/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းကွဲတယ်ဆိုတာ

အသည်းကွဲတယ်ဆိုတာ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          Broken Heart Syndrome လို့ခေါ်တဲ့ စိတ်ပူပန် ဝမ်းနည်းတာကြောင့်  နှလုံးဒဏ်ရာနဲ့ သေဆုံးတယ်ဆိုတာ တကယ်ရှိပါတယ်။ ချစ်ရသူတွေ ဆုံးရှုံးတဲ့အခါ၊ ဘ၀မှာ မထင်မှတ်တဲ့ လောကဓံတွေဟာ စိတ်တွင်သာမက နှလုံးသားကိုပါ ထိခိုက်စေပါသတဲ့။

          သမီးသေဆုံးပြီး ဖခင်ပါ လိုက်ဆုံးသွားတာမျိုးကို စမ်းသပ်စစ်ဆေးကြတဲ့အခါ သွေးပေါင် ရုတ်တရက် ဆောင့်တိုးတာ၊ စိတ်အား ပင်ပန်းကြေကွဲမှုကြောင့် သွေးပေါင်ချိန် မမှန်မကန်ဖြစ်ပြီး ဦးနှောက်သွေးကြော ထိခိုက်သေဆုံးတာတွေ ဖြစ်နေကြောင်း သိရှိခဲ့ကြပါတယ်။

          အသည်းနှလုံးကွဲပြီး သေဆုံးတယ်ဆိုတာအတွက် ထပ်မံစမ်းသပ်ကြတဲ့အခါ စိတ်ပူပန် ဝမ်းနည်းမှု အပြင်းအထန် ဖြစ်တဲ့အခါ နှလုံးသွေးကြောတွေမှာ မကောင်းတဲ့သက်ရောက်မှုတွေ ရှိနေတာ တွေ့ရပါတယ်။ တိကျတဲ့အဖြေကို မဖော်ထုတိနိုင်သေးပေမယ့် အပြင်းအထန် ဝမ်းနည်းကြေကွဲတဲ့အခါ နှလုံးသားကို ထိခိုက်သေဆုံးတာတွေ ဖြစ်နေနိုင်တာကို လက်ခံထားကြပါတယ်။ တော့ကိုဆူဘို Tokotsubo Cardiomyopathy လို့ခေါ်ပြီး နှလုံးကြွက်သား ရုတ်တရက် အားနည်းရောဂါလို့ အမည်တပ်ရမှာ ဖြစ်ပါတယ်။

 

>>    နှလုံးသား ကွဲအက်နာဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?

●        ရင်ဘတ်အောင့်တာ

●        ချွေးသီးချွေးပေါက်ကျတာ

●        ရုတ်တရက် နွမ်းနယ်လာတာ

●        အသက်ရှူ မဝတာ

●        မောဟိုက်နေတာ

●        ရင်တုန်ပန်းတုန်ဖြစ်တာ

●        နေမထိ ထိုင်မသာ ဖြစ်နေတာတွေ ခံစားရနိုင်ပါတယ်။

 

          Broken Heart ရောဂါဖြစ်တဲ့အခါ ကောင်းကောင်း အနားယူပြီး ဆေးရုံတက်ရောက် ကုသလိုက်တဲ့အခါ ကောင်းသွားတတ်ပါတယ်။ နောက်ဆက်တွဲတွေ ဝင်လာတတ်ပေမယ့် အဖြစ်နည်းပြီး လုံးဝပြန်ကောင်းသွားတတ်ကြပါတယ်။

          ဒါကြောင့် မိသားစုဝင် ဆုံးရှုံးရတာ၊ စိတ်ပင်ပန်းတာ၊ ဝမ်းနည်းကြေကွဲရတာတွေ တစ်နည်းနည်းနဲ့ ကြုံရတဲ့အခါ မိမိစိတ်ကို အသက်သာဆုံး အနေအထားဖြစ်စေဖို့ ဖြေသိမ့်ယူတဲ့အပြင် ဆွေမျိုးမိတ်ဆွေတွေရဲ့ အကူအညီ အားပေးမှုတွေကိုပါ တတ်အားသရွေ့ ရယူဖို့ လိုအပ်ပါတယ်။

          အကြီးအကျယ် စိတ်ပူပန် ထိခိုက်တာဟာ ဦးနှောက်သွေးကြောနဲ့ နှလုံးသွေးကြောတွေကို အပြင်းအထန် ထိခိုက်သွားစေပြီး မကောင်းတဲ့ အကျိုးဆက်တွေ ရရှိစေတာမို့ နှစ်သိမ့်ဆွေးနွေး စောင့်ကြည့်ပေးဖို့ လိုအပ်ပါကြောင်း သတိပေးလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)