လေဖြတ်ခြင်း
ဦးနှောက်ကို သွေးထောက်ပံ့မှု ရုတ်တရက် ပြတ်တောက်သွားတဲ့အခါမှာ လေဖြတ်ခြင်း ဖြစ်စေပါတယ်။ ဒါက ဦးနှောက် အမြဲပျက်စီးသွားခြင်းကို ဖြစ်စေနိုင်တဲ့အတွက် တစ်စုံတစ်ယောက် လေဖြတ်တာကို တွေ့တယ်ဆိုရင် အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။ နာရီအနည်းငယ်အတွင်း ကုသမှု ခံယူနိုင်ခဲ့မယ်ဆိုရင် အမြဲပျက်စီးခြင်းကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သွေးထောက်ပံ့မှု ရုတ်တရက် ပြတ်တောက်သွားခြင်းက သွေးခဲပိတ်လို့ ဖြစ်နိုင်သလို၊ ဦးနှောက်ထဲမှာ သွေးထွက်နေလို့လည်း ဖြစ်နိုင်ပါတယ်။
>> လေဖြတ်နိုင်ခြေ များသူများ
အသက်ကြီးလာတာနဲ့အမျှ လေဖြတ်နိုင်ခြေလည်း ပိုများလာပါတယ်။ အသက် 75 နှစ်နဲ့အထက် လူကြီး 10 ယောက်မှာ 1 ယောက်က လေဖြတ်ခြင်း ခံစားရတယ်လို့ တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း အသက်ငယ်သူတွေနဲ့ ရှားပါပေမယ့်လည်း ကလေးတွေမှာလည်း လေဖြတ်နိုင်ပါတယ်။ လေဖြတ်ခြင်းရဲ့ 80% လောက်က ကာကွယ်လို့ရတဲ့အတွက် ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး လေဖြတ်နိုင်ခြေ လျော့နည်းစေဖို့အတွက် ဘာတွေလုပ်ရမလဲ မေးမြန်းပါ။
>> လေဖြတ်ခြင်းကို ဖြစ်နိုင်ခြေများစေသော အချက်များ
● သွေးတိုးခြင်း
● သွေးတွင်းအဆီဓာတ် များခြင်း
● ဆီးချို
● ဆေးလိပ်သောက်ခြင်း
● အရက် အလွန်အကျွံ သောက်သုံးခြင်း
● အဝလွန်ခြင်း
● နှလုံး အဆမတန်ခုန်ခြင်း
● ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
● မိသားစုထဲတွင် ရောဂါရာဇဝင်ရှိခြင်း
● အသက်ကြီးသူများ
>> လေဖြတ်ခြင်း၏ လက္ခဏာများ
လေဖြတ်ခြင်းရဲ့ လက္ခဏာတွေမှာ ရုတ််တရက် ခန္ဓာကိုယ် ထုံကျဉ်ခြင်း၊ အားနည်းခြင်း (အထူးသဖြင့် ခန္ဓာကိုယ်တစ်ခြမ်း) ဖြစ်ပါတယ်။ အောက်ပါအချက်တွေလည်း ပါဝင်နိုင်ပါတယ်။
● ရုတ်တရက် စိတ်ရှုပ်ထွေးလာခြင်း (သို့) စကားပြောရ ခက်လာခြင်း
● ရုတ်တရက် ပြဿနာများ ဖြစ်လာခြင်း
● ရုတ်တရက် မူးဝေလာခြင်း
● ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း (သို့) မလှုပ်ရှားနိုင်ခြင်း (မျက်နှာ၊ လက်၊ ခြေထောက်)
● ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း (သို့) လမ်းလျှောက်ရ ခက်လာခြင်း
● အကြောင်းမရှိဘဲ ရုတ်တရက် ခေါင်းအလွန်အမင်းကိုက်ခြင်း
တစ်စုံတစ်ယောက် လေဖြတ်နေတယ်လို့ထင်ရင် အရေးပေါ်ကား ချက်ချင်းခေါ်ပါ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းပို့ပါ။
>> ရောဂါအမည် သတ်မှတ်ခြင်း
ဆရာဝန်က လိုအပ်တဲ့မေးခွန်းတွေနဲ့အတူ စစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။
● သွေးစစ်ဆေးခြင်း - Full Blood Count, Electrolytes, ကျောက်ကပ် လုပ်ဆောင်ချက်များ စစ်ဆေးခြင်း၊ သွေးတွင်း အဆီဓာတ်၊ သွေးတွင်း သကြားဓာတ်
● နှလုံးခုန်တဲ့စည်းချက်ကို စစ်ဆေးဖို့အတွက် ECG ဆွဲခြင်း
● ဦးခေါင်း ကွွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT)
● အချို့လူနာတွေမှာ အထူးစစ်ချက်တွေ ထပ်ပြီးစစ်ဆေးဖို့ လိုပါတယ်။ (Angiography, ရင်ဘတ်ဓာတ်မှန်, သွေးကြောများကိုစကန်ဖတ်ခြင်း စသည်)
>> မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း
