လိပ်ခေါင်းရောဂါ (Haemorrhoid / Pile)
လိပ်ခေါင်းရောဂါဆိုတာ ဘယ်လိုမျိုးလဲ ?
စအိုနဲ့စအို၀မှာရှိနေတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းဖောင်းပွလာတဲ့အခါ လိပ်ခေါင်းရောဂါဖြစ်ပေါ်ပါ တယ်။ ၀မ်းချုပ်လို့ အရမ်းညှစ်ရတဲ့အခါမျိုး၊ ကိုယ်၀န်ရှိလို့ ၀မ်းဗိုက်ထဲမှာ ဖိအားများလာတဲ့အခါမျိုးတွေမှာ စအိုပတ်၀န်းကျင်က သွေးပြန်ကြောတွေ ရောင်ရမ်းဖောင်းပွလာတတ်ပါတယ်။ စအိုအတွင်းမှာ လိပ်ခေါင်းဖြစ်ရင် အတွင်းလိပ်လို့ခေါ်ပြီး စအို၀ပတ်ပတ်လည်မှာ လိပ်ခေါင်း ဖြစ်ရင်အပြင်လိပ်လို့ခေါ်ပါတယ်။
လိပ်ခေါင်းရောဂါဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါမျိုးဖြစ်ပါတယ်။ အသက် ၅၀ ရှိတဲ့သူတွေ ထက်၀က်လောက်မှာ လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ စအို၀ယားယံခြင်း၊ အောင့်တောင့်တောင့်ဖြစ်ခြင်း၊ စအိုမှသွေးကျခြင်းစတာတွေကို ခံစားရလေ့ရှိပါတယ်။
ကံကောင်းတဲ့အချက်က လိပ်ခေါင်းရောဂါကို ကုသဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိနေပါတယ်။ လိပ်ခေါင်းရောဂါအများစုဟာဆိုရင် အိမ်မှာဆေးလိမ်း၊ ဆေးသောက်လုပ်တာ၊ နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲလိုက်တာတွေနဲ့တင် ပျောက်ကင်း သက်သာသွားနိုင်ပါတယ်။
လိပ်ခေါင်းရောဂါရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ ?
(၁) ၀မ်းသွားနေတုန်းမှာ နာကျင်မှုမရှိဘဲ စအို၀က သွေးကျတာမျိုး ကြုံပြီဆိုရင် လိပ်ခေါင်း ရောဂါလက္ခဏာဆိုတာ သတိပြုရပါမယ်။ နာကျင်မှုမရှိတဲ့အတွက် စဖြစ်ဖြစ်ခြင်းမှာ သတိမထားမိဘဲ ရှိနိုင်ပါတယ်။ အများစုကတော့ အိမ်သာခွက်ထဲမှာ သွေးတွေတွေ့တာ၊ အိမ်သာသုံးစက္ကူပေါ် မှာ သွေးတွေတွေ့တာစသည်ဖြင့် လိပ်ခေါင်းရောဂါကို သတိပြုမိတတ်ကြပါတယ်။
(၂) တချို့မှာတော့ စအို၀ပတ်ပတ်လည်မှာ ယားယံတတ်ကြပါတယ်။
(၃) တချို့က အောင့်တောင့်တောင့်လေးခံစားရပြီး တချို့မှာတော့ စအို၀မှာ နာကျင်လာတတ်ပါတယ်။
(၄) စအို၀မှာ အလုံးထွက်လာတတ်ပါတယ်။ အဲဒီအလုံးက တချို့မှာနာကျင်နေတတ်ပြီး တချို့မှာတော့ မနာမကျင်ဘဲ ရှိနေနိုင်ပါတယ်။
(၅) စအို၀ပတ်ပတ်လည်မှာ ဖောင်းကြွရောက်ရမ်းလာနိုင်ပါတယ်။
