သံပရာရည် အသောက်များတဲ့အခါ
ရေကို ရိုးရိုးသောက်မယ့်အစား သံပရာစိတ်ကလေး ထည့်သောက်တာဟာ ပိုအရသာရှိစေပြီး စိတ်ကိုလန်းဆန်းစေတာမို့ တစ်နေ့တာသောက်ရမယ့် ရေပမာဏကို ပြည့်အောင်သောက်မိစေနိုင်ပါတယ်။ သံပရာရည်ဟာ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတယ်၊ အစာခြေစနစ်ကို အားပေးတယ်၊ ကိုယ်အလေးချိန်ကို ကျစေတယ် စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။
ဒါပေမဲ့လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပါပဲနော်။
အောက်မှာ ပုံမှန်သောက်ရမှာထက် သံပရာရည်ကို အလွန်အကျွံသောက်မိတဲ့အခါ ဖြစ်လာနိုင်တဲ့ အချက် ၆ ချက်ကို ပြောပြပေးသွားပါမယ်။
(၁) သွားတွေကို ပျက်စီးစေနိုင်ပါတယ်။
ရေထဲ သံပရာသီးလေး နေ့တိုင်းညှစ်ညှစ်သောက်နေတာဟာ ဘာမှမဖြစ်ဘူးထင်ရပေမယ့် သွားရဲ့ကြွေလွှာတွေကိုတော့ ထိခိုက်နိုင်ပါတယ်နော်။ သံပရာသီးရဲ့ အက်ဆစ်ဓာတ်ပြင်းပြင်းကြောင့်ပါ။ ကြွေလွှာထိတယ်ဆိုတာ ဘယ်လိုလဲမသိရင် သွားဝါဝါကြီးနဲ့ လျှာနဲ့တိုက်လိုက်မိရင် ကြမ်းကြမ်းကြီး ဖြစ်နေတာကိုသာ မြင်ယောင်ကြည့်လိုက်ပါ။ အကယ်၍ သံပရာရည်လည်း မဖြတ်နိုင်ဘူးဆိုရင် သွားကို ထိခိုက်မှုနည်းအောင် ပိုက်ကလေးနဲ့ စုပ်သောက်ကြည့်ပါ။
(၂) အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။
ဘယ်ဟာပဲဖြစ်ဖြစ် အလွန်အကျွံဆို မကောင်းပါဘူးနော်။ သံပရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် အများကြီးသောက်မိရင် အစာအိမ်အနာကို ပိုဆိုးစေတာ၊ အစာအိမ်အချဉ်ဓာတ် ပြန်ဆန်တက်တာတွေ ဖြစ်စေနိုင်ပါတယ်။ အစာအိမ်အက်ဆစ်ဓာတ် ပြန်ဆန်တက်တာဟာ အချဉ်ဓာတ် အလွန်များရင်ဖြစ်တတ်ပြီး ရင်ပူတာ၊ ပျို့အန်တာတွေ ဖြစ်စေတတ်ပါတယ်။
(၃) သံပရာခွံဟာ ရောဂါပိုးတွေကို ဖိတ်ခေါ်တတ်ပါတယ်။
၂၀၁၇ မှာ ပတ်ဝန်းကျင်ကျန်းမာရေးဂျာနယ်က လေ့လာသူတွေဟာ စားသောက်ဆိုင် ၂၁ ဆိုင်က သံပရာခွံတွေကို လေ့လာကြည့်ရာမှာ ၇၀% လောက်မှာ ဝမ်းကိုက်ပိုး E.coli ကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကိုရှောင်ရှားဖို့ သံပရာသီးအစိတ်လိုက်ထည့်တာထက် ညှစ်ပြီးထည့်သောက်တာ ပိုကောင်းပါတယ်နော်။
(၄) သံပရာအချိုရည်တွေကြောင့် သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။
ကလေးဘဝမှာတုန်းက အချိုတွေစားရင် သွားပိုးပေါက်ဖြစ်မယ်လို့ မကြာ မကြာ အဆူခံရဖူးကြမှာပေါ့။ သွားပိုးပေါက်ဆိုတာ ဘက်တီးရီးယားတွေက အချိုကိုဖြိုခွဲပြီး အက်ဆစ်ဓာတ်တွေ ထုတ်တာကြောင့်ဖြစ်တာပါ။ သံပရာသီးကို ဒီတိုင်းညှစ်သောက်တာက ပြဿနာမရှိပေမယ့် သံပရာအချိုရည်သောက်တာများရင်တော့ သွားပိုးပေါက်တွေ ဖြစ်မှာပါပဲ။
(၅) ပါးစပ်အပူနာကို ပိုဆိုးစေနိုင်ပါတယ်။
ပါးစပ်မှာ အပူနာပေါက်တာလောက် အနေရခက်တာ မရှိပါဘူး။ ဒီအပူနာတွေဟာ ၁ ပတ်၊ ၂ ပတ် လောက်မှာတင် သူ့ဟာသူ ပျောက်သွားတတ်ပေမယ့် ဒီအချိန်တွင်းမှာတင် တစ်ကမ္ဘာလောက် ထင်ရတတ်ပါတယ်။ ဒီလိုအနာပေါက်နေချိန် သံပရာရည်သောက်တာဟာ မသိလိုက် မသိဘာသာနဲ့ ပိုဆိုးအောင် လုပ်နေမိသလို ဖြစ်တတ်ပါတယ်။
(၆) ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေတတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ပိုဆိုးစေတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။ ဒီထဲမှာ အချဉ်သီးတွေလည်း ပါတာပေါ့။ အသေအချာ သက်သေမပြနိုင်သေးပေမယ့် တစ်ချို့လေ့လာမှုတွေမှာတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ အချဉ်သီးတွေရဲ့ဆက်စပ်မှုကို ဖော်ပြထားတာ တွေ့ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














