လည်ပင်းကြီးရောဂါ
လည်ပင်းကြီးရောဂါဆိုတာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားနေတာကို ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်း ဆိုတာကတော့ လည်ပင်းအရှေ့လည်ဇလုတ်အောက်နားလေးမှာရှိတဲ့ လိပ်ပြာပုံစံဂလင်းလေးဖြစ်တယ်။ ပုံမှန်အားဖြင့် လည်ပင်းကြီးရောဂါက နာကျင်မှုမရှိပမေယ့် လည်ပင်းအကျိတ်ကြီးလာမယ်ဆိုရင်တော့ ချောင်းဆိုးခြင်း၊ အစာမျိုချရခက်ခြင်း၊ အသက်ရှူရခက်ခြင်းကို ဖြစ်စေပါတယ်။
လည်ပင်းကြီးရောဂါဖြစ်စေတဲ့ အဖြစ်များဆုံး အကြောင်းအရင်းက အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ ဖြစ်ပါတယ်။ လည်ပင်းကြီး အလုံးအရွယ်အစား ရောဂါလက္ခဏာတွေနဲ့ ဖြစ်ရတဲ့အကြောင်းတွေအပေါ်မှာ မူတည်ပြီးတော့ ကုထုံးအမျိုးမျိုး ရှိပါတယ်။ အလုံးလည်းသေး လက္ခဏာလည်းမပြတဲ့ လည်ပင်းကြီးရောဂါဆိုရင်တော့ ပုံမှန်အားဖြင့် ကုသဖို့ မလိုပါဘူး။
♦ ရောဂါလက္ခဏာများ
လည်ပင်းကြီးရောဂါအားလုံးက ရောဂါလက္ခဏာ မပြတတ်ပါဘူး။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -
♦ လည်ပင်းအောက်ခြေနားလောက်တွင် အလုံးဖြစ်ခြင်း (အထူးသဖြင့် အမွှေးရိတ်ချိန် သို့မဟုတ် မိတ်ကပ်လိမ်းချိန်တွေမှာ ပိုသိသာပါတယ်)
♦ လည်ပင်းတွင် တင်းကြပ်ကြပ် ခံစားရခြင်း
♦ ချောင်းဆိုးခြင်း
♦ အသံသြလာခြင်း
♦ အစာမျိုချရခက်ခြင်း
♦ အသက်ရှူရခက်ခြင်း
♦ ရောဂါဖြစ်စေသော အကြောင်းအရင်းများ
သိုင်းရွိုက်ဂလင်းတွေကနေပြီးတော့ thyroxine (T4) နဲ့ triiodothyromine (T3) ဆိုတဲ့ အဓိကဟော်မုန်း 2 မျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောထဲမှာ လည်ပတ်နေပြီးတော့ ခန္ဓာကိုယ်ရဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီနဲ့ ကစီဓာတ်တွေ အသုံးပြုမှု၊ ခန္ဓာကိုယ်အပူချိန်၊ နှလုံးခုန်နှုန်းနဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းက သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်ပမာဏကို ထိန်းချုပ်တဲ့ calcitonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုလည်း ထုတ်ပေးပါတယ်။
လည်ပင်းကြီးရောဂါတိုင်း သိုင်းရွိုက်ဂလင်း ပုံမှန်အတိုင်း အလုပ်မလုပ်တော့တာ မဟုတ်ပါဘူ။ လည်ပင်းကြီးနေမယ်ဆိုရင်တောင် ဟော်မုန်းပမာဏ ပုံမှန် (သို့) နည်းနည်း (သို့) များများ ထုတ်တာတွေ ဖြစ်နိုင်ပါတယ်။
♦ လည်ပင်းကြီးစေတဲ့ အဖြစ်များဆုံး အချက်များ
1. အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း - အိုင်အိုဒင်းကို ပင်လယ်ရေနှင့် ကမ်းရိုးတန်းဒေသရှိ မြေကြီးတွေထဲမှာ အဓိကတွေ့ရပြီးတော့ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကုန်းတွင်းပိုင်းနဲ့ တောင်ပေါ်ဒေသမှာ နေထိုင်သူတွေဟာ အိုင်အိုဒင်းဓာတ် ချို့တဲ့ပြီးတော့ လည်ပင်းကြီးရောဂါ ဖြစ်တတ်ပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီစတဲ့ အစားအစာတွေက အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကို ပိုဆိုးစေပါတယ်။