(၆) တချို့မှာဆိုရင် ၀မ်းမလုံတာမျိုး (၀မ်းမသွားချင်ဘဲ ၀မ်းထွက်တာမျိုး) ကြုံရလေ့ရှိပါ တယ်။
လိပ်ခေါင်းရောဂါလက္ခဏာတွေဟာ လိပ်ခေါင်းဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကွဲပြားခြားနားပါ တယ်။ အတွင်းလိပ်ဖြစ်တယ်ဆိုရင် လိပ်ခေါင်းကိုမမြင်ရတတ်ပါဘူး။ လိပ်ခေါင်းရှိမှန်းမသိသာဘူး။ အောင့်တာ၊ နာတာတွေဖြစ်ဖို့ အခွင့်အရေးနည်းပါတယ်။ ၀မ်းသွားတဲ့အခါကျမှသာ မစင်နဲ့ လိပ်ခေါင်းပွတ်တိုက်မိတဲ့ အတွက် သွေးထွက်တာကို တွေ့ရပါတယ်။ တစ်ခါတလေမှာ အတွင်းလိပ်က ၀မ်းသွားနေတုန်း စအိုအပြင်ဘက်ကို ထွက်လာနိုင်ပါတယ်။ အတွင်းလိပ်အပြင်ထွက်ခြင်း (Prolapsed Pile) လို့ခေါ်ပါတယ်။ အဲဒီလိုအပြင်ကိုထွက်လာပြီဆိုရင် ယားယံပြီးနာကျင်လာတတ်ပါတယ်။
အပြင်လိပ်မှာတော့ စဖြစ်ကတည်းက စအို၀ရဲ့ အပြင်ဘက်၊ စအို၀ပတ်ပတ်လည်မှာ စဖြစ်ပါတယ်။ ပွတ်တိုက်မိတဲ့အခါ ယားယံပြီး သွေးထွက်ပါတယ်။ တစ်ခါတလေမှာ အပြင်လိပ် ဖြစ်စေတဲ့ သွေးပြန်ကြောတွေ ထဲက သွေးတွေခဲသွားတဲ့အခါ ပြင်းပြင်းထန်ထန် ရောင်ရမ်းနာကျင် တတ်ပါတယ်။
လိပ်ခေါင်းရောဂါဘယ်လိုဖြစ်ပေါ်လာတာလဲ ?
စအိုနဲ့ စအို၀ပတ်ပတ်လည်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖိအားတစ်ခုခုကြောင့် ဖောင်းကြွလာတဲ့အခါ လိပ်ခေါင်းရောဂါစတင်ဖြစ်ပေါ်ပါတယ်။ ဖိအားများစေတဲ့ အချက်တွေကတော့ -
(၁) ၀မ်းချုပ်လို့၀မ်းညှစ်ခြင်း
(၂) အိမ်သာထဲမှာ အချိန်ကြာမြင့်စွာထိုင်ခြင်း
(၃) အချိန်ကြာမြင့်စွာ၀မ်းချုပ်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ၀မ်းသွားခြင်း
(၄) အ၀လွန်ခြင်း
(၅) ကိုယ်၀န်ရှိခြင်း
(၆) စအိုဖြင့်လိင်ဆက်ဆံခြင်း
(၇) အမျှင်ဓာတ်မစားခြင်း သို့မဟုတ် အစားနည်းခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။
အသက်အရွယ်အိုမင်းလာခြင်းဟာ လိပ်ခေါင်းရောဂါဖြစ်ဖို့ အခွင့်အရေးကို ပိုလာစေပါ တယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ စအိုပတ်၀န်းကျင်က သွေးပြန်ကြောတွေ ကို ထောက်ကန်ပေးထားတဲ့ အသား၊ တစ်သျှူးတွေ အားနည်းသွားလို့ဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ ?
