စအိုပြည်တည်နာ
စအိုနားတစ်ဝိုက်မှာ ပြည်တွေစုလာတာကြောင့် နာကျင်ခြင်းခံစားရတဲ့ အခြေအနေကို ပြည်တည်နာ လို့ဆိုကြပါတယ်။ ပြည်တည်နာအများစုဟာ စအိုဂလင်းငယ်တွေကို ပိုးဝင်လို့ဖြစ်ကြရတာပါ။ အဖြစ် အများဆုံးပြည်တည်နာအမျိုးအစားကတော့ စအိုပတ်လည်ပြည်တည်နာပဲဖြစ်ပါတယ်။ စအိုနားတစ်ဝိုက်မှာနီရဲပြီး ပူနွေးတဲ့အလုံးတစ်ခုဖြစ်ပေါ်လာကာ အလွန်ပင်နာကျင်စေပါတယ်။ တစ်သျှူးအတွင်းပိုင်းမှာဖြစ်တဲ့ စအိုပြည်တည်နာတွေကတော့ သိပ်ဖြစ်လေ့မရှိတဲ့အပြင် အတွေ့ရလည်းနည်းပါတယ်။
စအိုပြည်တည်နာအမျိုးအစားအားလုံးအတွက် ပြုလုပ်လေ့ရှိတဲ့ ကုထုံးကတော့ ပြည်များကိုခွဲစိတ်၍ စုတ်ထုတ်ခြင်းပဲဖြစ်ပြီး အများအားဖြင့် အောင်မြင်လေ့ရှိကြပါတယ်။ 50% ရာခိုင်နှုန်းသော လူနာတွေမှာတော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဂရင်ဂျီနာဖြစ်တတ်ပါတယ်။ ဂရင်ဂျီနာဆိုတာ ပြည်တည် နာဖြစ်တဲ့နေရာနဲ့ အရေပြားကြားမှာ ပုံမမှန်တဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာပြီး လှို်င်ခေါင်းသဖွယ်ဖြစ်လာတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
အချို့ဖြစ်စဉ်တွေမှာတော့ ၎င်းဂရင်ဂျီနာမှာ အရည်တွေကစိမ့်စိမ့်ထွက်နေတတ်ပါတယ်။ အခြားဖြစ်စဉ်တွေမှာတော့ အပေါက်ဝဟာပိတ်သွားပြီး စအိုပြည်တည်နာထပ်တလဲလဲဖြစ်စေတတ်ပါတယ်။ အားလုံးနီးပါးသော ဂရင်ဂျီနာတွေဟာ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းအရင်းများ
စအိုပြည်တည်နာဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်။ ၎င်းတို့မှာ -
- စအိုဂရင်ဂျီနာ (စအိုလမ်းကြောင်းမှာရှိတဲ့ အရေပြားမှာ အသေးစားအပေါ်ယံစုတ်ပြဲခြင်း)
- လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ
- စအိုဂလင်းများ ပိတ်ဆို့ခြင်း
စအိုပြည်တည်နာဖြစ်ပွားမှုနှုန်းမြင့်တက်စေတဲ့ အချက်တွေကတော့ -
- အူမကြီးရောင်ခြင်း
- အူလမ်းကြောင်းရောင်ရမ်းသောရောဂါများ (Crohn’s disease or ulcerative colitis)
- ဆီးချိုရောဂါ
- အူနံရံရှိ အိတ်ငယ်လေးများ ရောင်ရမ်းခြင်း (Diverticulitis)
- တင်ပဆုံရောင်ရမ်းသောရောဂါ
- စအိုဖြင့်ဆက်ဆံသူများ
- စတီးရွိုက်ကဲ့သို့ဆေးများသုံးစွဲခြင်း
ကလေးငယ်တွေမှာတော့ မကြာခဏအတွင်းခံအဝတ်လဲပေးခြင်းနှင့် စအိုနားတစ်ဝိုက်ကို သေချာစွာ သန့်စင်စေခြင်းနည်းလမ်းများဖြင့် စအိုဂရင်ဂျီနာနဲ့ စအိုပတ်လည်ပြည်တည်နာဖြစ်ခြင်းများကို ဟန့်တားနိုင်ပါတယ်။
ရောဂါလက္ခဏာများ
အပေါ်ယံဖြစ်တဲ့ စအိုပြည်တည်နာတွေနဲ့ ဆက်စပ်နေတာကတော့ -
နာကျင်ခြင်း - အဆက်မပြတ်စူး၍နာကျင်တာ ထိုင်တဲ့အချိန်မှာဆိုပိုမိုဆိုးရွားတတ်ပါတယ်။
- စအိုနားတစ်ဝိုက်မှာ ရောင်ရမ်းခြင်း၊ နီရဲခြင်းနှင့် ထိမိပါက နာကျင်ခြင်း
- ပြည်များစိမ့်ထွက်ခြင်း
- ဝမ်းချုပ်ခြင်း (သို့) အူလှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့ နာကျင်ခြင်း
အတွင်းပိုင်းစအိုပြည်တည်နာတွေနဲ့ ဆက်စပ်နေတာကတော့ -
- ဖျားနာခြင်း
- ချမ်းတုန်ခြင်း
- နုန်းချိခြင်း
တခါတရံတွင် ဖျားနာခြင်းကသာ အတွင်းပိုင်းပြည်တည်နာများတွင် တစ်ခုတည်းသော ရောဂါ လက္ခဏာဖြစ်နိုင်ပါတယ်။
