးရန်မလိုအပ်ပါ။ ဝိုင်းအစား ခရမ်းရောင်စပျစ်သီးဖျော်ရည်ကိုလည်း သောက်နိုင်ပါတယ်။
9. မိသားစု (သို့) သူငယ်ချင်းများနှင့် ထမင်းလက်ဆုံစားပါ။
Dr. Thinzar Wynn (www.drmyanmar.com)














