ပါကင်ဆန်ရောဂါ (Parkinson’s disease)
Parkinson’s disease သည် အာရုံကြောစနစ်ပျက်ဆီးခြင်းကြောင့်ဖြစ်ပြီး လှုပ်ရှားသွားလာမှုကို အဓိက ထိခိုက်စေပါတယ်။ တဖြည်းဖြည်းချင်းဖြစ်တတ်ပြီး အစပို်င်းတွင်း လက်တစ်ဖက်သာ မသိမသာ တုန်တတ်ပါတယ်။ တွေ့ရများတဲ့ အခြားရောဂါလက္ခဏာများကတော့ လှုပ်ရှားမှုနှေးကွေးခြင်းနဲ့ အကြော အဆစ်များ တောင့်တင်းခြင်းတို့ဖြစ်ပါတယ်။ အချိန်ကြာသည်နှင့်အမျှ ရောဂါပိုဆိုးလာပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာပါတယ်။ Parkinson’s disease ကို ကုသနိုင်ခြင်းမရှိသော်လည်း ဆေးဝါးများဖြင့် ရောဂါလက္ခဏာများကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အချို့အခြေအနေများ၌ ဦးနှောက်အားခွဲစိတ်ခြင်းဖြင့်လည်း သက်သာရာရစေနိုင်ပါတယ်။
1. ဖြစ်ပွားရသည့်အကြောင်းရင်းများ
Parkinson’s disease သည် ဦးနှောက်တွင် Dopamine ထုတ်ပေးသော neurons များ ပျက်ဆီး ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Dopamine လျော့နည်းလာခြင်းကြောင့် ဦးနှောက်တွင်း ပုံမှန် မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်လာပါတယ်။
Parkinson’s ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုမသိသော်လည်း သက်ဆိုင်နိုင်သော အချက်များမှာ -
မျိုးဗီဇ ပြောင်းလဲခြင်း( Genetic Mutation ) - သုတေသနများအရ ရောဂါဖြစ်စေသော မျိုးဗီဇ ဖောက်ပြန်မှုကြောင့် Parkinson ရောဂါ ဖြစ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
ပတ်၀န်းကျင် - အဆိပ် (သို့) ပတ်၀န်းကျင်အခြေအနေအချို့သည် ရောဂါဖြစ်ပွားရန် ရာခိုင်နှုန်းကို တိုးတက်စေသည်။ သို့သော် ပြောပလောက်သောပမာဏတော့ မဟုတ်ပါဘူး။
2. Parkinson ရောဂါဖြစ်ပွားနိုင်ချေများစေသောအကြောင်းများ
(1) အသက်အရွယ် - လူငယ်များတွင် ဖြစ်ပွားနိုင်ချေနည်းပါးပါတယ်။ သက်လတ်ပိုင်း၊ သက်ကြီးရွယ်အို များတွင် ဖြစ်ပွားပြီး၊ အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားနိုင်ချေ ပိုများလာပါတယ်။ ယေဘုယျအားဖြင့် အသက် ၆၀ နှင့် အထက်တွင် စတင်ဖြစ်ပွားတတ်ပါတယ်။
(2) မျိုးရိုးဗီဇ - Parkinson ရောဂါရှိသူနှင့် ဆွေမျိုးနီးစပ်စွာတော်ပါက ဖြစ်ပွားနိုင်ချေမြင့်မားစေပါတယ်။ သို့သော် အမျိုးထဲမှတစ်ယောက်ဖြစ်ရုံမျှဖြင့် သိသာလောက်အောင်ဖြစ်ပွားနိုင်ချေမများပေ။ အမျိုးသားများသည် အမျိုးသမီး များထက် ပိုမိုအဖြစ်များပါတယ်။
(3) အဆိပ် - ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်းကြောင့် အန္တရာယ်ပိုများစေပါတယ်။
3. ရောဂါလက္ခဏာများ
Parkinson ရောဂါ၏လက္ခဏာများသည် တစ်ယောက်နှင့်တစ်ယောက်မတူညီပဲ ကွဲဲပြားသွားနိုင်ပါတယ်။ အစောပိုင်းလက္ခဏာများသည် သတိမထားမိပဲရှိနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခြမ်းတွင် စတင်တတ်ပြီး ထိုအခြမ်း သည် ဆက်တိုက်ဆိုသလို ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
Parkinson ရောဂါလက္ခဏာများမှာ -
တုန်ခြင်း - ခြေလက်တုန်ခြင်းဖြင့် စတင်တတ်ပြီး လက်ချောင်းများလဲ တုန်တတ်ပါတယ်။
