/
news/ကျန်းမာရေး-z/ဓာတ်မှန်-x-ray-ဆိုတာ-ဘာလဲ

ဓာတ်မှန် (X-ray) ဆိုတာ ဘာလဲ?

Category
ကျန်းမာရေး (A-Z)

         ဓာတ်မှန်ဟာ ခန္ဓာကိုယ်တွင်းရှိ ပုံရိပ်တွေကို ဖမ်းယူရာမှာမြန်ဆန်ပြီး နာကျင်မှုမရှိတာကြောင့် အသုံးများတဲ့ ကျန်းမာရေး စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ အရိုးကျန်းမာရေးကို စစ်ဆေးရာမှာ အလွန် ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းနိုင်တဲ့ ရောင်ခြည် (X-ray) ကိုအသုံးပြုပြီး ရိုက်ကူးတာဖြစ်ပါတယ်။

          X-ray ရောင်ခြည်ကို သာမန်မျက်စိနဲ့ မမြင်နိုင်သလို ခံစားလို့လည်းမရပါဘူး။ X-ray ရောင်ခြည်ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားတဲ့အခါမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကနေ X-ray ရောင်ခြည်မှ စွမ်းအင်တွေကို စုပ်ယူပါတယ်။ ခန္ဓာကိုယ်ထဲကို ဖြတ်လာတဲ့ X-ray ရောင်ခြည်ကို X-ray ဖမ်းယူစက်မှနေ ဖမ်းယူပြီးပုံရိပ်အဖြစ်သို့ ပြောင်းလဲပေးပါတယ်။

          အရိုးကဲ့သို့သော သိပ်သည်းဆများတဲ့နေရာတွေဟာ X-ray ရောင်ခြည်ဖောက်ထွက်ရန် ခက်ခဲပြီးဓာတ်မှန်မှာအဖြူရောင် အစိတ်အပိုင်းတွေအနေနဲ့ တွေ့ရပြီး နှလုံး၊ အဆုတ်နေရာလို နူးညံ့ တဲ့နေရာတွေက ရောင်ခြည်ဖော်ထုတ်ရန်လွယ်ကူပြီး အမဲရောင်နေရာအဖြစ် တွေ့ရပါတယ်။

          X-ray နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို စစ်ဆေးလို့ရပါတယ်။ အဓိကအားဖြင့် အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုရှာဖွေဖို့အသုံးပြုလေ့ရှိပါတယ်။ X-ray ကနေတဆင့် သိရှိနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ -

-   အရိုးကျိုးခြင်း၊ အရိုးအက်ကွဲခြင်း

-   သွားဘက်ဆိုင်ရာပြဿနာများ (ဥပမာ - သွားပြည်တည်ခြင်း)

-   ခါးကိုင်းခြင်း (Scoliosis)

-   အရိုးတွင်ဖြစ်သော ကျူမာများ

-   အဆုတ်ကင်ဆာ၊ အဆုတ်ရောင်ခြင်းကဲ့သို့သော အဆုတ်ပိုင်းဆိုင်ရာပြဿနာများ

-   အစာမြိုရန်ခက်ခဲခြင်း

-   နှလုံးနှင့်ဆိုင်သောပြဿနာ

-   ရင်သားကင်ဆာ တို့ပဲဖြစ်ပါတယ်။

          X-ray ကို ကုသမှုအထောက်အကူပြုပစ္စည်းအနေနဲ့ အသုံး၀င်ပါသေးတယ်။ ဥပမာ - နှလုံးသွေးကြောချဲ့ရာမှာ သွေးကြောတလျှောက် Catheter (ပြွန်) သွားရန်လမ်းကြောင်း လမ်းညွှန်ဖို့အတွက် X-ray အသုံးပြုနိုင်ပါတယ်။

          X-ray ရိုက်မယ်ဆိုရင် ကိုယ်၀န်ရှိနေပါက သက်ဆိုင်ရာဆရာ၀န်ထံကြိုတင်အကြောင်းကြားထားပါ။ ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုများခြင်းက ကလေးငယ်မှာ ကင်ဆာရောဂါကိုဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

          X-ray ရိုက်မယ်ဆို သက်သာချောင်ချိတဲ့ အ၀တ်အစားတွေကို၀တ်ဆင်သွားပါ။ သတ္တုပါ၀င်သောအ၀တ်အစားများ၊ လက်၀တ်ရတနာများ ကြိုတင်ချွတ်ထားပါ။ ဓာတ်မှန်ရိုက်တော့မယ်ဆိုရင် ရိုက်မယ့်လူက ပြောင်မျက်နှာပြင်ရှိတဲ့နေရာမှာ မျက်နှာမူပြီးကပ်လျက် အနေအထား (သို့) လဲလျောင်းလျက်နေရပါမယ်။

