Botox ဘာလဲ ဘယ်လဲ
အခုခေတ်မှာ အသားအရေကို တင်းရင်းအောင် ဗိုတောက်စ် (Botox) ထိုးတာတွေ ခေတ်စားလာပါတယ်။ သူ့အကြောင်း ဗဟုသုတလေးရအောင် ဖတ်ကြည့််ကြစို့ ...
ဗိုတောက်စ် (Botox) ဆိုတာ Clostrium Botulism က ရတဲ့ အဆိပ်တစ်မျိုး။ အဆိပ် ဆိုပေမယ့်လည်း သူ့ပမာဏအတိုင်း လိုသလောက်လေး သုံးရင် အသုံးဝင်ပါတယ်။
ထိုးလိုက်ရင် သူက ကြွက်သား အကျုံ့အဆန့်လုပ်တဲ့ အာရုံကြောတွေကို ပိတ်လိုက်တယ်။ ဒီတော့ ကြွက်သားတွေ တင်းတင်းရင်းရင်း ရှိလာတာပေါ့။ အရေပြား တွန့်တာနဲ့ လိုင်းလေးတွေပျောက်ဖို့ သူ့အတိုင်းအဆနဲ့ သုံးကြ၊ ထိုးကြတယ်။
အန္တရာယ်ကင်းလားဆိုတော့ ထိုးဆေးပုံစံ ပြုပြင်ထားတဲ့ ဗိုတောက်စ် (Botox) အသားတင်းရင်းဆေးတွေက စိတ်ချရပြီး အန္တရယ်ကင်းတယ်လို့ ဆိုကြတယ်။ ဆိုးကျိူးလေးတွေ ရှိတယ်။ ဒါပေမဲ့ ဆေးကြောင့်ထက် ရောဂါအခံတစ်ခုခု ရှိနေတာကြောင့် ဖြစ်နေတာ များတယ်။
ထိုးဆေးနဲ့ လိမ်းဆေးဆို လိမ်းဆေးက ပိုစိတ်ချရတယ်။ အန္တရယ်ကင်းတယ် ပြောကြတယ်။
ထိုးမယ်ဆိုရင်၊ လိမ်းမယ်ဆိုရင် အရေပြားဆရာဝန် (သို့မဟုတ်) ပလတ်စတစ်ဆာဂျင်လို့ခေါ်တဲ့ အလှအပရေးရာ ခွဲစိတ်ဆရာဝန်တွေ ကျွမ်းကျင်မှုကို အားကိုးရမယ်။ အကြံဉာဏ် ယူရမယ်။
ကိုယ်ဝန် ရှိနေရင်၊ နို့တိုက်နေရင် မထိုးသင့်ဘူး။
မျက်လုံးအောက်နားက ကျီးခြေအရစ်တွေ၊ မျက်မှောင်ကြုတ်လိုက်ရင် ပေါ်လာတဲ့လိုင်းတွေ နဖူး အရေပြားတွန့်တာ သိပ်သက်သာတယ်လို့လည်း ပြောကြပါတယ်။
ဒီတော့ အလှအပရေးရာတင် သုံးလားဆိုတော့ မဟုတ်ဘူး။ မျက်လုံး အကြောလိုက်တာ၊ ခေါင်း တစ်ခြမ်းကိုက်ဝေဒနာ၊ လည်ပင်း အကြောတက်တာ၊ ဆီးအိမ် သိပ်အလုပ်လုပ်လွန်းတာနဲ့ ချွေး အလွန်အမင်း ထွက်သူတွေမှာလည်း သုံးကြပါသတဲ့။
ဘေးကင်းပေမယ့် ဗိုတောက်စ် (Botox) ထိုးရင် ဖြစ်တတ်တာလေးတွေ ရှိတယ်။ သတိပြုနိုင်ဖို့ပါ။
ထိုးထားတဲ့နေရာမှာ နာမယ်၊ ပူမယ်၊ ရောင်မယ်၊ ခေါင်းကိုက်မယ်၊ ချမ်းမယ်၊ ဖျားမယ်၊ ဒါတွေ ရှိတတ်ပါတယ်။ မျက်လုံးတစ်ဝိုက်ထိုးရင် မျက်ခွံတွဲကျလာတာ၊ မျက်လုံးခြောက်တာ၊ မျက်ရည်ပူတွေ အလွန်အကျွံ ကျတာတွေ ဖြစ်နိုင်သေးတယ်။ နှုတ်ခမ်းနားတစ်ဝိုက်ထိုးရင် သွားရည် တောက်လျှောက် ကျနေတာမျိုး ကြုံရတတ်တယ်။
များသောအားဖြင့် ဒါတွေက ရက်အနည်းငယ်ကြာရင် သူ့အလိုအလျောက် ပျောက်ကင်းသွားလေ့ ရှိတယ်။
မျက်ခွံ တွဲကျတာနဲ့ သွားရည်ကျတာကတော့ ပျောက်ခဲတယ်လို့ ပြောနိုင်တယ်။ သက်သာမယ်၊ ကြာမယ်ပေါ့။
>> ထိုးပြီး ဒါတွေဖြစ်ရင် ချက်ချင်းပြန်ပြပါ။
• စကားပြောရတာ ထစ်တယ်။
• အစာမျိုရ အဆင်မပြေဘူး၊ နင်တယ်။
• အသက်ရှူ ကြပ်မယ်။
• မျက်လုံး ဝါးမယ်။
• ဆီး မကြာခဏ သွားမယ်။
• ပျော့လာတယ်။
ဒါဆို အရေးကြီးတယ်။ ချက်ချင်း ပြန်ပြရမယ်။
ဗိုတောက်စ် (Botox) အသားတင်းဆေး 10 ခါလောက် ထိုးပြီးတဲ့သူတွေမှာ အစာမျိုရ ခက်တယ်၊ မျက်ခွံ တွဲကျတယ်၊ ပျို့တယ်၊ အန်တယ်၊ မျက်စိ ကြည့်မကောင်းတာတွေ ပေါ်လာတတ်တယ်။ ဒါ့အပြင် ဝါးရ ခက်တယ်၊ အသံသြလာမယ်၊ စကားထစ်မယ်၊ ပြောရတာ အားမရဘူး၊ ရင် မကြာခဏ တုန်တယ်။
ဗိုတောက်စ် (Botox) လို့ခေါ်တဲ့ အသားတင်းရင်းဆေး ထိုးမယ်ဆိုရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ ပညာရှင်နဲ့ ထိုးရမယ်။ တစ်ခါထိုးပြီးရင် 3 လကနေ 6 လပဲ ခံတယ်။ ပြန်ထိုးဖို့ လိုလေ့ရှိတယ်။ ဒီတော့ ဒီကုထုံးကို စမသုံးခင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီး စိတ်ချရတဲ့ နာမည်ရ ဆေးခန်းအလှပြင်စင်တာတွေမှာ ပြုလုပ်တာ အကောင်းဆုံးပဲလို့ ပြောပါရစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















