/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ကင်ဆာအကြောင်း-သိကောင်းစရာ-0

အဆုတ်ကင်ဆာအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  အဆုတ်ကင်ဆာရောဂါ ကြိုတင်ရှာဖွေခြင်းဟာ ဘာကြောင့်အရေးကြီးသလဲ?
တစ်နှစ်တစ်နှစ်မှာ အဆုတ်ကင်ဆာနဲ့ သေဆုံးခြင်းဟာ ပိုပိုများလာပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ ရှိ၊ မရှိ ကြိုတင်ရှာဖွေခြင်းဖြင့် အဆုတ်ကင်ဆာကို ရောဂါနုစဉ် စောစောသိ၊ စောစောကု၊ သေဆုံးနှုန်းကို လျှော့ချနိုင်ပါတယ်။ စောစောသိတဲ့အခါ ပိုမိုအကျိုးရှိရှိ ကုသနိုင်ပြီးတော့ အသက်ရှင်နိုင်နှုန်းကို ပိုများစေနိုင်ပါတယ်။

>>  ဘယ်သူတွေကို စစ်ဆေးကြည့်ရမလဲ?
အသက် ၅၅ နှစ်အထက် ဆေးလိပ်သက် အနှစ် ၃၀ ရှိသူ (ဆေးလိပ်သက် = ဆေးလိပ်တစ်နေ့သောက်တဲ့ ဘူးအရေအတွက် x သောက်တဲ့နှစ်ပေါင်း၊ ဥပမာအားဖြင့် ဆေးလိပ်သက်အနှစ် ၃၀ ဆိုတာ ဆေးလိပ် တစ်နေ့ကို တစ်ဘူးသောက်တာ အနှစ် ၃၀ ဒါမှမဟုတ် ဆေးလိပ် တစ်နေ့ကို နှစ်ဘူးသောက်တာ ၁၅ နှစ်လို့ ဆိုလိုပါတယ်။) တွေမှာ အဆုတ်ကင်ဆာ ရှာဖွေဖို့လိုပါတယ်။ တစ်နှစ်တစ်ခါ စစ်ဆေးကြည့်ပြီးတော့ ပုံမမှန်တာကို ဆက်လက်ရှာဖွေဖို့ လိုပါတယ်။

>>  ဒီလိုရောဂါရှာဖွေတာကို ဘယ်လိုစလုပ်ရမလဲ?
အပေါ်မှာပြောခဲ့သလို အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများသူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်က ဖြစ်နိုင်ခြေကို တွက်ချက်ပြီး မေးမြန်းတာတွေကို ဖြေကြားပေးပါလိမ့်မယ်။

>>  ရောဂါကြိုတင်ရှာဖွေမှုဟာ ဘယ်လောက်ထိ စိတ်ချရသလဲ?
ဓာတ်ရောင်ခြည်ပမာဏနည်းတဲ့ CT ကွန်ပျူတာဓာတ်မှန်ဟာ စိတ်ချရပြီး အကျိုးရှိတဲ့စမ်းသပ်မှုတစ်ခုပါ။ ၅ မိနစ်လောက်ပဲ အကြမ်းဖျဉ်းကြာမြင့်ပြီး ရိုးရိုးဓာတ်မှန်မှာ မပေါ်တတ်တဲ့ အဆုတ်ကင်ဆာ အစောပိုင်းပြောင်းလဲမှုတွေကို မြင်ရတတ်ပါတယ်။

>>  တစ်ခုခုတွေ့ခဲ့ရင် ဘာလုပ်ရမလဲ?
ပုံမမှန်တာတစ်ခုခုတွေ့ခဲ့ရင် ကင်ဆာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။ နောက် ဆရာဝန်တွေ ဆွေးနွေးပြီး ဘယ်လိုကုသမှုက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ကြပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင်တော့ အဆုတ်ကင်ဆာဆိုတာနဲ့ သေမိန့်တစ်ခုလို ဖြစ်နေခဲ့ပေမယ့် အခုခေတ်မှာတော့ ကုသမှုအသစ်တွေ၊ ရောဂါရှာဖွေမှုတွေ၊ စောစောသိမှုတွေကြောင့် သက်တမ်းကို ရှည်လာစေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)