ရောဂါရှာဖွေခြင်း
စအိုအတွင်းသို့ လက်ချောင်းထည့်၍ စမ်းသပ်ခြင်းအပါအဝင် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းဖြင့်ပင် စအိုပြည်တည်နာရောဂါကို သိနိုင်ပါတယ်။ ဒါပေမယ့် အချို့သူတွေမှာတော့ အောက်ပါရောဂါတွေအတွက် အခြားစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရန်လိုအပ်ပါတယ်။
- လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ
- အူလမ်းကြောင်း ရောင်ရမ်းသောရောဂါ
- အူအတက်ငယ်များစွာရှိသောရောဂါ
- အူမကြီးကင်ဆာ
အလွန်ရှားပါးသော ဖြစ်စဉ်များတွင်တော့ မေ့ဆေးဖြင့်ပြုလုပ်ရန်လိုအပ်ပြီ်း တယ်လီဗီးရှင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် (သို့) သံလိုက်လှိုင်းဓာတ်မှန်များရိုက်ရန် ဆရာဝန်မှ ညွှန်ကြားနိုင်ပါတယ်။
ကုသမှုခံယူခြင်း
ပြည်တည်နာမပေါက်ပြဲမီ ခွဲစိတ်၍ ပြည်ထုတ်ခြင်းကိုချက်ချင်းပြုလုပ်ရန်မှာ အရေးကြီးလှပါတယ်။ အပေါ်ယံပြည်တည်နာများအတွက် ထုံဆေးဖြင့် ဆေးခန်းတွင်သာခွဲစိတ်နိုင်သော်လည်း အတွင်းပိုင်း ထိရောက်သော အနာများအတွက်မူ ဆေးရုံတက်ရန်လိုအပ်နိုင်ပြီး မေ့ဆေးဆရာဝန်၏ အကူအညီကို ရယူရန်လည်း လိုအပ်တတ်ပါတယ်။
ခွဲစိတ်မှုခံယူပြီးနောက် အနာသက်သာစေရန် ဆေးများပေးလေ့ရှိပါတယ်။ ကျန်းမာသောသူများအတွက် ပဋိဇီဝဆေးဝါးများသောက်သုံးရန် မလိုအပ်သော်လည်း ဆီးချိုရောဂါ (သို့) ကိုယ်ခံအားကျဆင်းနေ သူများကတော့ ပိုးသတ်ဆေးများသောက်သုံးသင့်ပါတယ်။
တစ်ခါတစ်ရံမှာ ဂရင်ဂျီနာခွဲစိတ်ခြင်းကို ပြည်တည်နာနဲ့အတူ တစ်ခါတည်းပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ပြည်တည်နာမှပြည်များကို စုတ်ထုတ်ပြီး 4 ပတ်မှ 6 ပတ်ကြာမှသာ ဂရင်ဂျီနာ များဖြစ်ပေါ်လာလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်မဖြစ်ပွားတတ်ပေ။ ဒါကြောင့် ဂရင်ဂျီနာခွဲစိတ်ကုသခြင်းကို ပြင်ပလူနာဌာနမှာ သီသန့်လုပ်ဆောင်မှုအနေနဲ့သော်လည်းကောင်း၊ ဆေးရုံရက်တိုတက်၍သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။
ပြည်တည်နာ (သို့) ဂရင်ဂျီနာခွဲစိတ်ကုသပြီးနောက် သက်တောင့်သက်သာမဖြစ်ခြင်းမှာ သိပ်မပြင်းထန်တာကြောင့် အနာသက်သာဆေးများသောက်သုံးရုံဖြင့် သက်သာစေပါတယ်။ ကျောင်း (သို့) အလုပ်မှလည်း ခွင့်ရက်ရှည်ယူ၍ မလိုအပ်ပေ။
အနာဖြစ်နေတဲ့နေရာကို တစ်နေ့လျှင် သုံးလေးကြိမ်ခန့် ရေနွေးစိမ်ရန်၊ ဝမ်းမှန်စေဖို့ ဝမ်းပျော့ဆေးများသောက်သုံးရန်နဲ့ အရည်များစိမ့်ထွက်ရာမှ အဝတ်များစွန်းပေခြင်းကိုကာကွယ်ရန် အတွင်းခံအဝတ်များဝတ်ဆင်ရန်တို့ကို အကြံပေးလေ့ရှိပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် ခံစားရနိုင်သောနောက်ဆက်တွဲဆိုးကျိုးများမှာ -
- ရောဂါပိုးဝင်ခြင်း
- စအိုပြဲခြင်း
- ပြည်တည်နာ ထပ်မံဖြစ်ပွားခြင်း
- အမာရွတ်ဖြစ်ခြင်း တို့ဖြစ်ကြပါတယ်။
စအိုပြည်တည်နာ (သို့) ဂရင်ဂျီနာသည် ကောင်းစွာအနာကျက်ပြီးနောက် ထပ်မံမဖြစ်ပွားနိုင်တော့ပေ။ ဒါကြောင့် ထိုကဲ့သို့ အနာသေချာကျက်စေရန် ဆရာဝန်၏လမ်းညွှန်ချက််များကို တိတိကျကျလိုက်နာသင့်ပါတယ်။
Dr. Thinzar Wynn