လိပ်ခေါင်းရောဂါမှာ ယေဘုယျအားဖြင့် အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ နောက်ဆက် တွဲဆိုးကျိုးမရှိပါဘူး။
(၁) သွေးအားနည်းခြင်း
လိပ်ခေါင်းဖြစ်နေတာကို သတိမပြုမိရင်ဘဲဖြစ်ဖြစ်၊ သတိပြုမိရဲ့သားနဲ့ ကုသမှုမခံယူတာပဲ ဖြစ်ဖြစ် လိပ်ခေါင်းက သွေးထွက်တာကြာလာပြီဆိုရင် သွေးအားနည်းလာပါလိမ့်မယ်။ နုံးခွေမောပန်းပြီး အားနည်းလာပါလိမ့်မယ်။
(၂) လိပ်ခေါင်းပုပ်ခြင်း (Strangulated haemorrhoid)
လိပ်ခေါင်းဖြစ်စေတဲ့ ဖောင်းကြွနေတဲ့ သွေးပြန်ကြောတွေကို ပိတ်ဆို့လာတဲ့အခါ သွေးပြန်ကြောနဲ့ သွေးပြန်ကြောအနီးတ၀ိုက်က အသားစတစ်သျှူးတွေ ပုပ်သွားတတ်ပါတယ်။ ပြင်းပြင်းထန်ထန် နာကျင်တတ်ပါတယ်။
လိပ်ခေါင်းရောဂါကို ဘယ်လိုစမ်းသပ်စစ်ဆေးရမလဲ ?
အပြင်လိပ်ဖြစ်တယ်ဆိုရင် ဆရာ၀န်က မျက်စိနဲ့ကြည့်ရုံနဲ့ လိပ်ခေါင်းဖြစ်မှန်းသိပါတယ်။ အတွင်းလိပ်ဖြစ်ရင် ရောဂါရာဇ၀င်ကို တိတိကျကျပြောပြဖို့လိုပါတယ်။ ရောဂါရာဇ၀င်ကို တိတိကျကျသိရင် လိပ်ခေါင်းရောဂါဖြစ်နိုင်တယ်ဆိုတာ မှန်းဆလို့ရပါတယ်။ ပိုပြီးသေချာဖို့အတွက် အောက်ပါစမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်ပါတယ်။
(၁) စအိုကို လက်ညှိုးဖြင့်စမ်းသပ်ခြင်း
ဆရာ၀န်က လက်အိတ်စွပ်ပြီး စအိုအတွင်းသို့ လက်ညှိုးဖြင့် ထိုးသွင်းကာ စမ်းသပ်ပါတယ်။ နာကျင်မှုမရှိစေဖို့အတွက် လက်အိတ်မှာဆီသုတ်ပေးထားပါတယ်။ စအိုကို လက်ညှိုး ဖြင့်စမ်းသပ်စစ်ဆေးပြီးတဲ့အခါ စအိုအတွင်း မူမမှန်မှု ရှိမရှိကို သိရှိနိုင်ပါတယ်။
(၂) စအိုတွင်းကို ကြည့်ရှုစစ်ဆေးခြင်း
စအိုတွင်းကို လက်ညှိုးထိုးသွင်းစမ်းသပ်လို့ တိတိကျကျမသိရှိပါက စအိုတွင်းကို ကြည့်ရှုစစ်ဆေးရပါတယ်။ စအိုအတွင်း၀လေးပဲ ကြည့်ရှုစစ်ဆေးမယ်ဆိုရင် anoscope ကိုသုံးပါတယ်။ အနည်းငယ်ရှေ့တိုးပြီးကြည့်ချင်ရင် Proctoscope, Sigmoidoscope စတာတွေကို လိုအပ်သလို အသုံးပြုစစ်ဆေးကြပါတယ်။
လူနာက အသက် ၅၀ ကျော်နေပြီး အူမကြီးမှန်ပြောင်း တစ်ခါမှမကြည့်ရသေးဘူးဆိုရင် Colonoscope ကြည့်ဖို့ ဆရာ၀န် က တိုက်တွန်းပါလိမ့်မယ်။
လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ ?
