လေထိုးလေအောင့်၊ ဗိုက်ပြည့်ဗိုက်ကယ်၊ လေပွတဲ့အခါ
လေပွခြင်း၊ လေထိုးခြင်း၊ ဗိုက်ကယ်ခြင်း စတာတွေအားလုံးက လူတိုင်းနီးပါး ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပြသနာတွေပါ။ ခန္ဓာကိုယ်ထဲမှာ အစားအစာတွေကို စွမ်းအင်အဖြစ် ဖြိုခွဲလိုက်တဲ့အခါ ဓာတ်ငွေ့ (gas) တွေ ထွက်လာပါတယ်။ တစ်ခါတလေ လူကြားထဲမှာ လေတက်တာ လေလည်တာတွေက ရှက်စရာကောင်းနေတတ်ပါတယ်။ ဗိုက်ထဲမှာပြည့်ပြီး ကယ်သလိုကြီး ဖြစ်နေတာကလည်း တကယ်နေရခက်ပါတယ်။
လူအတော်များများကတော့ သူတို့ကိုယ်သူတို့ လေတွေ ခဏခဏတက်တယ် လေလည်တယ်လို့ ထင်ပေမယ့် လေတွေကတော့ ထင်သလောက် မထွက်သွားပါဘူး။ တကယ်တမ်းတော့ အစားအသောက် ပြောင်းစားမှပဲ လေထသက်သာပြီး နေလို့ကောင်းစေမှာပါ။
လေတက်တယ်ဆိုတာက အစာအိမ်ထဲသို့ အစာပြွန်ထဲကလေတွေက ပါးစပ်ကနေဖြတ်ပြီး ဂေ့ခနဲ အသံမြည်ပြီး ထွက်သွားတာပါ။ အစာစားပြီးတဲ့အခါမှာ လေတွေ မျိုချမိလို့ ၃-၄ ကြိမ်လောက် လေတက်တတ်ပါတယ်။ အာရုံကြောအကျင့်တစ်ခုခုကြောင့် (သို့) ရောဂါတစ်ခုခုကြောင့်လည်း လေတက်နိုင်ပါတယ်။ တချို့ ရိုးရာယဉ်ကျေးမှုတွေမှာကျတော့ အစားအသောက်ကောင်းကြောင်းကို ချီးကျူးဖို့အတွက် စားပြီးတဲ့အခါမှာ လေအကျယ်ကြီး တက်ပြတတ်ပါတယ်။
လူတိုင်းလေတက်၊ လေလည်တတ်ပေမယ့်လည်း တချို့လူတွေမှာ ပိုဆိုးပါတယ်။ တစ်နေ့ကို ၆-၂၀ ကြိမ်လောက် လေတက်တာက ပုံမှန်ပါပဲ။ ဒီလိုဖြစ်တာက လူကြားထဲမှာ ရှက်စရာဆိုပေမယ့်လည်း တခြားရောဂါတစ်ခုခုကြောင့် ဖြစ်တာတော့ ရှားပါတယ်။
>> လေပွ၊ ဗိုက်ကယ်တာတွေ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ -
● လေတွေ မျိုချမိတာ - မျိုချမိတဲ့လေတွေက လေတက်ပြီး ပြန်မထွက်သွားရင် ဒီလေတွေက အစာချေလမ်းကြောင်းတစ်လျှောက် ဖြတ်သွားပြီးတော့ စအိုကနေ လေလည်ပြီး ထွက်သွားပါတယ်။ လေတွေ မျိုချမိတာ အရမ်းများသွားရင်တော့ ကြို့ထိုးစေပါတယ်။
● အစားအစာနဲ့ အဖျော်ယမကာတွေ - ဘယ်အစားအစာကြောင့် လေ ဘယ်လောက်ထွက်တယ်ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
● Lactose ဓာတ်မတည့်ခြင်း - နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ lactose ကို တချို့လူတွေက အလွယ်တကူ မချေဖျက်နိုင်တဲ့အခါမှာ တခြားလက္ခဏာတွေနဲ့အတူ ဗိုက်ပွ၊ ဗိုက်ကယ် ဖြစ်စေပါတယ်။
● ဝမ်းချုပ်ခြင်း - ဝမ်းချုပ်တာက လေတော့ မထပေမယ့် ဗိုက်တော့ ကယ်စေပါတယ်။
● ဆေးနဲ့ အားဆေးတွေ ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဗိုက်ပွ၊ ဗိုက်ကယ် ဖြစ်စေပါတယ်။
● အူပိတ်ခြင်း၊ အူလမ်းကြောင်းရောဂါများ
● ဟော်မုန်းပမာဏပြောင်းလဲခြင်း - အမျိုးသမီးတွေမှာဆို ရာသီလာပြီးစ အချိန်တွေမှာ ဗိုက်ပွ၊ ဗိုက်ကယ် ဖြစ်တတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














