/
news/ကျန်းမာရေး-z/ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါ

Category
ကျန်းမာရေး (A-Z)

        ငှက်ဖျားရောဂါပိုးကူးစက်ခံထားရသော ခြင်ကိုက်ခြင်းကြောင့် လူများတွင် ငှက်ဖျားရောဂါဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ငှက်ဖျားရောဂါကို အပူပိုင်းဒေသတွေနဲ့ အပူလျော့ပိုင်းဒေသတွေမှာ တွေ့ရများပြီး အပူအအေးမျှတတဲ့ ဒေသတွေ မှာ တွေ့ရခဲပါတယ်။ ကမ်ဘာတ၀န်းတွင် ငှက်ဖျားရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ဆယ်သိန်း၀န်းကျင်ရှိပါတယ်။ ငှက်ဖျားရောဂါကာကွယ်ဆေးပေါ်ပေါက်လာဖို့အတွက် သိပ္ပံပညာရှင်တွေပေါင်းပြီး ကြိုးစားလုပ်ဆောင် နေကြ ဆဲဖြစ်ပါတယ်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ငှက်ဖျားရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများမှာ -

-      ရောဂါပိုးကူးစက်ခံထားရသောခြင်အကိုက်ခံရခြင်း

-      ရောဂါပိုးရှိသောအမေမှ ဗိုက်ထဲရှိကလေးသို့ကူးစက်ခြင်း

-      သွေးသွင်းခြင်း

-      ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ်မျှေ၀သုံးစွဲခြင်း တို့ဖြစ်ပါတယ်။

        ကလေးသူငယ်များ၊ ငှက်ဖျားမရှိသောအရပ်ဒေသမှ ငှက်ဖျားရောဂါအဖြစ်များသော ဒေသသို့ အလည်လာသူများ၊ ကိုယ်၀န်ဆောင်မိခင်များ၊ ဆင်းရဲနွှမ်းပါးသူများ၊ ကျန်းမာရေးဗဟုသုတမရှိသူများ၊ ကျန်းမာရေးစောင့် ရှောက်မှုများနှင့် လက်လှမ်းမမှီသူများတွင် ငှက်ဖျားရောဂါပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

        ငှက်ဖျားအဖြစ်များသောဒေသတွင်နေထိုင်သော ဒေသခံများတွင် ငှက်ဖျားပိုးနှင့် မကြာခဏထိတွေ့မှု ကြောင့်  ခန္ဓာကိုယ်မှ ၎င်းရောဂါပိုးကို ခုခံကာကွယ်နိုင်စွမ်း တစ်စိတ်တစ်ပိုင်း ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဒါကို Partial Immunity ရှိတယ်လို့ ခေါ်ပါတယ်။ ဒီလိုရှိထားတဲ့ အတွက် ရောဂါတကယ်ဖြစ်ပြီဆိုရင်တောင် ေ၀ဒနာတွေကို ပြင်းထန်စွာ ခံစားရလေ့မရှိပါဘူး။ ဒါပေမယ့် ဒေသခံတွေက ငှက်ဖျားပိုးမရှိတဲ့ အခြားနေရာဒေသတွေ ကို ပြောင်းရွှေ့သွားရင်တော့ Partial Immunity လည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

        ငှက်ဖျားရောဂါရဲ့ အဓိကလက္ခဏာ (၃) ရပ်က

၁။   အလွန်အမင်းချမ်းတုန်ဖျားခြင်း

၂။   အဖျားအလွန်ကြီးခြင်း

၃။   ကိုယ်အပူချိန်ကျသွားချိန်တွင် ချေွးထွက်အလွန်များလွန်းခြင်း တို့ဖြစ်ပါတယ်။ ဒီလက္ခဏာ (၃) ရပ်ဟာ ထပ်တလဲလဲ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကို Recurrent Attack ဖြစ်တယ်လို့ ခေါ်ပါတယ်။

          အခြားလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အန်ခြင်းနဲ့ ၀မ်းပျက်ခြင်းတို့ဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေဟာ ငှက်ဖျားပိုးရှိတဲ့ခြင်ကိုက်ခံရပြီး ရက်သတ္တပတ်များ မကြာမီပေါ်လာတတ်ပါတယ်။ ဒါပေမယ့် တချို့ ငှက်ဖျားပိုးအမျိုးအစားတွေကတော့ ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ နှစ်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။

ရောဂါစမ်းသပ်စစ်ဆေးခြင်း

        ငှက်ဖျားရောဂါရှိနေကြောင်းကို သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ သွေးစစ်ဆေးခြင်းဖြင့်

၁။    ငှက်ဖျားရောဂါပိုးရှိ၊ မရှိ

၂။    ငှက်ဖျား ရောဂါပိုးဖြစ်စေသော ကပ်ပါးကောင်အမျိုးအစားနှင့် ဆေးယဉ်ပါးမှုရှိ၊ မရှိ

၃။    အခြားသောအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းရှိ၊ မရှိ တို့ကို သိရှိနိုင်ပါတယ်။

ရောဂါကုသခြင်း

        ငှက်ဖျားရောဂါကုထုံးသည် ကပ်ပါးကောင်အမျိုးအစား၊ ရောဂါလက္ခဏာပြင်းထန်မှု၊ အသက်အရွယ်နှင့် ကိုယ်၀န်ဆောင်ခြင်းရှိ၊ မရှိပေါ်မူတည်နေပါတယ်။