2. ကမ္ဘာ့နေရာ အနှံ့အပြားမှာ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အိုင်အိုဒင်းဓာတ်မပါခြင်းက လည်ပင်းကြီးရောဂါ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပေမယ့် ဆားနှင့် အခြားအစားအစာတွေထဲမှာ အိုင်အိုဒင်းဓာတ် ထည့်သွင်းထားတဲ့ နိုင်ငံတွေမှာ ဒါက အဓိကအကြောင်းအရင်း မဟုတ်ပါဘူး။
3. Graves' Disease - ဒီရောဂါမှာဆိုရင် သိုင်းရွိုက်ဟော်မုန်းထုတ်တာ များပြီးတော့ သိုင်းရွိုက်ဂလင်းကို ရောင်စေပါတယ်။
4. Hashimoto's Disease - ဒီရောဂါကတော့ သိုင်းရွိုက်ဂလင်း ပျက်စီးပြီးတော့ သိုင်းရွိုက်ဟော်မုန်း ထုတ်တာနည်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်တာ နည်းရင်လည်း လည်ပင်းကြီးရောဂါ ဖြစ်စေပါတယ်။
5. အလုံးများ လည်ပင်းကြီးရောဂါ - သိုင်းရွိုက်ဂလင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ အသားလုံး (သို့) အရည်လုံးတွေ အများကြီးဖြစ်တဲ့ ရောဂါတစ်မျိုးပါ။
6. သိုင်းရွိုက်အလုံးတစ်လုံးထဲ ကြီးခြင်း - သိုင်းရွိုက်ဂလင်းရဲ့ တစ်ဖက်မှာ အလုံးတစ်လုံးထဲ ကြီးတာဖြစ်ပြီးတော့ ဒီအလုံးတွေက ကင်ဆာမဖြစ်ပါဘူး။
7. သိုင်းရွိုက်ကင်ဆာ
8. ကိုယ်၀န်ဆောင်မိခင် - ကိုယ်၀န်ဆောင်ချိန်မှာထွက်တဲ့ ဟော်မုန်းတစ်မျိုးက သိုင်းရွိုက်ဂလင်းကို ကြီးစေပါတယ်။
9. သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း - သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု များခြင်း (သို့) နည်းခြင်း ဖြစ်စေပါတယ်။
♦ ဖြစ်နိုင်ခြေများသော အချက်များ
♦ နေ့စဉ်စားသုံးသော အစားအစာများတွင် အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း
♦ အမျိုးသမီးများ - အမျိုးသမီးတွေမှာ သိုင်းရွိုက်ပြဿနာတွေနဲ့ လည်ပင်းကြီးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
♦ အသက်အရွယ် - လည်ပင်းကြီးရောဂါက အသက် 40 အထက်မှာ ပိုဖြစ်များပါတယ်။
♦ မိသားစုထဲမှာ (သို့) ကိုယ် ကိုယ်တိုင်မှာ ကိုယ်ခံအားကိုပြန်တိုက်တဲ့ ရောဂါရာဇ၀င်ရှိတယ်ဆိုရင် လည်ပင်းကြီးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
♦ ကိုယ်၀န်ဆောင်စဉ်နှင့် သွေးဆုံးပြီးချိန်
♦ အချို့သောဆေးဝါးများ - နှလုံးဆေးအချို့နှင့် စိတ်ရောဂါကုဆေးအချို့က ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
♦ ဓာတ်ရောင်ခြည်ထိတွေ့မှု - လည်ပင်းနှင့် ရင်ဘတ်တွေကို ဓာတ်ကင်ကုသမှုခံယူဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