လိပ်ခေါင်းရောဂါအများစုက အိမ်မှာ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလိုက်ရုံနဲ့ သက်သာ ပျောက်ကင်းပါတယ်။ တစ်ချို့ကတော့ ဆေးဝါးများဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း စတာတွေပြုလုပ်ဖို့ လိုအပ်လာနိုင်ပါတယ်။
(၁) ဆေးဝါးများဖြင့် ကုသခြင်း
လိပ်ခေါင်းရောဂါဟာ သိပ်မဆိုးသေးဘူး၊ သိပ်မခံစားသေးဘူးဆိုရင် စအိုလိမ်းဆေး အနှစ် (Cream)၊ လိမ်းဆေးအဆီ (Ointment) နဲ့ စအိုတွင်းသို့ ထည့်သည့်ဆေး (Suppositories) စတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒီဆေးတွေမှာ လိပ်ခေါင်းကြောင့်ဖြစ်တဲ့ နာကျင်မှု၊ ယားယံမှု တွေကို ခဏပဲဖြစ်ဖြစ် သက်သာစေတဲ့အာနိသင်ရှိပါတယ်။
တကယ်လို့ အဲဒီလိုဆေးတွေသုံးပြီး ရက်သတ္တပတ်တစ်ပတ်ကျော် ကြာသွားတာတောင် ရောဂါမပျောက်ကင်းသေးဘူးဆိုရင် ဆက်မသုံးပါနဲ့တော့။ ဆရာ၀န်နဲ့ပြရပါမယ်။ ဆရာ၀န်က ဆက်သုံးဖို့ ညွှန်ကြားရင်ဆက်သုံးနိုင်ပါတယ်။ လိုအပ်ရင်အဲဒီဆေးတွေကိုရပ်ပြီး အခြားဆေးဝါး ပြောင်းပေးတာမျိုး၊ ခွဲစိတ်ကုသဖို့ ညွှန်ကြားတာမျိုးတွေကို ပြုလုပ်ပါလိမ့်မယ်။
(၂) ခန္ဓာကိုယ်အတွင်းပိုင်းကို အနည်းငယ်သာ၀င်ရောက်သော ခွဲစိတ်ကုသခြင်း (Minimally Invasive Procedure)
အပြင်လိပ်ခေါင်း(သို့) လိပ်ခေါင်းထဲမှာ သွေးခဲသွားတယ်ဆိုရင် အဲဒီသွေးခဲကို ဆရာ၀န်က ဓားရာလေးတစ်ချက်ပေးပြီး ခွဲထုတ်လိုက်နိုင်ပါတယ်။ လိပ်ခေါင်းရောဂါကို ပျောက်ကင်းသက်သာသွားစေပါတယ်။
သွေးတွေဆက်တိုက်ထွက်နေတဲ့ လိပ်ခေါင်း ဒါမှမဟုတ် အရမ်းနာကျင်ခံစားနေရတဲ့ လိပ်ခေါင်းဖြစ်နေတယ်ဆိုရင် အခြားခွဲစိတ်မှု နည်းလမ်းအမျိုးအစားတွေကို အသုံးပြုရပါလိမ့်မယ်။ ဆေးခန်းမှာ ဒါမှမဟုတ် ပြင်ပလူနာဌာနမှာ ပြုလုပ်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့
* သားရေကွင်းပစ်ခြင်း (Rubber band ligation)
အတွင်းလိပ်ခေါင်းရဲ့ အညှာနေရာကို သေးငယ်တဲ့ သာရေးကွင်းတစ်ကွင်း သို့မဟုတ် နှစ်ကွင်းဖြင့် စည်းနှောင်လိုက်ပါတယ်။ သားရေကွင်းစည်းလိုက်တော့ လိပ်ခေါင်းဆီကို သွေးမရောက်တော့ပါဘူး။ လိပ်ခေါင်းဟာတစ်ပတ်အတွင်း ရှုံ့ခြောက်ပြီးကြွေကျသွားပါတယ်။ လိပ်ခေါင်းရောဂါ အတော်များများမှာ သားရေကွင်းပစ်တဲ့နည်းလမ်းက ထိထိရောက်ရောက် ကုသပျောက်ကင်း စေပါတယ်။
