/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေလည်တာအနံ့ဆိုးလို့-စိတ်ညစ်နေကြသလား

လေလည်တာအနံ့ဆိုးလို့ စိတ်ညစ်နေကြသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လေလည်တယ်ဆိုတာ အစာချေရာကနေထွက်လာတဲ့ ဓာတ်ငွေ့တွေ၊ အစာစားတဲ့အခါ မျိုချမိလိုက်တဲ့ လေထုထဲက ဓာတ်ငွေ့တွေ အူလမ်းကြောင်းထဲမှာ စုပုံလာလို့ဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဓာတ်ငွေ့အများစုဟာ အနံ့မနံပါဘူး။ အနံ့နံစေတဲ့ဓာတ်ငွေ့ကတော့ Sulfur ပါ။ ဘာဓာတ်ငွေ့တွေ စုနေသလဲဆိုတာကတော့ ကိုယ်စားလိုက်တဲ့ အစားအစာ၊ အစားစာရင်းမျိုချမိတဲ့ လေထုထဲက ဓာတ်ငွေ့ပမာဏနဲ့ အူထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေရဲ့ ဓာတုဓာတ်ပြုမှုအပေါ် မူတည်နေပါတယ်။ တချို့လေလည်တာတွေက တိုးတိုးတိတ်တိတ်နဲ့ အနံ့မနံဘဲပြီးသွားပေမယ့် တချို့တွေကတော့ အသံကျယ်ပြီး အနံ့နံတတ်ပါတယ်။

>>  လေလည်တာ အနံ့ဆိုးရတဲ့ အကြောင်းရင်းများ
အများစုကတော့ အစားအသောက်နဲ့ ဆေးဝါးတွေကြောင့်ဖြစ်ပြီး အနည်းစုကသာ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
●  အစားအစာတွေကို မချေဖျက်နိုင်ခြင်း
အဖြစ်အများဆုံး အကြောင်းရင်းပါ။ အများစုက အစားအစာမှာပါတဲ့ Lactose နဲ့ Gluten ကို မချေဖျက်နိုင်လို့ ဖြစ်ရတာပါ။ အစာကို ကောင်းကောင်းမချေဖျက်နိုင်တော့ ဓာတ်ငွေ့တွေ အူလမ်းကြောင်းထဲမှာ စုပုံလာပြီး လေလည်တဲ့အခါ နံရတာပါ။ နောက်တစ်ခုက Celiac disease လို့ခေါ်တဲ့ အူနံရံတွေမှာ အနာဖြစ်တဲ့ ရောဂါတစ်ခုပါ။ Gluten ကို မချေဖျက်နိုင်လို့ လေလည်ရင် အနံ့နံရတာပါ။ ဒါ့အပြင် လေပွခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းလျှောခြင်းနဲ့ နှုန်းခြင်းစတဲ့ လက္ခဏာတွေလည်း ရှိတတ်ပါတယ်။

●  အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားခြင်း
အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ အစာချေဖျက်ဖို့ မလွယ်ကူပါဘူး။ အစာချေတာနှေးလို့ အူလမ်းကြောင်းထဲမှာပဲ အချဉ်ပေါက်ပြီး အနံ့နံတဲ့ဓာတ်ငွေ့တွေ စုလာရတာပါ။ တချို့သောအမျှင်ဓာတ်များတဲ့ အစားအစာတွေက တခြားအစားအစာတွေထက် Sulfur ပိုပါဝင်ပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ကြက်သွန်ဖြူ စတဲ့ ပင်ကိုယ်အနံ့ပြင်းတဲ့ အစားအစာတွေစားမိရင်လည်း လေလည်ရင် အနံ့နံတတ်ပါတယ်။

●  ဆေးဝါးများ
တချို့သောဆေးတွေကို ချေဖျက်တဲ့အခါမှာ ဓာတ်ငွေ့တွေ ထွက်လာပါတယ်။ ပိုးသတ်ဆေးတွေဟာ အူလမ်းကြောင်းမှာရှိနေတဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို သတ်လိုက်သလို ဖြစ်တာကြောင့် အူလမ်းကြောင်းထဲမှာ ဘတ်တီးရီးယားတွေရဲ့ဓာတ်ပြုမှုပြောင်းသွားပြီး အနံ့နံတဲ့ဓာတ်ငွေ့တွေ ထွက်လာတာပါ။

●  ဝမ်းချုပ်ခြင်း
အူမကြီးနဲ့ အစာဟောင်းအိမ်မှာ ဝမ်းတွေစုနေတော့ နံတဲ့ဓာတ်ငွေ့တွေလည်း စုသလိုဖြစ်နေပါတယ်။ ဒါကြောင့် လေလည်တဲ့အခါ အနံ့နံရတာပါ။

●  ဘက်တီးရီးယားပိုးများနှင့် ရောဂါပိုးများ
အစာအိမ်နဲ့အူလမ်းကြောင်းထဲကို ရောဂါပိုးဝင်လာတဲ့အခါ ပုံမှန်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ နည်းသွားပြီး မကောင်းတဲ့ဘက်တီးရီးယားတွေ များလာလို့ ဓာတုဓာတ်ပြုမှုတွေ ပြောင်းသွားပါတယ်။ ဒီလိုရောဂါပိုးဝင်ရင်တော့ လေလည်တာနံတဲ့အပြင် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ နှုန်းခြင်းစတာတွေလည်း ဖြစ်တတ်ပါတယ်။

●  အူမကြီးကင်ဆာ
အူမကြီးမှာရှိနေတဲ့ ကင်ဆာအလုံးအကျိတ်ဟာ ဝမ်းသွားဖို့အပေါက်ကို ပိတ်ထားသလိုဖြစ်လို့ အူလမ်းကြောင်းထဲမှာ ဝမ်းတွေစုပုံလာပြီး အနံ့နံရတာပါ။

>>  လေလည်ရင် အနံ့မနံအောင် ဘာတွေလုပ်ကြမလဲ?
ရှေ့မှာပြောခဲ့တဲ့ အစားအစာတွေကို လျှော့စားပါ။ စားသောက်မှုပုံစံကိုပြောင်းပါ။ အစာချေရလွယ်အောင် နည်းနည်းနဲ့ ဖြည်းဖြည်းစားပါ။ ရေများများသောက်ပါ။ Gas ပါတဲ့အချိုရည် ရှောင်ပါ။ ဒိန်ချဉ်စတဲ့ Probiotics ပါဝင်တဲ့အစားအသောက်တွေကို လျှော့စားပါ။
မိမိဘာသာ ဝယ်သောက်နေတဲ့ဆေးကြောင့်ဖြစ်တယ်ဆိုရင် ဆေးသောက်တာကို ရပ်လိုက်ပါ။ ဆရာဝန်ညွှန်ကြားလို့ သောက်နေရတဲ့ဆေးဆိုရင်တော့ ဒီလိုလေလည်ရင် အနံ့နံတာက မိမိအတွက် ပြဿနာဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြောင်းသောက်ဖို့ ဆွေးနွေးပါ။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
လေလည်တာနံတဲ့အပြင် တခြားလက္ခဏာတွေရှိခဲ့ရင်၊ ဆေးပြောင်းသောက်ပေမယ့် မသက်သာရင်၊ စားသောက်မှုပုံစံ ပြောင်းပေမယ့် မသက်သာတာတွေ ရှိလာခဲ့ရင်တော့ လေလည်တာ နံရတဲ့အကြောင်းရင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာကို ပြနေပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)