/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်မှာ-သွေးပေါင်ချိန််-မှန်ကန်စွာ-တိုင်းတတ်စေဖို့အတွက်

အိမ်မှာ သွေးပေါင်ချိန်် မှန်ကန်စွာ တိုင်းတတ်စေဖို့အတွက် သိထားသင့်သောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိမ်မှာ သွေးပေါင်ချိန် တိုင်းတဲ့ကိရိယာထားပြီး မိမိဘာသာ တိုင်းကြတဲ့အခါမှာ မှန်ကန်တဲ့သွေးပေါင်ချိန် ရရှိဖို့အတွက် လမ်းညွှန်ချက်တွေကို သေချာလိုက်နာဖို့ လိုပါတယ်။

          တချို့သောသူတွေက တိုင်းနည်း မမှန်ကန်တဲ့အခါမှာ သွေးပေါင်ချိန်အမှားတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ကိုယ့်ဟာကိုယ် တိုင်းသူတွေအနေနဲ့ မှန်မှန်ကန်ကန် တိုင်းတတ်စေဖို့ ဒီအချက် (8) ချက်ကို သိထားဖို့ လိုပါတယ်။

 

1.      ခန္ဓာကိုယ်အနေအထား မှန်ကန်ရပါမယ်။

          သွေးပေါင်တိုင်းမယ်ဆိုတာနဲ့ အိပ်ရာပေါ်မှာလှဲပြီး သွေးပေါင်တိုင်းကိရိယာကို ညှစ်ရင်ရပြီလို့ ထင်နေကြပါတယ်။ အမှန်တကယ်ဆိုရင် ကိုယ့်ဟာကိုယ် တိုင်းတဲ့အခါမှာ ဒါက မှန်ကန်တဲ့အနေအထား မဟုတ်ပါဘူး။

•        မှန်ကန်တဲ့ ကိုယ်နေဟန်ထားကတော့ သွေးပေါင်အတိုင်းခံမယ့်သူက မတ်မတ်ထိုင်ပြီး ခြေထောက်တွေက ကြမ်းပြင်နဲ့ သေချာ ထိကပ်နေရပါမယ်။

•        ကျောကလည်း ကုလားထိုင်နောက်မှီမှာ မှီထားဖို့ လိုပါတယ်။

 

2.      လက်ထားတာ မှန်ဖို့လည်း လိုအပ်ပါတယ်။

          လက်မောင်း (သို့) လက်အမြင့် အနည်းငယ် ပြောင်းလဲမှုလေးက သွေးပေါင်အဖြေကိုလည်း ပြောင်းလဲစေပါတယ်။ သွေးပေါင်အတိုင်းခံနေတဲ့လက်က အားတစ်ခုခု စိုက်ထားရင်လည်း အဖြေက ပြောင်းသွားတတ်ပါတယ်။

•        ဒါကြောင့် သွေးပေါင်အတိုင်းခံမယ့်လက်ကို စားပွဲ (သို့) မျက်နှာပြင်ညီညီ တစ်ခုပေါ်မှာ ချထားပါ။

•        လက်တွေကို သက်သောင့်သက်သာ အနေအထားနဲ့ မလှုပ်ဘဲထားပါ။

 

3.      သွေးပေါင်ချိန်တိုင်းနေတုန်း လှုပ်ရှားမှု မပြုရပါဘူး။

          အိမ်မှာ သွေးပေါင်ချိန် တိုင်းတဲ့အခါ အချို့လူတွေက တိုင်းနေတုန်းမှာ စကားပြောတာတွေ လက်လှုပ်တာတွေ လုပ်လေ့ရှိပါတယ်။

•        စကားကျယ်ကျယ် ပြောတာ (သို့) စိတ်ပူပန်နေတဲ့ အတွေးတွေက အချိန်တိုလေးအတွင်းမှာ သွေးဖိအား အပြောင်းအလဲ ဖြစ်စေပါတယ်။

