အိမ်ရှင်မတွေ စိတ်ကျရောဂါ ဖြစ်လေ့ရှိသလား?
>> အိမ်ထောင့်တာ၀န် ဖိစီးမှုနှင့် နောက်ဆက်တွဲပြဿနာများ
အိမ်ထောင်သည် အမျိုးသမီးတွေ အတော်များများဟာ အိမ်ထောင့်တာ၀န်တွေနဲ့ စိတ်ဆင်းရဲ၊ စိတ်ဖိစီးနေတတ်ကြပါတယ်။ သားသမီးတာဝန်၊ လင်ယောက်ျားတာဝန်၊ အိမ်ထောင့်တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း စိတ်ကျရောဂါရမှန်း မသိရနေတတ်ကြတာမျိုးပါ။ အထူးသဖြင့် အရှေ့တိုင်းအမျိုးသမီးတွေ မိရိုးဖလာ အစဉ်အလာအတိုင်း နေထိုင်ပြုမူ တာ၀န်ထမ်းကြတဲ့ အမျိုးသမီးတွေဟာ အစဉ်အလာက သတ်မှတ်ထားတဲ့ တာ၀န်တွေကြောင့် ပိုလို့စိတ်ဖိစီးကြပါတယ်။
အလုပ်နဲ့လက်နဲ့ မပြတ်အောင်လုပ်နေပြီး ညှိုးငယ်နေတဲ့ အိမ်ထောင်ရှင်မတွေ တွေ့ဖူးပါတယ်။ အိမ်ထဲမှာပဲ ပိတ်နေပြီး ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းပဲ လုပ်ရတဲ့ အမျိုးသမီးတွေဟာ ပိုလို့ စိတ်ဓာတ်ကျတတ်ပါတယ်။ အပြင်လည်း သိပ်မထွက်၊ အိမ်မှာပဲနေရင်း လုပ်နေကျတာဝန်တွေကို လုပ်နေတဲ့ သူမကို မိသားစုက လျစ်လျူရှုမှန်းမသိ ဖြစ်နေတတ်ပါတယ်။ အိမ်တာ၀န် အတော်များများကို မိခင်ကပဲ စီမံပြီး လုပ်တတ်တာမို့ မိခင်ကပဲ တာ၀န်အကြီးဆုံး စိတ်ဖိအားဒဏ် အခံရဆုံးဆိုတာကို သားသမီးနဲ့ လင်သားက မေ့လျော့နေတတ်တာမျိုးပါ။
စိတ်ဖိအားခံနေရတဲ့ မေမေတွေဟာ -
● အကြောင်းရင်းမရှိဘဲ နုံးချိနေမယ်။
● ခဏခဏ မောမယ်။
● အကျိုးအကြောင်းမရှိဘဲ မျက်ရည်ကျနေတတ်မယ်။
● အိပ်မပျော်ဘဲ မကြာခဏ လန့်နိုးမယ်။
အိမ်ထဲမှာနေတဲ့ အိမ်ရှင်မတွေကို အိမ်မှာနေတာပဲ သက်သာနေတာပဲ စိတ်ကျရောဂါ မဖြစ်နိုင်ပါဘူးဆိုပြီး ပစ်ထားလို့ မရပါဘူး။ အိမ်အလုပ်၊ သားသမီးအလုပ်တွေနဲ့ အစဉ်ပင်ပန်းနွမ်းနယ်နေတဲ့ အိမ်ရှင်မတွေဟာ စိတ်ကျရောဂါ အဖြစ်နိုင်ဆုံးပါ။ ပထမအဆင့်အနေနဲ့ ဖိစီးမှု စရပါတယ်။ နောက်တစ်ဆင့် အဲ့ဒီ စိတ်ဖိစီးမှုဟာ ရက်ပေါင်းများစွာ ရှည်လာပြီး ကို်ယ့်ကိုယ်တိုင်က မခံစားနိုင်တော့တဲ့အခါ သက်သာရာမရတဲ့အခါ စိတ်ကျရောဂါအဆင့်ကို ကူးပြောင်းရောက်ရှိသွားတာ ဖြစ်ပါတယ်။
● အိမ်ရှင်မတွေကို ကူညီပါ။
● မိခင်ကို အဆင်ပြေသလား မေးပါ။
● သူမကို အပြင်မှာခေါ်ပြီး ဖေဖေနဲ့ သားသမီးတွေနဲ့အတူ ညစာ စားပါစေ။
● မီးဖိုချောင်ကို ကူညီသန့်ရှင်းပေးပါ။
● ကြင်ကြင်နာနာ စကားပြောပါ။
● သူမချက်တဲ့ဟင်းတွေကို ချီးကျူးပါ။
မျိုသိပ်တတ်တဲ့ စိတ်ခံစားမှု၊ ပြင်းထန်တဲ့ အိမ်ထောင်မှု ထိန်းသိမ်းရတဲ့ အမျိုးသမီးတွေမှာ စိတ်ကျရောဂါ စိတ်ပူပန်တာတွေ စိုးရိမ်သောက လွန်ကဲရောဂါတွေ အကြောက်တွေဟာ အပြင်ထွက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် အဖြစ်များတတ်တာမို့ မိသားစုဝင်တိုင်း အလေးထား ဂရုပြု စောင့်ရှောက်ပေးကြဖို့ တိုက်တွန်းပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















