ထိပ်ကပ်နာ (Actue Sinusitis)
Acute Sinusitis (ထပ်ကပ်နာ) ဆိုသည်မှာ နှာခေါင်းအတွင်းရှိ လိုဏ်ခေါင်း(လေခိုအိတ်) များ ရောင်ရမ်းခြင်းကို ဆိုလိုပါတယ်။ ထိုသို့ရောင်ရမ်းခြင်းကြောင့် နှာရည်ယိုခြင်း၊ မျက်နှာနာခြင်း၊ ကိုက်ခြင်း ဖြစ်တတ်ပါတယ်။ ထိပ်ကပ်နာဖြစ်ပွားရသော အကြောင်းရင်းအမျိုးမျိုးရှိပြီး အဓိကအားဖြင့် အအေးမိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ထိပ်ကပ်နာကို အိမ်တွင်းကုထုံးများဖြင့် သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ ရက်သတ္တပတ် ၈ပတ်ထက်ကျော်ပြီး ထိပ်ကပ်နာဖြစ်ပါက နာတာရှည်လို့ သတ်မှတ်ပါတယ်။နာတာရှည်ဖြစ်လျင်တော့ ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ကိုခံစားရနိုင်ပါတယ်။
ဖြစ်ပွားသောအကြောင်းရင်း
ထိပ်ကပ်နာဖြစ်စေတဲ့ အကြောင်းရင်းများမှာ -
- အအေးမိခြင်း
- ဓာတ်မတည့်ခြင်း
- နှာခေါင်းအတွင်းတွင် အသားပိုရှိခြင်း
- နှာခေါင်းတွင်းခြား ကန့်လန့်ကာစောင့်နေခြင်း
- သွားနှင့် ခံတွင်းဘက်တီးရီးယားပိုး၀င်ခြင်း
- စားချဉ်ပြန် ရောဂါရှိခြင်း
- မှိုပိုး ၀င်ရောက်ခြင်း
- ခုခံအားကျဆင်းမှုဆိုင်ရာ ရောဂါရှိခြင်း
- ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း တို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေအနေနဲ့ -
- အဝါရောင် (သို့) အစိမ်းရောင်ရှိသော ပျစ်ခဲခဲနှာရည်များကျဆင်းခြင်း
- နှာခေါင်းပိတ်ခြင်း
- မျက်ရိုး၊ ပါးရိုးကိုက်ခြင်း
- အန့ံခံနိုင်စွမ်းနှင့် အရသာခံနိုင်စွမ်းလျော့လာခြင်း
- ညအခါတွင် ချောင်းပိုဆိုးခြင်း
- နားကိုက်ခြငး်
- ခေါင်းကိုက်ခြင်း
- မေးရိုးနာကျင်ခြင်း
- ခံတွင်းအနံ့ဆိုးခြင်း
- နုံးခွေခြင်း
- အဖျား၀င်ခြင်း တို့ကို ခံစားရလေ့ရှိပါတယ်။
အောက်ပါရောဂါလက္ခဏာများတွေ့ရှိပါက ဆရာ၀န်နှင့် ချက်ချင်းပြသပါ။
- မျက်လုံးတ၀ိုက်နာကျင်ခြင်း
- နဖူးရောင်ရမ်းခြင်း
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း
- နှစ်ထပ်မြင်ခြင်း
- ဇက်ခိုင်ခြင်း
- အသက်ရှူမ၀ခြင်း
ကုသမှု
အမြန်ဆုံး နလန်ပြန်ထူလာအောင်နှင့် ရောဂါလက္ခဏာများ သက်သာအောင်ပြုလုပ်ခြင်း ကသာ လိုအပ်တဲ့ ကုသမှုဖြစ်ပါတယ်။
ရောဂါလက္ခဏာ သက်သာစေရန်
နှာခေါင်းတွင်း ဓာတ်ဆားရည် ဖြန်းပေးခြင်း (Saline nasal Spray)၊ fluticasone, beclomethasone ကဲ့သို့သော စတီးရွိုက်ပါ၀င်တဲ့ ဖျန်းဆေးများ အသုံးပြုခြင်း Oxymetazoline ပါ၀င်သော နှာခေါင်းပွင့်ဆေးများ အသုံးပြုခြင်း၊ နာကျင်ကိုက်ခဲမှု သက်သာစေရန် ပါရာစီတမော (paracetamol), အိုင်ဗျူပရိုဖန် (Ibuprofen), အက်စပရင် (Aspirin) စသော အကိုက်အခဲပျောက်ဆေးများ အသုံးပြုခြင်း တို့ပြုလုပ်နိုင်ပါတယ်။ Aspirin ဆေးဝါးကို ဆရာ၀န်ခွင့်ပြုချက်ဖြင့်သာ သုံးစွဲသင့်ပါတယ်။
ရောဂါလက္ခဏာ အလွန်ပြင်းထန်ပါက
Amoxicillin, Doxycycline, Trimethoprim, Sulfamethoxazole (Bactrim, Septra) စတဲ့ ပဋိဇီ၀ဆေးဝါးများဖြင့် ကုသနိုင်ပါတယ်။
ဒါပေမယ့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း ဆေးကိုအပြည့်အ၀သောက်ဖို့လိုအပ်ပါတယ်။ တခါတရံ မှိုသတ်ဆေး အသုံးပြုဖို့ လိုအပ်ပါတယ်။
ဓာတ်မတည့်မှုကြောင့် ဖြစ်တာဆိုရင်တော့ Immunotherapy နည်းကို အသုံးပြုနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
- ပန်းနာရင်ကြပ် ရောဂါထခြင်း
- နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း
- ဦးနှောက် အမြှေးပါးရောင်ရမ်းခြင်း
- အမြင်အာရုံ ချို့ယွင်းလာခြင်း
- နားအတွင်းရောဂါပိုး၀င်ရောက်ခြင်း။
ကာကွယ်ခြင်း
ထိပ်ကပ်နာ မဖြစ်ရလေအောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ပါ။
- အအေးမမိအောင် ဂရုစိုက် ဆင်ခြင်ပါ။
- ဓာတ်မတည့်တဲ့ရောဂါရှိပါက ဆရာ၀န်နှင့် သေချာစွာပြသပါ။
- ဆေးလိပ်ငွေ့မရှူ ရှိုက်မိအောင် နေပါ။
- အခန်းတွင်း၌ စိုထိုင်းမှုရှိစေရန် ရေငွေ့ ထုတ်စက်အသုံးပြုပါ။
ထိပ်ကပ်နာခံစားရပါက
- အနားယူပါ။
- ရေများများသောက်ပါ။
- ရေနွေးငွေ့ရှုပါ။
- ရေနွေးနှင့် ရေချိုးပါ။
Dr. Htet Htet Aung
















