/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွက်သွက်လမ်းလျှောက်လေ-အသက်ရှည်လေတဲ့

သွက်သွက်လမ်းလျှောက်လေ အသက်ရှည်လေတဲ့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        မြန်မြန် ထက်ထက် သွက်သွက်ကလေး လျှောက်တာက သင့်ကို နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို လျော့နည်းစေပါသတဲ့။ အသက်ရလာလေ လူတွေဟာ ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေ နှလုံးသွေးကြောကျဉ်းရောဂါတွေ ရရှိလာဖို့ အန္တရာယ်များလာလေပါပဲ။ ကံကောင်းတာ အသက် ၆၀ ကျော် လမ်းမြန်မြန်လျှောက်တတ်သူတွေ ဘိုးဘွားတွေဟာ နှလုံးရောဂါရနိုင်ခြေ နည်းသွားပြီး အသက်ရှည်ရှည် နေကြပါသတဲ့။

          အင်္ဂလန်နိုင်ငံက ပြုလုပ်တဲ့ သုတေသနတစ်ခုအရ လမ်းမြန်မြန်လျှောက်သူတွေဟာ နောက်လာမယ့် ၁၅ နှစ်အတွင်း နှလုံးသွေးကြောပိတ်ပြီး သေဆုံးနိုင်စွမ်းကို ၂၀ ရာခိုင်နှုန်းထိ လျော့နည်းစေပါတယ်တဲ့။

          ၁၉၉၄ ကနေ ၂၀၀၈ အထိ လုပ်ခဲ့တဲ့ သုတေသနတွေအရ ငါးနှစ်အတွင်း သေဆုံးဖို့ အလားအလာ အလွန်နည်းသွားတာကို တွေ့ခဲ့ရပါတယ်။

          မြန်မြန်လျှောက်တယ်ဆိုတာ တစ်နာရီကို ၇ ကီလိုမီတာနှုန်းထိ လျှောက်တာပါ။ လျှောက်နေကျထက် နည်းနည်း ပိုသွက်လိုက်ရင်ကို လုံလောက်ပါပြီ။

          သွက်သွက်နဲ့ ၂၅ မိနစ်ခန့် လျှောက်လိုက်တာဟာ နှေးနှေးနဲ့ တစ်နာရီ လျှောက်တာထက် သာလွန်ထိရောက် ကောင်းမွန်ပါတယ်။

●        ဆင်မယဉ်သာ လျှောက်မလား?

●        သမင်လေးတွေလို သွက်သွက်လျှောက်ကြမလား?

          သွက်သွက်လျှောက်တဲ့အခါ နည်းနည်းလေး မောလာပြီး အသက်ရှူမြန်လာတာ၊ ချွေးလေးစို့လာတာလေး ရှိမယ်ဆိုရင် အကျိုးရလဒ် စရှိလာပါပြီ။

          ပျင်းတွဲတွဲ လေးကန်ကန်လျှောက်မယ်၊ စိတ်မပါလက်မပါနဲ့ လျှောက်မယ်၊ လျှောက်ရင်း စိတ်မောစရာတွေ တွေးနေမိမယ်။ ဒီလိုလျှောက်မယ့်အစား ခပ်သွက်သွက် အားမာန်အပြည့်နဲ့ ရှုခင်းလေးကြည့် လေတစ်ဝရှုရင်း စိတ်အေးလက်အေး လျှောက်ကြည့်တာက အင်မတန် ထူးကဲတဲ့ အရသာနဲ့ အသက်ရှည်ခြင်းကို ပေးစွမ်းနိုင်နေမှာပါ။

          ဟားဗတ်တက္ကသိုလ်က ပြုလုပ်တဲ့ နောက်ထပ် သုတေသနတစ်ခုမှာတော့ အသက်ရှည် ကျန်းမာစေမယ့် ထိပ်တန်း အမူအကျင့်ငါးခုကို တင်ပြထားပါတယ်။ ဒီအမူအကျင့်ငါးခုဟာ တကယ်တော့ လူတိုင်းလုပ်နိုင်တဲ့ ရိုးရှင်းတဲ့အရာလေးတွေသာ ဖြစ်ပါတယ်။

●        ဆေးလိပ်ဖြတ်မယ်

●        ဝိတ်လျှော့မယ်

●        နေ့စဉ် နာရီဝက် လမ်းလျှောက်မယ်

●        အရက်ဖြတ်မယ်

●        အနီရောင်အသားတွေ၊ သကြားနဲ့ အချိုကဲတာတွေ မစားတာတွေ ပါဝင်ပါတယ်။

          တစ်ရက်ကို နာရီဝက် လမ်းလျှောက်တဲ့အခါ နည်းနည်းလေး အာရုံစိုက်ပြီး ခပ်သွက်သွက်လေး ချွေးလေးစို့သွားအောင် လျှောက်ကြည့်လိုက်ရင်း လူ့ဘဝသက်တမ်းကို တိုးမြှင့်ကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)