အလုံးသေးသေးလေးတွေက ဘာပြဿနာမှမဖြစ်ပေမယ့် အလုံးကြီးလာတဲ့အခါမှာ အသက်ရှူရခက်ခြင်း၊ အစာ မျိုချရခက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသံသြလာခြင်းတို့ ဖြစ်လာပါတယ်။
သိုင်းရွိုက်ဟော်မုန်း နည်းလွန်းခြင်း၊ သိုင်းရွိုက်ဟော်မုန်း များလွန်းခြင်းကြောင့်ဖြစ်တဲ့ လည်ပင်းကြီးရောဂါတွေမှာဆိုရင် မောပန်းလွယ်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း/ကျခြင်း၊ ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
♦ ရောဂါရှာဖွေဖော်ထုတ်ခြင်း
♦ သွေးတွင်းရှိ ဟော်မုန်းပမာဏ စစ်ဆေးခြင်း
♦ ပဋိပစ္စည်း စစ်ဆေးခြင်း
♦ လည်ပင်းကို ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
♦ သိုင်းရွိုက် scan ဖတ်ခြင်း
♦ အသားစ စစ်ဆေးခြင်း
♦ ကုထုံးများ
လည်ပင်းကြီး အလုံးအရွယ်အစား ရောဂါလက္ခဏာနဲ့ ဖြစ်ရတဲ့အကြောင်းအရင်းတွေပေါ်မှာ မူတည်ပြီးတော့ ကုထုံးအမျိုးမျိုး ရှိပါတယ်။
♦ စောင့်ကြည့်လေ့လာခြင်း - လည်ပင်းကြီး အလုံးသေးပြီးတော့ ဘာလက္ခဏာမှမပြဘဲ သိုင်းရွိုက်ကလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်ဆိုရင် ဒီအတိုင်းပဲ စောင့်ကြည့်နိုင်ပါတယ်။
♦ ဆေးဝါးများ
♦ ခွဲစိတ်ကုသခြင်း - သိုင်းရွိုက်ဂလင်း ကြီးလာပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုပါတယ်။ သိုင်းရွိုက်ကင်ဆာဆိုရင်လည်း ခွဲစိတ်ကုသရပါမယ်။
♦ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း
♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
နေ့စဉ်စားသုံးတဲ့ အစားအစာတွေကြောင့် လည်ပင်းကြီးရောဂါ ဖြစ်တာဆိုရင် အောက်ပါအကြံပြုချက်တွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
♦ အိုင်အိုဒင်းဓာတ် လုံလောက်စွာ စားသုံးပါ။ အိုင်အိုဒင်းဆား၊ ပင်လယ်စာ၊ ပင်လယ်ရေမှော် စတဲ့ အစားအစာတွေကို တစ်ပတ်နှစ်ကြိမ်ခန့် စားသုံးပေးပါ။ ပုစွန်ဆိတ်နဲ့ အခြားအကြေးခွံပါတဲ့ငါးတွေမှာလည်း အိုင်အိုဒင်းဓာတ် ကြွယ်၀စွာ ပါ၀င်ပါတယ်။ ကမ်းရိုးတန်းဒေသမှာပေါက်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အိုင်အိုဒင်းဓာတ် ပါ၀င်ပါတယ်။
♦ လူတိုင်းက တစ်နေ့ကို အိုင်အိုဒင်းဓာတ် 150μg လိုအပ်ပါတယ်။ (အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်းတစ်၀က်) အထူးသဖြင့် ကိုယ်၀န်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ ကလေးတွေမှာ လုံလောက်စွာ စားသုံးဖို့ အရေးကြီးပါတယ်။
♦ အိုင်အိုဒင်းဓာတ် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဖြစ်လေ့မရှိပေမယ့် အိုင်အိုဒင်းဓာတ် များလွန်းရင်လည်း လည်ပင်းကြီးရောဂါကို ဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















