လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုများကို လျစ်လျူရှုနေဆဲ လူ့အသိုင်းအ၀ိုင်း
အမျိုးသမီးတွေဟာ နေရာတိုင်းမှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခံရဖို့ ရာခိုင်နှုန်း သိပ်များပါသတဲ့။ လုပ်ငန်းခွင်မှာ ကုမ္ပဏီတွေမှာ ဒီလိုပြဿနာတွေကို ရှောင်နိုင်ဖို့ဆိုတာ ခက်တော့ခက်တယ်။ ဒါပေမဲ့ ကြိုးစားကြည့်ရမှာပဲ ဆိုသလိုပါပဲ။
လိင်ပို်င်းဆိုင်ရာ ထိခိုက်စော်ကားတယ်ဆိုတာ စကားအားဖြင့် အပြုအမူအားဖြင့် ကိုယ်နေဟန်ထားအားဖြင့် အမျိုးသမီးတွေကို စော်ကားတာ ဖြစ်ပါတယ်။ ဒီလိုပြောရတဲ့အခါ ဘာအဖြစ်အပျက်ကို အခြေပြုပြောရမလဲဆိုတာ သိပ်သိမ်မွေ့ပါတယ်။ စာရေးသူ ကြားဖူးတဲ့ စော်ကားမှုတွေကို အောက်မှာ ဖော်ပြထားပါတယ်။
● မစိုးက ဘတ်စ်ကားပေါ်က ဆင်းလိုက်တဲ့အခါ ကားပေါ်က အမျိုးသားက သူမလက်မောင်းလေးကို လှမ်းဆွဲလိုက်ပါတယ်။ သူမက ရုန်းထွက်ပြီး လှည့်ကြည့်လိုက်ချိန်မှာ ကားက မောင်းထွက်သွားပါပြီ။
● တောင်လာတက်တဲ့ ညီမလေးဟာ သိပ်လှတဲ့ရှုခင်းကြောင့် ဟိုဒီကြည့်နေပါတယ်။ တစ်ဖက် သမံတလင်းစွန်းမှာ ရပ်နေတဲ့ အမျိုးသားဟာ ပုဆိုးကို လှန်လိုက်ပြီး မဖွယ်မရာ လုပ်ပြပါတယ်။
● တင်တင်ဟာ ကလေးနှစ်ယောက်အမေပါ။ တစ်ဖက်အမျိုးသားက အလုပ်စားပွဲမှာ ထိုင်နေရင်း သူမရဲ့ ပခုံးကို အမြဲထိကိုင်လျက် ရှိပါတယ်။ အခွင့်သာတိုင်း သူမပခုံးကို ထိနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အပျိုဖြစ်လို့၊ အအိုဖြစ်လို့ စော်ကားခံထိုက်တယ်ဆိုတာမျိုး လူတွေ သိပ်ပြောလေ့ ရှိပါတယ်။
● တစ်ခုလပ်ပဲ ဖြစ်မှာပေါ့။
● မုဆိုးမလေ၊ သူ့ကို မလေးစားကြဘူး။
● တစ်လောကမှ ရည်းစားနဲ့ ကွဲထားတာ၊ ဒီတော့ ထိချင်တဲ့သူက အဆင်သင့်ပေါ့။ သူကလည်း နှစ်သိမ့်ခံချင်နေမှန်းမှ မသိတာ။
● အပျိုဆိုပေမယ့် အပျိုမစစ်ဘူးလေ၊ ထိလည်း အဲလောက် ဖြစ်မနေပါနဲ့။
● တစ်ယောက်တည်းနေတဲ့ အပျိုကြီးလေ၊ အရပ်က ဘယ်လေးစားမှာလဲ။
● ဝတ်ထားတာလည်း ကြည့်ဦး ... အကိုင်ခံရတာ မပြောနဲ့။
အပေါ်ကစာသားတွေဟာ အမျိုးသမီးတွေကို ထိခိုက်စော်ကားဖို့ အကြောင်းရှာတာ ဖြစ်ပါတယ်။ Victim blaming လို့ခေါ်ပြီး ခံရသူကို အပြစ်ရှာတဲ့ယဉ်ကျေးမှု ဒီမှာထွန်းကားနေပါပြီ။ အမျိုးသမီးတွေဟာ ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ခံရဖို့ ထိုက်တန်တဲ့သူတွေလား။
အောက်က အကြောင်းအရာလေးတွေ ဖတ်ကြည့်ပါဦး။
● သူက မိန်းမနဲ့ ကွဲနေတာ၊ သာယာမှု ရှာနေတာပါ။
● သူ့ရည်းစားနဲ့ အဆင်မပြေလို့ တခြားမိန်းကလေးကို ထိချင်၊ ကိုင်ချင်နေတာ။
ဒီမှာပြောစရာရှိတာက နှာဘူးဟာ နှာဘူးပါပဲ။ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ အမြဲစဉ်းစားနေပြီး ထိမယ် ကိုင်မယ်၊ တို့လိုက်၊ ဆိတ်လိုက်မယ် ဆိုတဲ့ သူတွေကိုတော့ လူ့အသိုင်းအဝိုင်းက တစ်ခါတလေ အံ့အားသင့်စရာ ကောင်းလောက်အောင် နားလည်ပေးနေပြီး Victim blaming လုပ်တတ်ကြပြန်ပါတယ်။ အမျိုးသမီးတွေရဲ့ ရပ်တည်မှုကို တန်ဖိုးထား၊ လေးစားဆက်ဆံမယ့် လူ့အသိုင်းအ၀ိုင်းတစ်ခုဆိုတာ ဘာလဲ?, ဘယ်လဲ? မေးရမယ့်အခြေအနေ ခေတ်ကာလတစ်ခုကို ရောက်နေပါပြီ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)
















