/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိုမီဂါသရီး-ဖက်တီးအက်ဆစ်နဲ့-ပတ်သက်ပြီး-သိသင့်သောအချက်-၇-ချက်

အိုမီဂါသရီး ဖက်တီးအက်ဆစ်နဲ့ ပတ်သက်ပြီး သိသင့်သောအချက် (၇) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိုမီဂါသရီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆောင်းပါးများစွာကြောင့် လူတော်တော်များများကလည်း အိုမီဂါ ၃ ရဲ့ ကောင်းကျိုးတွေကို သိကြပြီး ဖြစ်ပါလိမ့်မယ်။
အိုမီဂါသရီးဆိုတာဟာ ကိုယ်ခန္ဓာရှိအစိတ်အပိုင်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ဖို့ အရေးတကြီးလိုအပ်တဲ့ ဖက်တီးအက်ဆစ်အုပ်စုတစ်မျိုး ဖြစ်ပါတယ်။ အိုမီဂါသရီးသုံးမျိုး ရှိပါတယ်။ ဒါတွေကတော့ EPA, DHA နဲ့ ALA တို့ပဲ ဖြစ်ပါတယ်။
EPA နဲ့ DHA တို့ကို အဆီများသောငါးများ (တူနာ၊ ဆယ်လ်မွန်၊ ပင်လယ်ငါး)၊ အခွံမာငါးများ (ဂဏန်း၊ ခရု) စတဲ့ ပင်လယ်စာတွေမှာ တွေ့ရပြီး ALA ကိုတော့ ဟင်းရွက်အဆီများတွင် တွေ့ရှိရပါတယ်။ အိုမီဂါသရီးအားဆေးတွေကိုလည်း ဈေးကွက်မှာ အလွယ်တကူရရှိနေတာမို့ ဒီအိုမီဂါသရီးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။
(၁)  ပင်လယ်စာများ စားခြင်းနဲ့ နှလုံးရောဂါဆက်စပ်မှုအကြောင်း လေ့လာချက်များအရ တစ်ပတ်လျှင် အနည်းဆုံး တစ်ခါခန့် ပင်လယ်စာစားသူများဟာ မစားသူတွေထက်စာပါက နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ နည်းပါးတယ်လို့ သိရပါတယ်။
ဒါဟာ ဘာလို့လဲဆိုရင် ပင်လယ်ငါးတွေမှာပါတဲ့ အိုမီဂါသရီးကြောင့်ပဲ ဖြစ်ပါတယ်။
(၂)  ပင်လယ်စာနဲ့ငါးကြီးဆီတွေမှာ တွေ့ရတဲ့ အိုမီဂါသရီးအမျိုးအစားတွေဖြစ်တဲ့ EPAနဲ့DHA တွေဟာ လေးဖက်နာကြောင့် အဆစ်များ ရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်စွမ်းရှိတယ်လို့ သိပ္ပံနည်းကျလေ့လာချက်များအရ သိရှိရပါတယ်။
(၃)  မိခင်ဝမ်းဗိုက်ထဲရှိ သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက မွေးကင်းစကလေးများနဲ့ ကလေးငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း ပင်လယ်စာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များအနေနဲ့  တစ်ပတ်ကို မာကျူရီနည်းသော ပင်လယ်စာ ၈ အောင်စကနေ ၁၂ အောင်စလောက်အထိ စားပေးသင့်ပါတယ်။
(၄)  ပြုလုပ်နေဆဲဖြစ်သော သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ ဦးနှောက်ရောဂါများနဲ့ မျက်စိရောဂါများအတွက် အိုမီဂါသရီးရဲ့ အစွမ်းထက်ပုံကို တိကျစွာသက်သေပြနိုင်ခြင်း မရှိသေးပါဘူး။
ဦးနှောက်နဲ့မျက်စိတို့ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်စေဖို့အတွက် DHA ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာတော့ ငြင်းလို့မရတဲ့အတွက် ပညာရှင်များက ရှာဖွေစူးစမ်းနေဆဲ ဖြစ်ပါတယ်။
(၅)  ပင်လယ်စာနဲ ငါးကြီးဆီတွေမှာပါတဲ့ EPA/DHA စတဲ့ အိုမီဂါသရီးတွေကို စားသုံးခြင်းကြောင့် အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း မြင့်တက်နိုင်ချေရှိမရှိကိုတော့ ပညာရှင်များ ငြင်းခုံအဖြေထုတ်နေကြဆဲ ဖြစ်ပါတယ်။
(၆)  သင့်နေ့စဉ်အစားအစာတွေမှာ ပင်လယ်စာတွေ ပါဝင်နေခြင်းက သင့်ကို ကျန်းမာစေပါလိမ့်မယ်။ ဒါကြောင့် တူနာငါး၊ ဆယ်လ်မွန်ငါးနဲ့ ပင်လယ်ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)