ရင်သားလှပဖို့ ဘရာ ရွေးချယ်စို့
" ဘော်လီဝတ်ထား ... ဘော်လီ မဝတ်ရင် ရင်ဘတ် ပြားသွားတတ်တယ် "
တကယ်တော့ လုံးဝဒိတ်အောက်နေတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ အပျိုဖော်ဝင်ချိန် ရင်သား စကြီးထွားချိန်မှာ ဘော်လီဝတ်တာက ရင်သားလှပဖို့ ဘာမှအထောက်အကူ မပေးပါဘူး။
အမျိုးသမီးငယ်လေးတွေ၊ ကြီးကောင်ဝင်ဆဲ အပျိုမလေးတွေ ရင်သားလေးတွေ စစူလာတဲ့အခါ ဘော်လီဝတ်ဖို့ ဘွားဘွား၊ အဒေါ်၊ မေမေတို့က ဆုံးမတတ်ကြပါတယ်။ အမှန်တကယ်က မဝတ်မှသာ ကော်လဂျင်နဲ့ အသားတက်နိုင်စွမ်း ဖွံဖြိုးကြီးထွားစွမ်းကို ပိုမိုအားပေးတာ ဖြစ်ပါတယ်။ ဒီတော့ အိမ်နေရင်းပဲဆို ဘော်လီနဲ့ ပိတ်လှောင်မထားဘဲ ရင်သားကို လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့် ပေးလိုက်ပါလား ... မငြိမ်းမောင်ရယ် ...။
>> အပြင်ထွက်မယ်ဆိုရင် မိမိရင်သားနဲ့ ကိုက်ညီတဲ့ ဘရာစီယာကို ဘယ်လိုရွေးချယ်မလဲ?
● ရင်သားတစ်သျှူး တစ်အုံလုံးက ဘရာစီယာခွက်ထဲကို လုံလုံလောက်လောက် ရောက်နေရပါမယ်။ အပေါ်တင်ရုံလေး ဖြစ်နေတာ၊ လျှံထွက်နေတာ၊ ခွက်ကကြီးပြီး ရင်ဘတ်က သေးနေတာတွေ ဖြစ်လို့မရဘူးနော်။ သေးသေးကြီးကြီး နေ့စဉ်ဝတ်ဖို့ဆိုရင် ကွက်တိလေး ရွေးချယ်ဝယ်ယူမှ ရင်သားကို အမှန်အကန် ထောက်ကူပေးတာ ဖြစ်ပါတယ်။
● ရင်သားကို အုပ်ထားမယ့်ခွက် သို့မဟုတ် အုံဟာ အလိုက်သင့်လေး အံကိုက် ဖြစ်နေမှာဖြစ်ပြီး ပခုံးကြိုးတွေနဲ့ ညှိနေရပြီဆိုရင် မမှန်သေးဘူးနော်။ ဝယ်တဲ့အခါ စိတ်ရှည်ပါစေ။
● ရင်သားအုံကို ဖုံးထားမယ့် ခွက်အုံဟာ ရင်ဘတ်ကို ဖိမထားရသလို သိပ်ကြပ်လွန်းရင်လည်း သွေးလည်ပတ်မှု မကောင်းတော့ဘူး။
● လမ်းလျှောက်တဲ့အခါ နိမ့်တုံမြင့်တုံလေး ဖြစ်နေတာက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့။ နိမ့်တုံမြင့်တုံ ဖြစ်နေတာက ရင်သားဟာ အုံအတွင်းမှာ ပြည့်ကျပ်မနေဘဲ လှုပ်ရှားနိုင်နေတာကို ပြသပါတယ်။
● ဘရာစီယာ အသားနဲ့ ကိုယ့်အသားအရေနဲ့ အဆင်ပြေ ညီညွတ်ပါစေ။ သိပ်ပျော့လွန်းတာ၊ မာလွန်းတာတွေက အရေပြားကို ထိခိုက်စေပါတယ်။
ရင်သားကို သဘာဝအတိုင်း အရွတ်တွေနဲ့ တွယ်ဆိုင်းကာ ခန္ဓာကိုယ်က ပံ့ပိုးထားပြီးသားပါ။
ငယ်ရွယ်စဉ်မှာ ရင်သားကို လွတ်လပ်စွာ ဖွံဖြိုးကြီးထွားခွင့် ပေးပေမယ့် အသက်ရလာတာနဲ့အမျှ ဘော်လီကောင်းကောင်းနဲ့ ပြန်လည်ထိန်းမတ်သင့်ပါပြီ။ ကမ်ဘာ့ဆွဲအားနဲ့ ရင်သားရဲ့ပျော့တွဲမှုနဲ့ ပေါင်းစပ်လိုက်ရင် ရင်သားဟာ ပိုမိုပျော့တွဲလာတတ်ပြန်ပါတယ်။
ကိုယ့်ရင်သားအရွယ်နဲ့ အချိုးမပြေတဲ့ ဘော်လီဝတ်တဲ့အခါ ဖိအားက ပခုံးပေါ်မှာ သက်ရောက်ပြီး ပခုံးနဲ့ ဂုတ်သားတွေ ကိုက်ခဲတာ ဖြစ်စေပါတယ်။
>> အိပ်ချိန်မှာ ဘရာ ဝတ်သင့်/ မဝတ်သင့်
မဝတ်လည်း အဆင်ပြေတယ်၊ ဝတ်ရင်လည်း ခွက်မပါဘဲ ပျော့ပြောင်း နူးညံ့တဲ့အသားနဲ့ ဘော်လီတွေ ရွေးချယ် ဝတ်ရပါပြီ။ လေဝင်လေထွက်ကောင်းတဲ့ ချောင်ချောင်ချိချိ ချည်သားဘော်လီတွေ ရွေးလို့ရပါတယ်။ ဒါပေမဲ့ မပါဘဲအိပ်တာ ပိုပြီးဇိမ်ရှိပြီး လွတ်လွတ်လပ်လပ် ရှိတယ်လေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