လှုပ်ရှားမှုနှေးကွေးခြင်း - အချိန်ကြာသည်နှင့်အမျှ Parkinson ရောဂါသည် လှုပ်ရှားမှုများကို နှေးကွေးစေပြီး၊ ပုံမှန် အလုပ်များကို လုပ်ဆောင်ရန် ခက်ခဲလာစေပါတယ်။ ထိုင်ရာမှထရန်ခက်ခဲခြင်း၊ လမ်းလျှောက်ရာတွင် ခြေလှမ်း ကျဲကျဲ မလှမ်းနိုင်ခြင်းတို့ဖြစ်တတ်သည်။ ခြေထောက်ဆွဲနေသဖြင့် လှုပ်ရှားရခက်ခဲတတ်ပါတယ်။
ကြွက်သားများတောင့်တင်းခြင်း - ခန္ဓာကိုယ်၏မည်သည့်အစိတ်အပိုင်း၌မဆိုဖြစ်နိုင်ပြီး၊ လှုပ်ရှားမှုခက်ခဲကာ နာကျင်မှုကိုဖြစ်စေပါတယ်။
ဟန်ချက်မညီခြင်း - ရောဂါကြောင့် ဟန်ချက်ထိန်းရန်ခက်ခဲစေပါတယ်။
အလိုအလျောက်လှုပ်ရှားမှုများမရှိခြင်း - ခန္ဓာကိုယ်မှ အလိုအလျောက်လုပ်ပေးသော မျက်တောင်ခတ်ခြင်း၊ ပြုံးခြင်း၊ လမ်းလျှောက်စဉ်လက်လွှဲခြင်း၊ စကားပြောစဉ် လက်ဟန်သုံးခြင်းစသည်တို့ လျော့ကျသွားပါတယ်။
စကားပြောပုံပြောင်းလဲခြင်း - စကားပြောရန်ခက်ခဲပြီး အသံတိုးခြင်း၊ စကားမပီခြင်း၊ မြန်ခြင်း၊ နှောင့်နှေးခြင်းစသည် တို့ဖြစ်နိုင်ပါတယ်။
စာရေးပုံပြောင်းလဲခြင်း - စာလုံးများသေးကွေး၍ စာရေးရန်ခက်ခဲလာပါတယ်။
ဆေးဝါးဖြင့် အထက်ပါရောဂါလက္ခဏာများကို များစွာသက်သာစေနိုင်ပါတယ်။ ဆေးဝါးများသည် Dopamine ကို အစားထိုးခြင်း (သို့) တိုးမြှင့်စေခြင်းပြုလုပ်ပေးပါတယ်။
4. ရောဂါစမ်းသပ်စစ်ဆေးခြင်း
Parkinson ရောဂါအားစစ်ဆေးရန် စမ်းသပ်မှုမရှိချေ။ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆရာ၀န်မှ ရောဂါ သမိုင်းကြောင်း၊ လက္ခဏာများ၊ စမ်းသပ်ချက်တို့ပေါ်မူတည်၍ ရောဂါရှိကြောင်း သတ်မှတ်ပေးပါတယ်။ တစ်ခါတစ်ရံ Parkinson ရောဂါမှန်း သေချာသိရန်အချိန်ယူရတတ်ပါတယ်။
5. ကုသခြင်း
Parkinson ရောဂါအားပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိပေ။ ဆေးများဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ ရောဂါရင့်လာပါက ခွဲစိတ်ကုသနိုင်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အထူးသဖြင့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။
ဆေးဝါးများ
ဆေးဝါးများဖြင့် လမ်းလျှောက်ခြင်း၊ လှုပ်ရှားမှုဆိုင်ရာပြဿနာများကို သက်သာရာရစေနိုင်သည်။ ကုသမှု အစပိုင်းတွင် တိုးတက်မှုသိသာသော်လည်း အချိန်ကြာမြင့်ပါက ဆေး၏အကျိုးကျေးဇူးများလျော့နည်းလာတတ်သည်။
Parkinson ရောဂါတွင်သုံးလေ့ရှိသောဆေးများမှာ -
Carbidopa – Levodopa
Levodopa သည် Parkinson ရောဂါအတွက် အထိရောက်ဆုံးဖြစ်ပြီး ဦးနှောက်အတွင်း၌ dopamine အဖြစ် ပြောင်းလဲသွားပါတယ်။ Carbidopa နှင့်ပေါင်းစပ်ထားခြင်းဖြင့် ဦးနှောက်တွင်းမရောက်မီ dopamine ပြောင်းလဲခြင်းကို ကာကွယ်ထားပါတယ်။ နှစ်ရှည်ကြာ၍ ရောဂါရင့်လာပါက အကျိုးကျေးဇူး လျော့နည်းလာပါတယ်။
Dopamine agonists
Dopamine အဖြစ်ပြောင်းလဲခြင်းမရှိဘဲ ဦးနှောက်တွင်း dopamine နှင့်တူသော သက်ရောက်မှုကို ပေးပါတယ်။ Levodopa ဆေးလောက် ထိရောက်မှုမရှိသော်လည်း ရေရှည်အသုံးပြုနိုင်ပါတယ်။
MAO-B inhibitors
ဦးနှောက်တွင်း dopamine ပျက်ဆီးမှုမှကာကွယ်ပေးသည့် အင်ဇိုင်း monoqmine oxidase B (MAO-B) ဖြစ်ပါတယ်။
Amantadine
အစောပိုင်းအဆင့်ရောဂါလက္ခဏာများအား ခေတ္တသက်သာစေရန် amantadine ကိုသုံးသည်။ နှောင်းပိုင်း အဆင့်များ၌လည်း carvidopa-levodopa ဖြင့် တွဲဖက်သုံးပါတယ်။
