အထိုင်များတဲ့လူတွေ လက်ထောင်
အထိုင်များသူတိုင်းဟာ ရောဂါတွေဖြစ်ပြီး စောစောသေမယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ တစ်နေကုန် ထိုင်နေရသူတွေမှာလည်း လေ့ကျင့်ခန်းမှန်မှန်သာ လုပ်ပေးရင် ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
● အစောပိုင်းကာလတွေတုန်းက အထိုင်များခြင်းဟာ ဆေးလိပ်သောက်တာလောက်ကို ဆိုးကျိုးများတယ်လို့ ဆိုကြပါတယ်။
● ဒီ့နောက်မှာတော့ အထိုင်များခြင်းဖြင့် ကြွက်သားနဲ့ ဦးနှောက်လှုပ်ရှားမှုတွေ ထိခိုက်စေပြီး DNA တွေကို အိုမင်းရင့်ရော်စေတယ်လို့ ဆိုကြပြန်ပါတယ်။
● ဒါပေမဲ့ နောက်ဆုံးလေ့လာမှုတွေအရ အကြာကြီး ထိုင်ရတာဟာ ပြောခဲ့ကြသလောက်လည်း ကြောက်စရာမကောင်းဘူးဆိုတာ သိလာရပါတယ်။
University of Exton နဲ့ University College London ရဲ့ နောက်ဆုံးလေ့လာမှုမှာ ဘယ်လောက်ပဲ ကြာကြာထိုင်ရထိုင်ရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေး၊ လှုပ်လှုပ်ရှားရှား ပြုလုပ်ပေးခြင်းဖြင့် ရောဂါဘယတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ရုံးဝန်ထမ်းအမျိုးသား 3270 နဲ့ အမျိုးသမီး 1412 ယောက်တို့ကို 16 နှစ်တာ လေ့လာခဲ့တဲ့ ဒီလေ့လာမှုမှာ အသက်၊ လူမျိုး၊ လိင်၊ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေး၊ ဆေးလိပ်နဲ့အရက် သောက်/မသောက်၊ စားသောက်ပုံ စတာတွေအပြင် လမ်းလျှောက်နှုန်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်နှုန်းတွေကိုပါ ထည့်သွင်းစဉ်းစားပြီး လေ့လာခဲ့ကြတာပါ။
ဒီလေ့လာမှုမှာ ပါဝင်တဲ့ ရုံးဝန်ထမ်းအများစုဟာ အခြားပြင်ပနေထိုင်သူတွေထက် 2 ဆခန့် ပိုလမ်းလျှောက်တာကို တွေ့ရပါတယ်။
ဒီလေ့လာတွေ့ရှိမှုအရ လူထုကို ကျန်းမာရေးပညာပေးတဲ့အခါ အထိုင်လျော့ဖို့ထက် မထိုင်နေတဲ့အချိန်မှာ ပိုပြီးလှုပ်လှုပ်ရှားရှား ပြုလုပ်ဖို့ လှုံ့ဆော်သင့်တယ်လု့ိ ဆိုပါတယ်။ လေ့လာသူတွေက ထိုင်တဲ့အခါမှာ အထိုင်များတာက ဆီးချို ဖြစ်စေတာလား၊ ထိုင်တဲ့အချိန် ကိုယ်နေဟန်ထား သို့မဟုတ် မလှုပ်ရှားခြင်းက ဖြစ်စေတာလား ဆိုတာကို လေ့လာဖို့ လိုသေးတယ်လို့ သိရပါတယ်။
လေ့လာမှုတွေက နေ့စဉ်နဲ့အမျှ ပေါ်ထွက်လာနေပြီး အထိုင်များတာ မကောင်းဘူး၊ အထိုင်များတာဟာ ထင်သလောက်တော့ မဆိုးပါဘူး စသည်ဖြင့် အမျိုးမျိုး ပြောနေကြပေမယ့် ဒီမှာ အရေးကြီးတဲ့အချက်က အထိုင်များများ၊ မများများ နေ့တိုင်း လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