တစ်ခုရှိတာက သားရေကွင်းပစ်ပြီး စည်းထားရင်နေရထိုင်ရတာ မသက်မသာဖြစ်စေပါ တယ်။ လိပ်ခေါင်းကြွေကျပြီးသွားရင် ၂ ရက်မှ ၄ ရက်လောက်အထိ သွေးထွက်နေနိုင်ပါတယ်။ ဒါပေမဲ့ နည်းနည်းပါ။ သွေးအမြောက်အများထွက်တာမျိုးက အရမ်းရှားပါတယ်။
* လိပ်ခေါင်းရှုံ့ဆေးထိုးသွင်းခြင်း (Injection Sclerotherapy)
လိပ်ခေါင်းဖြတ်တဲ့နေရာ၊ အသားစတစ်သျှူးထဲကို လိပ်ခေါင်းရှုံ့စေတဲ့ ဓာတုဗေဒဆေးရည် ထိုးသွင်းခြင်းဖြစ်ပါတယ်။ မနာသလောက်ကို နာကျင်မှုအလွန်နည်းပါတယ်။ ဒါပေမဲ့ ဆေးထိုးသွင်းခြင်းက သားရေကွင်းပစ်တာလောက် ရောဂါပျောက်ကင်းဖို့ မသေချာပါဘူး။
* ရောင်ခြည်ဖြင့်သွေးခဲအောင်ပစ်ခြင်း (Coagulation: Infrared, Laser or Bipolar)
အနီအောက်ရောင်ခြည် (Infrared)၊ လေဆာ (Laser) နဲ့ ဘိုင်ပိုလာ (Bipolar) နည်းပညာ တွေထဲက တစ်ခုခုကိုသုံးပြီး ပစ်တာဖြစ်ပါတယ်။ ရောင်ခြည်နဲ့အပစ်ခံရတဲ့ လိပ်ခေါင်းဟာခဲပြီး ကြွေကျသွားတယ်။ ဒီနည်းပညာကို အရွယ်သေးငယ်တဲ့ သွေးထွက်နေတဲ့ အတွင်းလိပ်ခေါင်းရောဂါတွေမှာ အသုံးပြုပါတယ်။
ရောင်ခြည်ပစ်တဲ့ နည်းပညာဟာဘေးထွက် ဆိုးကျိုးမရှိသလောက်နည်းပါတယ်။ ဒါပေမဲ့ လိပ်ခေါင်းပြန်ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကိုကြည့်ရင် သားရေကွင်းပစ်တာထက် လိပ်ခေါင်းပြန်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
(၃) ခွဲစိတ်ကုသခြင်း (Surgical Procedures)
အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့ အလုပ်မဖြစ်ဘူး။ ဒါမှမဟုတ် ဖြစ်နေတဲ့လိပ်ခေါင်းက အရွယ်အစား အရမ်းကြီးနေတယ်ဆိုရင် ခွဲစိတ်ကုသမှုနည်းလမ်းကို အသုံးပြုဖို့လိုလာပါတယ်။ ခွဲစိတ်ကုသတဲ့အခါ တစ်ခါတလေမှာ ပြင်ပလူနာဌာနမှာတင်ပြီးသွားနိုင်ပေမယ့် တစ်ခါတလေမှာတော့ ဆေးရုံတက်ပြီးခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။
* လိပ်ခေါင်းကိုခွဲစိတ်ဖယ်ထုတ်ခြင်း (Haemorrhoid removal)
လိပ်ခေါင်းကိုခွဲစိတ်ဖယ်ထုတ်တဲ့အခါ သွေးထွက်များတဲ့ အသားစတစ်သျှူးတွေကိုပါ ခွဲစိတ် ဖယ်ထုတ်ရပါတယ်။ ခွဲစိတ်ပုံနည်းလမ်းတွေက အမျိုးမျိုးရှိတဲ့အတွက် လိပ်ခေါင်းတစ်ခုနဲ့တစ်ခု ခွဲစိတ်မှုပုံစံ မတူညီတာမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းပေါ်မူတည်ပြီး ထုံဆေးသုံးမလား၊ ခါးထုံဆေးသုံးမလား၊ မေ့ဆေးသုံးမလားဆိုတာတွေ ကွဲပြားသွားပါတယ်။
