အဆုတ်ကလေး ကောင်းစေလို
အဆုတ်ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပေမယ့် အဆုတ်ကို အလေးမထား ဂရုမစိုက်မိတာမျိုး ဖြစ်တတ်ကြပါတယ်။
ခန္ဓာကိုယ်မှာ အဆုတ်ကို ဖုန်မှုန့်တွေ၊ ရောဂါပိုးမွှားတွေကနေ ကာကွယ်ဖို့ သဘာဝကာကွယ်ရေး နည်းလမ်းတွေ ရှိပေမယ့် အဆုတ်ရောဂါတွေ မဖြစ်ပွားရလေအောင်၊ အဆုတ်ကျန်းမာရေး ကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်ပေးသင့်ပါတယ်။
>> ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာနဲ့ နာတာရှည် အဆုတ်ရောင်၊ အဆုတ်ပွရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဆေးလိပ်ငွေ့က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို ကျဉ်းသွားစေပြီး အဆုတ်တစ်သျှူးတွေကို ဖျက်ဆီးပစ်တဲ့အတွက် ကင်ဆာအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အခုချက်ချင်း ကြိုးစားရင် နောက်မကျသေးပါဘူး။
>> အဆုတ်ကို ဖျက်ဆီးနိုင်တဲ့ ညစ်ညမ်းပစ္စည်းတွေကို ရှောင်ရှားပါ။
အလုပ်နဲ့ နေအိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးလိပ်ငွေ့တွေ၊ လေထုညစ်ညမ်းမှုတွေ၊ ရေဒန်တွေနဲ့ ဓာတုပစ္စည်းတွေကို ရှူရှိုက်ခြင်းဟာ အဆုတ်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲ၊ ကားထဲမှာ ဆေးလိပ် မသောက်ပါစေနဲ့။ အိမ်မှာ ရေဒန်ဓာတ်ငွေ့ ရှိ၊ မရှိ စစ်ဆေးကြည့်ပါ။ လေထု မကောင်းတဲ့နေ့မျိုးမှာ အိမ်ပြင်ထွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။ အိမ်၊ အလုပ်နဲ့ ကျောင်းက လေထု တစ်စုံတစ်ရာကြောင့် နေထိုင်မကောင်း ဖြစ်တယ်လို့ ထင်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
>> အဆုတ်ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကြိုတင်ကာကွယ်ပေးပါ။
အအေးမိခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးမွှားတွေဟာ တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုပိုးမွှားတွေ မဝင်ရောက်လာနိုင်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနိုင်ပါတယ်။ ဒီလိုရောဂါတွေမဖြစ်အောင် ကြိုတင်ကာကွယ်ပေးမှသာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်၊ လုပ်ကိုင်၊ သင်ကြား၊ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
● လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ။ လက်မဆေးနိုင်ရင် အရက်ပြန်ပါတဲ့ လက်ဆေးရည်တွေ အစားထိုး အသုံးပြုနိုင်ပါတယ်။
● အအေးမိ၊ တုပ်ကွေးရာသီမှာ လူထူထူကို ရှောင်ပါ။
● သွားနဲ့ ခံတွင်းသန့်ရှင်းရေးဟာ ပါးစပ်ကနေ ရောဂါပိုးမွှားများ မဝင်ရောက်နိုင်အောင် တားဆီးပေးတာကြောင့် သွားကို တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်ပေးပြီး သွားဆရာဝန်နဲ့ 6 လတစ်ကြိမ် ပြသပေးပါ။
● ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေး နှစ်စဉ် ထိုးပေးပါ။ အဆုတ်ရောင် ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
● ဖျားနာနေပါက ဘေးပတ်ဝန်းကျင် ရင်းနှီးချစ်ခင်သူတွေကို ရောဂါပိုး မကူးစေရန် သတိထားပါ။ သက်သာတဲ့အချိန်ထိ အလုပ်တွေ၊ ကျောင်းတွေကနေ အနားယူပါ။
>> ကျန်းမာရေးဝန်ထမ်းများနဲ့ ပုံမှန်ဆွေးနွေးပြသပါ။
ကျန်းမာတယ်လို့ ထင်နေချိန်မှာတောင် ကြိုတင်ကာကွယ်နိုင်အောင် ကျန်းမာရေးဌာနမှာ ပုံမှန်စစ်ဆေးမှု ခံယူပါ။ အဆုတ်ရောဂါတွေဟာ တစ်ခါတစ်ရံ မသိလိုက်မိဘဲ ရှိနေတတ်ပြီး အချိန်လွန်မှ သိရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပုံမှန်အဆုတ်ကို စစ်ဆေးပြီး ရောဂါဘယများ ရှိ၊ မရှိကို စမ်းသပ်ရှာဖွေသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















