/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းခြောက်ခြင်း

အသည်းခြောက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းခြောက်ခြင်း ဆိုတာက အသည်းကို အချိန်ကြာမြင့်စွာ ထိခိုက်မှုတွေ ဖြစ်တဲ့အခါမှာ အသည်းရဲ့ ပုံမှန် ကျန်းမာတဲ့ တစ်သျှူးတွေနေရာမှာ အမာရွတ်ထင်နေတဲ့ တစ်သျှူးတွေ အစားထိုး ဝင်လာခြင်း ဖြစ်ပါတယ်။ ပျက်စီးပြီးသား အသည်းကို ပြန်ကောင်းအောင် မလုပ်နိုင်တော့ပေမယ့် ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

 

>>    အဓိကအချက်များ

          အသည်းကို အောက်ပါအကြောင်းအရာတွေကြောင့် ဆက်တိုက်ထိခိုက်မှုတွေက ကြာလာတဲ့အခါမှာ အမာရွတ် ဖြစ်စေပါတယ်။

●        နှစ်ပေါင်းများစွာ အရက် အလွန်အကျွံ သောက်သုံးခြင်း

●        အသည်းရောင် အသားဝါ C ပိုး ကူးစက်ခံရခြင်း

●        အသည်း အဆီဖုံးရောဂါ ရှိခြင်း

          ကျန်းမာတဲ့တစ်သျှူးတွေနေရာမှာ အမာရွတ်ထင်နေတဲ့တစ်သျှူးတွေက အစားထိုး ဝင်ရောက်လာတာ ကြာလာတာနဲ့အမျှ အသည်းက အောက်ပါတို့ကို လုပ်ဆောင်မှု အားနည်းလာပါတယ်။

●        သွေးစီးကြောင်းနဲ့ ခန္ဓာကိုယ်ထဲက အရည်များကို ထိန်းချုပ်ခြင်း

●        သွေးခဲခြင်းအတွက် လုံလောက်တဲ့ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း

●        စွန့်ထုတ်ရမယ့် ဓာတုပစ္စည်းများ၊ ဆေးဝါးများ၊ အဆိပ်များနဲ့ အခြားဓာတုပစ္စည်းများကို စွန့်မထုတ်နိုင်တဲ့အခါမှာ ဒါတွေကို ခန္ဓာကိုယ်ထဲမှာ စုပုံလာစေပါတယ်။

          နောက်ဆုံးမှာ အသည်းက လုံးဝအလုပ်မလုပ်နိုင်တော့ဘဲ အသက်အန္တရာယ်ကိုထိခိုက်စေနိုင်ပါတယ်။

အသည်းခြောက်ခြင်းကို ကာကွယ်လို့ရတဲ့ အချက်တွေထဲမမှာ အဓိကအချက်ကတော့ အရက်ပါပဲ။ အရက် အလွန်အကျွံ သောက်သုံးသူတွေရဲ့ 5% - 15% လောက်က အသည်းခြောက်နေကြပါတယ်။ အရက် အလွန်အကျွံသောက်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် ပိုပြီးအသည်းခြောက်နို်င်ခြေ များပါတယ်။

 

>>    အသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများ

          အစောပိုင်းအဆင့်တွေမှာတော့ ဘာလက္ခဏာမှ ပြလေ့မရှိပါဘူး။ အသည်း အလုပ်လုပ်တာ အားနည်းလာတာနဲ့အမျှ အောက်ပါလက္ခဏာတွေကို သတိပြုမိနိုင်ပါတယ်။

●        ပင်ပန်းနွမ်းနယ်ခြင်း၊ နုံးချိခြင်း

●        ခြေထောက်နှင့် ဝမ်းဗိုက်များ ဖောရောင်ခြင်း

●        အစာ စားချင်စိတ် နည်းခြင်း၊ နေမကောင်း၊ ပျို့ခြင်း အန်ခြင်း

●        ကိုယ်အလေးချိန်ကျခြင်း (ခန္ဓာကိုယ်ထဲမှာ ရေတွေ အများကြီး စုနေရင်တော့ ကိုယ်အလေးချိန် တက်နိုင်ပါတယ်။)

●        သွေးထွက်လွယ်ခြင်း၊ ညိုမည်း စွဲလွယ်ခြင်း

●        အသားနှင့် မျက်လုံး အဖြူသားများ ဝါခြင်း

●        အသား ယားယံခြင်း

●        စိတ်ရှုပ်ထွေးခြင်း၊ မေ့လွယ်ခြင်း၊ အာရုံစူးစိုက်ဖို့ ခက်ခဲခြင်းစသော အမူအကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြောင်းလဲခြင်းများ

•        သွေးအန်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း (ဝမ်းမည်းမည်း များသွားခြင်း)

 

>>    အသည်းခြောက်ခြင်းကို ဘယ်လိုရောဂါ ဖော်ထုတ်သတ်မှတ်နိုင်သလဲ?