•        ဒါကြောင့် မှန်ကန်တဲ့အဖြေ ရချင်တယ်ဆိုရင် သွေးပေါင်တိုင်းနေတုန်းမှာ လုံးဝမလှုပ်ပါနဲ့။

 

4.      သွေးပေါင်မတိုင်းမီ နာရီဝက်အတွင်းမှာ ဘာစားထားလဲဆိုတာလည်း အရေးကြီးပါတယ်။

          ဆိုဒါ၊ အရက် စတာတွေက သွေးပေါင်ချိန် တက်စေပါတယ်။ စီးကရက် သောက်တာလည်း အတူတူပါပဲ။ ဒါကြောင့် သွေးပေါင်ချိန်မတိုင်းမီနဲ့ တိုင်းနေစဉ်အတွင်းမှာ သွေးတက်စေတဲ့ ဒီအစားအစာတွေကို ရှောင်ရပါမယ်။

•        ဆိုဒါပါတဲ့ အချိုရည်တစ်ခုခု သောက်ထားတယ်ဆိုရင် တစ်နာရီလောက်ကြာမှ သွေးပေါင်တိုင်းပါ။

•        မဟုတ်ရင် အဖြေမှားပြီး မလိုအပ်ဘဲ စိတ်ပူပန်မှုတွေ ဖြစ်စေနိုင်ပါတယ်။

 

5.      သွေးပေါင် ခဏခဏတိုင်းတာကလည်း မကောင်းပါဘူး။

          လူကြီးတွေက အိမ်မှာ သွေးပေါင်ချိန်ကို မကြာခဏ တိုင်းနေလေ့ရှိပါတယ်။ အမှန်တော့ ဒါက မှားပါတယ်။

•        အရေးကြီးတဲ့အချက်ကတော့ တစ်နေ့ကို 2 ကြိမ်ပဲ သွေးပေါင်ချိန်တိုင်းဖို့ လိုပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတဲ့ မနက်စာမစားမီ တစ်ကြိမ်နဲ့ ညစာမစားမီ တစ်ကြိမ်ပဲတိုင်းရင် လုံလောက်ပါတယ်။ တိုင်းတဲ့အခါမှာ တစ်ခါတိုင်းရင် တစ်မိနစ်စီခြားပြီး 2 ကြိမ်တိုင်းပါ။

•        သက်သောင့်သက်သာရှိပြီး ညီညွတ်မျှတတဲ့ အပူချိန်မှာ တိုင်းသင့်ပါတယ်။

 

6.      မှန်ကန်တဲ့ကိရိယာ သုံးပါ။

          တချို့သွေးပေါင်တိုင်း ကိရိယာတွေက မှားနေတတ်ပါတယ်။ ကျန်းမာရေး အဖွဲ့အစည်းက ထောက်ခံထားတဲ့ ကိရိယာအမျိုးအစားကို သုံးပါ။

 

7.      လက်ကောက်ဝတ်မှာတိုင်းတဲ့ သွေးပေါင်တိုင်းပစ္စည်းတွေကို မသုံးပါနဲ့။

          ခေတ်မီပြီး သုံးရလွယ်ပေမယ့် လက်လှုပ်လိုက်တာနဲ့ အပြောင်းအလဲ များတဲ့အတွက် မသင့်တော်ပါဘူး။ အိမ်မှာ တိုင်းမယ်ဆိုရင် သွေးပေါင်တိုင်းတဲ့အချိန်မှာ အတတ်နိုင်ဆုံး ငြိမ်သက်နေပါစေ။

          စိတ်ပူပန်မှုတွေ များနေခြင်းက တိုင်းတဲ့အခါ အဖြေမှားနေစေရုံသာမက ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်လာစေနိုင်တဲ့အတွက် ပူပင်သောကတွေကို အတတ်နိုင်ဆုံး ဖြေလျော့နိုင်အောင် ကြိုးစားပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားသုံးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)