ကိုယ်က လေဖြတ်နိုင်ခြေ များလျှင် (သို့) လေဖြတ်ဖူးလျှင် လေဖြတ်နိုင်ခြေကို လျော့ကျစေဖို့အတွက် ဘာတွေလုပ်ဖို့ လိုသလဲဆိုတာ ဆရာဝန်ကို သေချာမေးမြန်းပါ။
အဓိကအချက်တွေကတော့ -
● သွေးတိုး၊ သွေးတွင်း အဆီဓာတ် များခြင်း စတဲ့ နှလုံးသွေးကြောဆိုင်ရာ ဖြစ်နိုင်ခြေတွေကို လျှော့ချခြင်း
● ဆေးလိပ်ဖြတ်ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မရှူမိအောင် ရှောင်ကြဉ်ခြင်း
● ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင ထိန်းထားခြင်း (သို့) အဝလွန်နေပါက ဝိတ်လျှော့ခြင်း
● ကိုယ်လက်လှုပ်ရှားမှု များများလုပ်ခြင်း
● ဆားလျှော့စားခြင်း ( အစားအစာ တော်တော်များများက ဆား ပါဝင်ကြပါတယ်)
● စိတ်ဖိစီးမှုကို လျှော့ချခြင်း
● စိုးရိမ်ပူပန်မှု (သို့) စိတ်ကျခြင်းများကို ထိန်းချုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ရိုးရှင်းတဲ့နည်းလမ်းလေးတွေနဲ့ မထိန်းချုပ်နိုင်ဘူးဆိုရင် အကူအညီရယူပါ။
>> လေဖြတ်ခြင်းအတွက် ကုထုံး
လေဖြတ်ခြင်းအတွက် ကုထုံးတွေက လွန်ခဲ့တဲ့ 5 နှစ်၊ 10 နှစ်လောက်ထက်စာရင် အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ လေဖြတ်ခြင်း အတော်များများမှာဆိုရင် စောစောကုသနိုင်ခြင်းကြောင့် လုံးဝပြန်ကောင်းသွားနိုင်ပါတယ်။
လေဖြတ်ပြီး ပထမရက် အနည်းငယ်အတွင်းမှာ ခံစားရတဲ့လက္ခဏာတွေက အမြဲရှိနေမှာ မဟုတ်ပါဘူး။ ရောဂါလက္ခဏာတွေ ပြန်ကောင်းလာမယ်ဆိုရင် ပထမနှစ်လအတွင်းမှာ ပြန်ကောင်းလာလေ့ ရှိပါတယ်။
လေဖြတ်ခြင်းမှာ စောစောကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။
အချိန်တိုင်းက ဦးနှောက်အတွက် အရေးကြီးပါတယ်။ ဦးနှောက်ကို အောက်ဆီဂျင်မရတဲ့ မိနစ်ကြာလေ ပျက်စီးမှု ပိုများလေ ဖြစ်ပါတယ်။ လေဖြတ်ပြီး နာရီအနည်းငယ်အတွင်း ကုသမှု ခံယူနိုင်ပါက ဦးနှောက်ဆဲလ်တွေကို ပိုပြီးကယ်ဆယ်နိုင်ပါလိမ့်မယ်။ လေဖြတ်ခြင်းအတွက် ကုထုံးတွေမှာဆိုရင် ဆေးဝါးများ၊ ပြန်လည်ထူထောင်ခြင်းအတွက် လေ့ကျင့်ခန်းများ လုပ်ခြင်းနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။
စဖြစ်ကာစ အချိန်မှာဆိုရင် -
● သွေးခဲခြင်းကြောင့် လေဖြတ်တယ်ဆိုရင် သွေးခဲပျော်ဆေးဖို့အတွက် အကြောထဲကို ဆေးသွင်း ကုသခြင်း
● ဦးနှောက်ထဲမှာ သွေးထွက်လို့ လေဖြတ်တာဆိုရင် နောက်ထပ် သွေးထပ်မထွက်တော့အောင် (သို့) ဦးနှောက် ရောင်ခြင်းကို ကုသဖို့အတွက် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုပါတယ်။
ပြန်လည်ထူထောင်လာချိန်တွင် -
● သွေးတိုးကျစေဖို့နဲ့ သွေးတွင်းကိုလက်စရောဓာတ် ကျစေဖို့အတွက် သောက်ဆေးများ
● လေဖြတ်ခြင်း အမျိုးအစားနဲ့ ထိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ် မူတည်ပြီး လေ့ကျင့်ခန်းမျိုးစုံကို ရက်သတ္တပတ်မှ လအတော်ကြာအောင် ပြုလုပ်ဖို့ လိုပါတယ်။
● ပြန်လည်ထူထောင်ဖို့အတွက် လေ့ကျင့်ခန်းတွေမှာဆိုရင် စကားပြောခြင်း၊ ဘာသာစကား ကုထုံးတွေကနေပြီးတော့ ကိုယ်ခန္ဓာကုထုံးများနဲ့ အလုပ်ပြန်လည်လုပ်နိုင်တဲ့အထိ ပါဝင်ပါတယ်။
● နေထိုင်မှုှုပုံစံ အပြောင်းအလဲတွေမှာတော့ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုများကို ကောင်းမွန်စွာ ထိန်းချုပ်ခြင်းတို့ စသည်ဖြင့် များစွာပါဝင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















