/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်နဲ့-ကင်ဆာ

အရက်နဲ့ ကင်ဆာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရက်ကို အလွန်အကျွံ သောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောငး် သိကြပေမယ့် အရက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေ များလာတာကိုတော့ အသိနည်းကြပါတယ်။

 

>>    အရက်နဲ့ ဆက်နွှယ်နေသောကင်ဆာများ

          အရက်သောက်ခြင်းကြောင့် အောက်ပါကင်ဆာများ ဖြစ်ပွားနိုင်ပါတယ်။ အရက်သောက်နှုန်းပေါ် မူတည်ပြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားလာနိုင်ပါတယ်။

 

       ပါးစပ်၊ လည်ချောင်း၊ အသံအိုးနဲ့ အစာပြွန်ကင်ဆာ

          အရက်ကြောင့် ဒီကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ အရက်ရော၊ ဆေးလိပ်ရော နှစ်မျိုးလုံး သောက်ခြင်းက ကင်ဆာဖြစ်နှုန်းကို ပိုမိုများပြားစေနိုင်ပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေက ပါးစပ်၊ လည်ချောင်းနဲ့ အစာပြွန်တွေမှာရှိတဲ့ ဆဲလ်တွေအတွင်းကို ဝင်ရောက် ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ဆဲလ်ထဲဝင်ဒုက္ခပေးနိုင်အောင် အရက်က ကူညီထောက်မပေးပါတယ်။ ဒါ့အပြင် ဆေးလိပ် ဓာတုပစ္စည်းတွေကြောင့် ပျက်စီးသွားတဲ့ DNA တွေကို ပြန်လည်မပြင်ဆင်နိုင်အောင် အရက်က တားဆီးပေးပါသေးတယ်။

 

●        အသည်းကင်ဆာ

          အရက်ကို ကြာရှည်စွဲမြဲစွာ သောက်ခြင်းက အသည်းကင်ဆာဖြစ်နှုန်းကို ပိုများစေပါတယ်။ အရက်ကို ရေရှည်သောက်ခြင်းဖြင့် အသည်းရောင်ပြီး အမာရွတ်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အသည်းကင်ဆာဖြစ်နှုန်းကို တိုးစေတတ်ပါတယ်။

 

●        အူမကြီးကင်ဆာ

          အရက်က အူမကြီးကင်ဆာဖြစ်နှုန်းကို များစေနိုင်ကြောင်းလည်း သိရပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပေမယ့် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးမှာ ဖြစ်နှုန်း များလာကြပါတယ်။

 

●        ရင်သားကင်ဆာ

          အမျိုးသမီးတွေမှာ တစ်ပတ်ကို အရက် အနည်းငယ်သာ သောက်ရုံမျှနဲ့ ရင်သားကင်ဆာဖြစ်နှုန်း များစေနိုင်ပါတယ်။ အထူးသဖြင့် Folic acid မလုံလောက်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အရက်က ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်းကို များစေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရက်ကို ဖြတ်လိုက််ခြင်းဖြင့် ရင်သားကင်ဆာဖြစ်နှုန်းကို လျော့နည်းစေနိုင်ပါတယ်။

          ဒါကြောင့် အချုပ်အနေနဲ့ဆိုရရင် သောက်တဲ့ အရက်အမျိုးအစားထက် သောက်တဲ့ပမာဏက ကင်ဆာဖြစ်နှုန်းကို ပိုမိုလွှမ်းမိုးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)