ခွဲစိတ်ကုသခြင်း
Deep Brain Stimulation (DBS)
ဦးနှောက်တွင်း electrodes ထည့်သွင်းကာ ရင်ဘတ်တွင်းရှိ ဂျင်နရေတာဖြင့် ချိတ်ဆက်၍ ဦးနှောက်တွင်း လျှပ်စစ်လှိုင်းပေးခြင်းဖြင့် Parkinson ရောဂါလက္ခဏာများကို သက်သာအောင် ကုသခြင်းဖြစ်ပါတယ်။ ရောဂါလက္ခဏာ များဆိုးဝါးမလာရန် နှစ်ပေါင်းများစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။
6. နောက်ဆက်တွဲဆိုးကျိုးများ
Parkinson ရောဂါ၏ နောက်ဆက်တွဲပြဿ နာများမှာ -
စဉ်းစားရခက်ခဲခြင်း - နောက်ပိုင်းအဆင့်များတွင် စဉ်းစားရခက်ခဲခြင်းများဖြစ်တတ်ပြီး ဆေးဖြင့်ကုသရန်ခက်ခဲ လာပါတယ်။
စိတ်ဓာတ်ကျခြင်း - ဤရောဂါကြောင့် စိတ်ဓာတ်ကျလာတတ်ပြီး စိတ်ကျခြင်းကိုကုသပါက ပါကင်ဆန်ရောဂါ ၏ အခြားပြဿ နာများကိုပါ ကုသရန်လွယ်ကူစေပါတယ်။
မျိုချရခက်ခဲခြင်း - မျိုချရခက်ခဲသဖြင့် တံတွေးများ ပါးစပ်တွင်းစုလာကာ သွားရေယိုခြင်းဖြစ်တတ်ပါတယ်။
အိပ်စက်ရန်ခက်ခြင်း - ပါကင်ဆန်ရောဂါရှိပါက အိပ်စက်ရန်ခက်ခဲတတ်ပြီး တစ်ညလုံး မကြာခဏနိုးခြင်း၊ စောစီးစွာ နိုးခြင်းတို့ ဖြစ်တတ်ပါတယ်။
ဆီးနှင့်ဆိုင်သောပြဿနာများ - ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားရခက်ခြင်းတို့ဖြစ်တတ်ပါတယ်။
၀မ်းချုပ်ခြင်း - ပါကင်ဆန်ရောဂါရှိပါက အများအားဖြင့် ၀မ်းချုပ်နိုင်ပါတယ်။
သွေးပေါင်ချိန်ပြောင်းလဲခြင်း - မတ်တတ်ထပါက သွေးပေါင်းချိန်ကျသဖြင့် မူးေ၀နိုင်ပါတယ်။
မောပန်းခြင်း - ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်းကိုခံစားရတတ်ပါတယ်။
နာကျင်မှု - ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း (သို့) ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုကိုခံစားရတတ်ပါတယ်။
7. ကာကွယ်ခြင်း
ပါကင်ဆန်ရောဂါ၏ ဖြစ်ပွားရခြင်းအကြောင်းရင်းအား မသိနိုင်သဖြင့် ကာကွယ်ရန်နည်းလမ်းကိုလည်း မသိနိုင်ချေ။
8. Parkinson ရောဂါရှိသူများအတွက် နေထိုင်မှုပုံစံ
ကျန်းမာရေးနှင့်အညီ စားသောက်ခြင်း
သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များကို အဓိကထားစားသောက်၍ အမျှင်ဓာတ် ပါ၀င်မှုများသော အစားအစာများနှင့် ရေဓာတ်လုံလောက်စွာရရှိစေခြင်းဖြင့် ပါကင်ဆန်ရောဂါတွင် ဖြစ်လေ့ရှိသော ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ Omega-3 Fatty acids ပါ၀င်သော ငါးများကိုလည်း စားသုံးသင့်ပါတယ်။
လေ့ကျင့်ခန်း
လေ့ကျင့်ခန်းကြောင့် ကြွက်သားများသန်မာစေ၍ျ ဟန်ချက်ညီစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကြောင့် စိတ်ဖိ စီးမှုနှင့်စိုးရိမ်မှုတို့ကိုလျော့ကျစေပါတယ်။ ပါကင်ဆန်ရောဂါသည် ဟန်ချက်မညီခြင်းကို ဖြစ်စေပြီး လေ့ကျင့်ခန်းဖြင့် ထိုအခြေအနေကို တိုးတက်စေနိုင်ပါတယ်။
လဲမကျစေရန်သတိထားခြင်း
ရောဂါရင့်လာပါက အလွယ်တကူ ချော်လဲနိုင်တဲ့အတွက် ဂရုစိုက်ပြီး သွားလာဖို့လိုပါတယ်။
စိတ်ဖိစီးမှုကင်းေ၀းအောင် နေထိုင်ခြင်း
တရားထိုင်ခြင်း၊ ထိုက်ချိကစားခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ မိသားစုနှင့် နွေးထွေးသော ဆက်ဆံရေးရှိခြင်းကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။