အသုံးများတဲ့ဆေးဝါးများကတော့

          Choloroquine, Quinine Sulfate, Hydroxychloroquine, Mefloquine, Combination of atovaquone and proguanil တို့ဖြစ်ပါတယ်။

        ယခုအခါမှာ ဆေးယဉ်ပါးမှုများဖြစ်ပေါ်လျက်ရှိတာကြောင့် ဆေးဝါးအသစ်များကို ရှာဖွေလျက်ရှိပါတယ်။

ငှက်ဖျားရောဂါမဖြစ်အောင် ကာကွယ်ခြင်း

        ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။

-      ငှက်ဖျားရောဂါဖြစ်ပွားနေသောဒေသသို့ ခရီးသွားမယ်ဆိုပါက ဆရာ၀န်နှင့်ကြိုတင်တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများကြိုတင်ယူဆောင်သွားခြင်း (သို့) သောက်သုံးသွားခြင်း

-      အိမ်အနီးတ၀ိုက်ကို ခြင်ဆေးများဖြန်းထားခြင်း

-      ဆေးစိမ်ခြင်ထောင်အသုံးပြုခြင်း ( အထူးသဖြင့် ကိုယ်၀န်ဆောင်များနှင့် ကလေးသူငယ်များအနေဖြင့် အိပ်စက် ချိန်တိုင်း မဖြစ်မနေ ခြင်ထောင်ထောင်ပြီးမှ အိပ်သင့်ပါတယ်။)

-      ခြင်ကိုက်ခြင်းမှကာကွယ်နိုင်ရန် ခြင်ကိုက်များသည့် နေ၀င်ရီတရောအချိန်မှ အရုဏ်တက်ချိန်အထိ အကျႌ လက်ရှည်၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်ခြင်း

-      အ၀တ်အစားများကို Premethrin ပါသော စပရေးဖျန်းထားပြီး အရေပြားကို DEET ပါသော စပရေးဖျန်းထားခြင်း

ငှက်ဖျား၏ နောက်ဆက်တွဲဆိုးကျိုးများ

-      ငှက်ဖျားပိုး ဦးနှောက်အတွင်း၀င်ခြင်း (Cerebral Malaria) - ရောဂါဖြစ်စေသော ကပ်ပါးကောင်ပါ၀င် သည့် သွေးဆဲလ်များ ဦးနှောက်သွေးကြောငယ်များအတွင်း ပိတ်ဆို့ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ သတိမေ့မျောခြင်း

-      အဆုတ်အမြှေးပါးကို ရေလွှမ်းသွားခြင်းကြောင့် အသက်ရှုရခက်ခဲခြင်း

-      အသဲ၊ ကျောက်ကပ်နှင့် ဘေလုံးများပျက်စီးခြင်း

-      သွေးအားအလွန်နည်းသွားခြင်း

-      သွေးတွင်းရှိ အချိုဓါတ်နည်းပါးခြင်း ( ငှက်ဖျားရောဂါကြောင့်ဖြစ်နိုင်သလို ငှက်ဖျားရောဂါကုဆေး Quinine ကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

ငှက်ဖျားရောဂါခံစားနေရသူများ စားသုံးသင့်သော အစားအစာများ

        ငှက်ဖျားရောဂါခံစားနေရသော ေ၀ဒနာရှင်များအနေဖြင့် လိမေ္မာ်သီးဖျော်ရည် ၊ သံပုရာသီးဖျော်ရည် ၊ အခြားလတ်ဆတ်သော သီးနှံများ (နာနတ်သီး၊ သငေ်္ဘာသီး၊ ကမ္ဗလာသီး၊ စပျစ်သီး၊ ပန်းသီး၊ သရက်သီး၊ ဂရိတ်ဖရုသီး)၊ သစ်ကြံပိုးခေါက်အမှုန့် ၊ ဂျင်းနဲ့ ပင်စိမ်း တို့ကို စားသုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှလိုအပ်တဲ့ ပရိုတင်းနှင့် အဆီဓါတ်များရရှိစေရန်အတွက် သေချာကျက်အောင်ကျိုချက်ထားတဲ့ နွားနို့ကို သောက်သုံး ပေးသင့်ပါတယ်။ နာလန်ထူစအချိန်မှာတော့ အာဟာရဓါတ်ပြည့်၀လာစေရန် ဆန်၊ ဂျုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ၀လံနဲ့ အစေ့အဆန်တို့ကို ညီညွတ်မျှတစွာ စားသုံးပေးဖို့လိုအပ်ပါတယ်။

ငှက်ဖျားရောဂါခံစားနေရသူများ ရှောင်ကြဉ်သင့်သော အစားအစာများ

          ငှက်ဖျားရောဂါဖြစ်နေပါက ကဖင်ဓါတ်ပါသောအရည်များ (ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အားဖြည့်အချိုရည်)၊ အရက်၊ အလွန်အမင်းသန့်စင်ထားသော ဆန်နှင့်သကြားများ၊ အသားများ၊ အချဉ်ရည်နဲ့ ချဉ်ဖတ်စတာတွေကို ရှောင်ရှားသင့်ပါတယ်။

www.drmyanmar.com