          အထက်ပါလက္ခဏာတွေတွေ့ရင် ဆရာဝန် သွားပြပါ။ ဆရာဝန်က အသည်းခြောက်နေတယ်လို့သံ သယရှိရင် အောက်ပါစစ်ဆေးချက်တွေ ပြုလုပ်ပါလိမ့်မယ်။

●        အသည်း လုပ်ဆောင်ချက်ကိို စစ်ဆေးခြင်း - အသည်းကနေ ထုတ်ပေးတဲ့ အင်ဇိုင်းနဲ့ ပရိုတင်းပမာဏကို စစ်ဆေးနိုင်ပါတယ်။

       ဓာတ်မှန်ရိုက်ခြင်း - အသည်းရဲ့ပုံရိပ်နဲ့ အသည်း ဘယ်လောက်မာတောင့်နေပြီလဲ ဆိုတာကို စစ်ဆေးနိုင်ပါတယ်။

       အသားစယူခြင်း - နံရိုးတွေကြားထဲကို အပ်နဲ့ထိုးပြီး အထဲက အသည်း အသားစယူကာ စစ်ဆေးနိုင်ပါတယ်။

 

>>    ကုထုံးများ

          အသည်းခြောက်တာကို ပျောက်အောင်ကုနိုင်တဲ့ ကုထုံးမရှိပါဘူး။ ကုထုံးရဲ့ ရည်ရွယ်ချက်က ရောဂါလက္ခဏာ သက်သာဖို့နဲ့ အသည်းခြောက်တာ ပိုမဆိုးသွားအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ အရက်သောက်တာကို ရပ်လိုက်ဖို့ အရေးကြီးပါတယ်။

        ကုထုံးတွေကတော့ -

●        ဆား ပါဝင်မှုနည်းသော အစားအစာများ စားသုံးခြင်း (သို့) ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အရည်တွေ လျော့နည်းစေဖို့အတွက် ဆီးဆေးများ

●        အူမှ သွေးများကို အသည်းသို့ ပို့ဆောင်ပေးသော အဓိက သွေးပြန်ကြောတွင်းမှ သွေးဖိအားကို လျော့ကျစေဖို့အတွက် ဆေးဝါးများ

●        ရောဂါပိုး ဝင်ရောက်ခြင်းများကို ကုသရန် (သို့) ကာကွယ်ရန်ဆေးများ

●        ယားယံခြင်းကို သက်သာစေဖို့ လိမ်းဆေးများ

 

>>    အသည်းခြောက်ရောဂါ ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုစုစောင့်ရှောက်မလဲ?

          အသည်းကို ထပ်ပြီး ထိခိုက်ပျက်စီးမှုတွေ မဖြစ်စေဖို့အတွက် ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒီအချက်တွေထဲမှာ အရက် မသောက်ခြင်း၊ ဆားပါဝင်မှုနည်းသော အစားအစာများ စားခြင်း၊ ဆရာဝန်က ကိုယ်အလေးချိန် လျှော့ဖို့ပြောရင် လျှော့ခြင်းတို့ ပါဝင်ပါတယ်။

          အသည်းခြောက်နေသူတွေအတွက် အခြားနေထိုင်မှုပုံစံ အပြောင်းအလဲတွေကတော့ -

●        လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း

●        ရောဂါပိုးဝင်နိုင်ခြေတွေကို လျော့နည်းစေဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုရှိခြင်း

●        အသည်းခြောက်နေသူတွေမှာ အာဟာရချို့တဲ့တာ အဖြစ်များတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားသုံးခြင်း

 

>>    ကာကွယ်ခြင်း

          အသည်းခြောက်ခြင်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံး အရာကတော့ အရက် မသောက်ရန် (သို့) ထောက်ခံထားတဲ့ပမာဏသာ သောက်သုံးရန် ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ C ပိုးနဲ့ B ပိုးတွေ ကူးစက်မခံရအောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)