/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းသွားတဲ့အခါ-ဘာကြောင့်အချွဲတွေပါရသလဲ

ဝမ်းသွားတဲ့အခါ ဘာကြောင့်အချွဲတွေပါရသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ၀မ်းထဲကအချွဲဆိုတာ ဂျယ်လီလိုမျိုးအရည်ပျစ်ပျစ်ကို ပြောတာပါ။ ၀မ်းနဲ့အတူ အချွဲတွေရောပါလာခြင်း က ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျန်းမာနေတဲ့သူတစ်ယောက်ရဲ့ ၀မ်းထဲမှာပါလာတဲ့အချွဲတွေက အရောင်မရှိတဲ့ အတွက် သတိမထားမိဘဲနေနိုင်ပါတယ်။ ဒါပေမယ့် ၀မ်းထဲမှာ အချွဲတွေသိသိသာသာများများ ပါလာခြင်းကတော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

        တစ်ခါတစ်လေမှာ အအေးမိ၊ တုတ်ကွေးရောဂါတွေကြောင့် ချွဲထွက်များပေမယ့် ဒီချွဲတွေက အသက်ရှူလမ်းကြောင်းနဲ့ပဲ သက်ဆိုင်ပြီးတော့ ၀မ်းထဲမှာတော့မပါလာတတ်ပါဘူး။

ပုံမှန်မဟုတ်သော ဝမ်းထဲအချွဲပါခြင်း

ရောဂါလက္ခဏာများ

        ၀မ်းထဲမှာ အချွဲတွေအများကြီးပါလာခြင်းက ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အခြားရောဂါလက္ခဏာတွေနဲ့ တွဲပြီးဖြစ်လေ့ရှိပါတယ်။

- ဝမ်းထဲတွင် သွေး (သို့) ပြည်များပါခြင်း

- ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်ခြင်း

- ဝမ်းသွားသောအလေ့အထပြောင်းလဲခြင်း

ဝမ်းသွားလျှင်အချွဲပါစေသောအကြောင်းအရင်းများ

         အူထဲမှာရှိတဲ့ အချွဲလွှာရှိပါတယ်။ ဒီအချွဲလွှာက အစာအကြွင်းအကျန်တွေနဲ့ အူထဲမှာရှိတဲ့ရောဂါပိုးတွေကို အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ မထိတွေ့အောင်ကာကွယ်ပေးထားပါတယ်။ ရောင်ရမ်းခြင်းတစ်ခုခုကြောင့် ဒီအလွှာပျက်စီးသွားရင် ဝမ်းသွားတဲ့အခါ အချွဲတွေပါလာစေတဲ့အပြင် အူမကြီးထဲမှာရှိတဲ့ ရောဂါပိုးတွေက ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကို အလွယ်တကူပြန့်နှံ့စေနိုင်တဲ့အတွက် နေမကောင်းဖြစ်နိုင်ချေပိုများပါတယ်။

        ရေဓာတ်ခမ်းခြောက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေကြောင့် အချွဲတွေအများကြီး ထွက်စေပါတယ်။ ရောဂါ လက္ခဏာတွေက ဆေးသောက်ရင် (သို့) သူ့အလိုလိုပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။

အောက်ပါ အစာအိမ်နဲ့အူလမ်းကြောင်းရောင်ရမ်းတဲ့ အခြေအနေတွေကြောင့်လည်း အချွဲများများထွက်စေပါတယ်။

1. Crohn’s disease (အူသိမ်နှောင်းပိုင်းရောင်ခြင်း - ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း)

2. Cystic firbosis

3. Ulcerative colitis (အူတွင် အနာပေါက်ပြီးရောင်ရမ်းခြင်း)

4. အူရောင်ရောဂါလက္ခဏာစု

5. အူထဲတွင် ကပ်ပါးပိုး (သို့) ရောဂါပိုးတစ်မျိုးမျိုးဝင်ရောက်ခြင်း

6. ပုံမှန်အစာစုပ်ယူခြင်းမပြုနိုင်သောရောဂါလက္ခဏာစု ( ဥပမာ - နို့နှင့် ဓာတ်မတဲ့ခြင်း)

7. စအိုကွဲခြင်း

8. အူမကြီးကင်ဆာ

ရောဂါရှာဖွေဖော်ထုတ်ခြင်း

နောက်ခံရောဂါကို ရှာဖွေဖော်ထုတ်ပြီးကုသမှုခံယူရပါမယ်။

- သွေးစစ်ခြင်း

- ဝမ်းစစ်ခြင်း

- ဆီးစစ်ခြင်း

- အူကိုမှန်ပြောင်းဖြင့်ကြည့်ခြင်း

- အစာအိမ်မှန်ပြောင်းကြည့်ခြင်း

- ဓာတ်မှန်/ သံလိုက်ဓာတ်မှန်/ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း

အချို့မှာ ရောဂါကို အလွယ်တကူရှာတွေ့သော်လည်း အချို့မှာတော့ အကြိမ်ကြိမ်အခါခါ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ရောဂါတွေ့လေ့ရှိပါတယ်။

ကုထုံးများ

1. အရည်များများသောက်ပါ။

2. ခန္ဓာကိုယ်ကိုအကျိုးပြုသော ဘက်တီးရီးယားပိုးပါဝင်သော အစားအစာများနှင့် ဖြည့်စွက်စာများ စားပါ။

3. အက်ဆစ်ပါဝင်မှုနည်းပြီး မစပ်သော ရောင်ရမ်းခြင်းမဖြစ်စေသည့် အစားအစာများစားပါ။

4. အမျှင်ဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ်များ မျှတစွာစားသုံးပါ။

နာတာရှည်ရောဂါရှိသူများအတွက် ဆရာဝန်ညွှန်ကြားသောဆေးနဲ့ ကုထုံးတွေကို သေချာလိုက်နာဖို့လိုအပ်ပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com