          သီးသန့်အခန်းငယ်မှာရှိတဲ့ ဓာတ်မှန်ရိုက်ကျွမ်းကျင်သူကနေ ဓာတ်မှန်စက်ကိုအသုံးပြုပြီး စစ်လိုတဲ့အစိတ်အပိုင်းကို ချိန်ရွယ်ရိုက်ကူးမှာဖြစ်ပါတယ်။ ရိုက်ကူးခြင်းက စက္ကန့်ပိုင်းမျှသာကြာမြင့်မှာဖြစ်ပြီး ရှင်းလင်းပြတ်သားဖို့ ပုံရိပ်ကိုရရှိဖို့အတွက် X-ray ရိုက်ပြီးသည့်တိုင်အောင် အချိန်အနည်းငယ်အမျှ ငြိမ်ငြိမ်နေပေးဖို့လိုအပ်ပါတယ်။

          ခန္ဓာကိုယ်အတွင်းရှိ နူးညံ့တဲ့တစ်သျှူးများဖြင့် ဖွဲ့စည်းထားသောအင်္ဂါအစိတ်အပိုင်းများ (ဥပမာ - ကျောက်ကပ်၊ ဆီးအိတ်၊ သွေးကြော) စတာတွေနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှား သိလိုတာကြောင့် ဘေရီယမ် (barium) ဓာတ်ဆား၊ အိုင်အိုဒင်း ကဲ့သို့သော ဓာတ်မှန်ရိုက်ရာတွင်ကွဲပြားစေတဲ့ ကြားခံပစ္စည်း (Contrast Agent) စတာတွေအသုံးပြုပြီးရိုက်တဲ့ Contrast X-ray အမျိုးအစားလည်းရှိပါတယ်။

♦ Contrast Agent တွေ အသုံးပြုပြီးရိုက်တဲ့ X-ray အမျိုးအစားများ

1. Barium Swallow - အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းပြဿနာတွေကို သိရှိဖို့အတွက် barium ဓာတ်ဆားကိုအသုံးပြုပြီး ရိုက်တာဖြစ်ပါတယ်။

2. Barium Enema - စအိုပေါက်မှ ပိုက်ထည့်၍ barium ဓာတ်ဆားကို အူမကြီးအတွင်း Caecum အထိထည့်သွင်း၍ အူမကြီးကို စမ်းသပ်စစ်ဆေးတဲ့နည်းတစ်ခု ဖြစ်ပါတယ်။

3. Angiography - အိုင်အိုဒင်း (Iodine) ပါသော ဆေးကိုအသုံးပြု၍ နှလုံး၊ သွေးကြော တွေကိုပုံရိပ်ဖော်စစ်ဆေးတဲ့နည်း ဖြစ်ပါတယ်။

4. Intravenous Urography (IVU) - အိုင်အိုဒင်းကိုသွေးကြောအတွင်းသို့ ထိုးသွင်းပြီးကျောက်ကပ်နှင့် ဆီးအိမ်တို့ကို ပုံရိပ်ဖော်တဲ့ ဆီးလမ်းကြောင်း X-ray ဖြစ်ပါတယ်။

          သာမန် X-ray ရိုက်ဖို့အတွက် အထွေအထူးပြင်ဆင်စရာမလိုပေမယ့် Contrast X-ray ရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။

          Contrast X-ray ရိုက်ပြီးချိန်မှာလည်း အသုံးပြုတဲ့ Contrast Agent တွေကြောင့် ၀မ်းအရောင်ပြောင်းခြင်း၊ အမြင်မှုန်ဝါး ခြင်း၊ အနီစက်ထွက်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေကို ယာယီခံစားရလေ့ရှိပါတယ်။ ပုံမှန်ဓာတ်မှန်ကတော့ အဲလိုဘေးထွက် ဆိုးကျိုးတွေကိုမဖြစ်စေပါဘူး။ ဒ့ါအပြင် X-ray ရိုက်ရာမှာ အနည်းဆုံးသော ဓာတ်ရောင်ခြည်ပမာဏကို အသုံးပြုတာကြောင့် နှစ်ပေါင်း များစွာကြာတဲ့အခါမှာ ကင်ဆာဖြစ်ဖို့ အလားအလာရှိပေမယ့် ဖြစ်နိုင်ချေအလွန်နည်းပါးပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com