ငါးမျက်စိနှင့် အသားမာ (Corns & Calluses)
အရေပြားဟာ အချိန်ကြာလာတာနှင့်အမျှ ပြောင်းလဲမှုကို ရင်ဆိုင်ရပါတယ်။ နေရောင်ခံရခြင်းကြောင့် အရေပြားအရောင်ပြောင်းလဲလာသလို မကြာခဏဖိမိခြင်း၊ ပွတ်မိခြင်းတို့ကြောင့် ငါးမျက်စိ (Corns) နှင့် အသားမာ (Calluses) တို့ ဖြစ်လာတတ်ပါတယ်။ ခြေထောက်၊ ခြေချောင်း၊ လက်နှင့် လက်ချောင်းများမှာ အဖြစ်များပါတယ်။ ငါးမျက်စိနဲ့ အသားမာတက်ခြင်းဟာ အလှအပကို ဂရုစိုက်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါဘဲ။
ငါးမျက်စိနဲ့ အသားမာတက်ရခြင်းရဲ့အဓိက အကြောင်းရင်းက ကြိမ်ဖန်များစွာပွတ်တိုက်မှု၊ အဖိခံရမှု တို့ကို ခန္ဓာကိုယ်က အလိုအလျောက်ကာကွယ်မှုပြုရာမှ အရေပြားထူထဲပြီး မာလာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဂီတာတီးသူ၊ စာရေး၊ စာရိုက်သူ၊ ဖိနပ်ကျပ်ကျပ်စီးသူ၊ ချောင်နေတဲ့ဖိနပ်ကို စီးသူ၊ ခြေအိတ်မ၀တ်ဘဲ ရူးဖိနပ်စီးသူ ၊ အလုပ်ကြမ်းလုပ်သူ စတာတွေမှာ အဖြစ်များပါတယ်။ Bunions (ဘူနီယွန်) ခြေမတွင် အရိုးကဲ့သို့ မာနေတဲ့အဖုရှိသူ၊ hammer toe (တူနှင့် တူတဲ့ ခြေချောင်း) ရှိသူတွေမှာလည်း အသားမာဖြစ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် ဆင်သလိုရှိပေမဲ့ အသားမာတက်တာနဲ့ ငါးမျက်စိမှာကွဲပြားမှုတွေရှိပါတယ်။ ငါးမျက်စိ (Corns) က ပို၍သေးငယ်ပြီး အလယ်မှာ မာကျောကာ ပတ်ပတ်လည်မှာရှိတဲ့ အရေပြားက နီမြန်းရောင်ရဲနေလေ့ရှိပါ တယ်။ ခြေချောင်းကြား၊ ထိပ်နဲ့ ဘေးတွေမှာ အများဆုံးဖြစ်ပြီး ဖိမိတဲ့အခါမှာ နာကျင်မှုရှိပါတယ်။
အသားမာတတ်ခြင်းကိုတော့ လက်ဖဝါး၊ ခြေဖဝါး၊ ဒူးခေါင်းတ၀ိုက်မှာ တွေ့နိုင်ပြီး အရွယ်အစားအမျိုးမျိုးရှိပြီး ငါးမျက်စိထက်ပိုကြီးနိုင်ပါတယ်။ အသားမာတက်နေပါက ကြွက်နို့၊ အရည်အိတ်စတာတွေနဲ့ မမှားအောင် ဆရာ၀န်က အထွေထွေစစ်ဆေးမှုပြုလုပ်ခြင်း၊ ခြေလက်ပုံသဏ္႑ာန်ပြောင်းလဲခြင်းရှိ/မရှိ သိရှိရန် ဓာတ်မှန်ရိုက်ဖို့ ညွှန်ကြားခြင်းတို့ ကို ဆောင်ရွက်ပါလိမ့်မယ်။
ငါးမျက်စိနဲ့ အသားမာရှိနေပါက ရေနွေးနှင့်စိမ်ပြီး အသားမာရှိတဲ့နေရာကို ဂျီးတွန်းကျောက်တုံးနှင့် ပွတ်ပေးပါ။ ရေချိုးချိန်မှာလည်း ပြုလုပ်နိုင်ပါတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ မိမိနှင့်သင့်လျော်တဲ့ ဖိနပ်ကိုသာ ရွေးချယ်ပါ။
ဒါပေမဲ့ နာကျင်မှုရှိလာရင်တော့ ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ Salicyclic Acid 40% ပါ၀င်တဲ့ ကပ်ခွာတွေကို အသုံးပြုနိုင်ပါတယ်။ ဆေးကောင်တာတွေမှာ အလွယ်တကူ၀ယ်ယူရရှိနိုင်ပါတယ်။ Salicyclic Acid ဟာ ကောင်းမွန်တဲ့အရေပြားကို ကျိန်းစပ်စပ် စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ဆရာ၀န်ညွှန်ကြားတဲ့အတိုင်းသာ အသုံး ပြုသင့်ပါတယ်။ အသားမာကို ချွန်ထက်တဲ့ပစ္စည်းနှင့် မိမိဘာသာထိုးစွခြင်း၊ လှီးဖြတ်ခြင်း ပြုလုပ်ပါက အရေပြား ပိုး၀င်နိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ရောဂါပိုးအလွယ်တကူ ၀င်ရောက်နိုင်တာကြောင့် အထူးဂရုပြုသင့်ပါတယ်။ ခြေထောက်ပုံသဏ္႑ာန်မမှန်သူအနေဖြင့် ခြေထောက်အခုအခံသုံး ပါ။ အထူးပြုလုပ်ထားတဲ့ ဖိနပ်စီးပါ။ ခြေချောင်းအချင်းချင်းပွတ်တိုက်မှု နည်းအောင်ခြေချောင်းများ တခုနှင့်တခုကြား တွင် အကာသုံးပြီး ခြားပါ။ လိုအပ်ပါက ဆရာ၀န်နှင့်တိုင်ပင်ပြီး ခွဲစိတ်ပြုပြင်ပါ။
Dr. Htet Htet Aung