ရောဂါပြင်းထန်ပြီး ခဏခဏပြန်ဖြစ်နေတဲ့ လိပ်ခေါင်းရောဂါတွေအတွက်ဆိုရင် ခွဲစိတ်ဖယ် ထုတ်တဲ့နည်းလမ်းက အထိရောက်ဆုံးနဲ့ အပြည့်စုံဆုံးနည်းလမ်းဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ယာယီဆီးသွားရခက်ခဲခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ စတာတွေကို ခံစားရနိုင်ပါတယ်။
ခွဲစိတ်ဖယ်ထုတ်ကုသမှုခံယူထားတဲ့ လိပ်ခေါင်းရောဂါအများစုဟာ ခွဲစိတ်ပြီးစမှာ နာကျင်မှုေ၀ဒနာကို ခံစားရနိုင်ပါတယ်။ အနာသက်သာတဲ့ဆေးတွေသုံးစွဲရပါတယ်။
* လိပ်ခေါင်းကိုစတပ်ပလာဖြင့်ချုပ်ခြင်း (Haemorrhoid stapling)
စတပ်ပလာနဲ့ချုပ်တာဟာ ခွဲစိတ်ဖယ်ထုတ်ကုသတာနဲ့ နှိုင်းယှဉ်ရင် နာကျင်မှုနည်းပါတယ်။ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်နိုင်ဖို့ အချိန်မြန်ပါတယ်။ ဒါပေမဲ့ အားနည်းတဲ့အချက်က စတပ်ပလာနဲ့ ချုပ်တာဟာ ခွဲစိတ်ဖယ်ထုတ်ကုသတာနဲ့ နှိုင်းယှဉ်ရင် လိပ်ခေါင်းပြန်ဖြစ်ဖို့ အခွင့်အရေးများပါတယ်။ Rectal Prolapse လို့ခေါ်တဲ့ စအိုကျွံကျဖိုိ့ အခွင့်အရေးများပါတယ်။ ဒါကြောင့်မို့ ဘယ်လိုကုသမှု နည်းလမ်းက အသင့်တော်ဆုံးဖြစ်နိုင်တယ်ဆိုတာကို ဆရာ၀န်မှ လမ်းညွှန်ပေးပါလိမ့်မယ်။
လိပ်ခေါင်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ?
လိပ်ခေါင်းရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ၀မ်းကိုပျော့နေအောင် (၀မ်းမချုပ်အောင်) ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။
(၁) အမျှှင်ဓာတ်များများစားပါ။
သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတွေများများစားပေးပါ။ ၀မ်းပျော့စေပါတယ်။
(၂) အရည်များများသောက်ပါ။
တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက်သောက်ပေးရပါမယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးရပါမယ်။ ၀မ်းပျော့စေပါတယ်။
(၃) ၀မ်းမညှစ်ပါနဲ့
ပုံမှန်၀မ်းသွားနေတုန်းမှာပဲဖြစ်ဖြစ်၊ ၀မ်းချုပ်လို့ပဲဖြစ်ဖြစ် အသက်အောင့်ပြီး အားစိုက်ညှစ်ထုတ်ရင် ၀မ်းဗိုက်အတွင်းမှာ ဖိအားအများကြီးမြင့်တက်လာပါတယ်။ လိပ်ခေါင်းဖြစ်ဖို့အခွင့်အရေး တွေများလာစေပါတယ်။
(၄) ၀မ်းသွားချင်ရင် အောင့်မထားပါနဲ့
ပုံမှန်၀မ်းသွားချင်လာတဲ့အခါ ၀မ်းမသွားချင်အောင် စိတ်ကိုချုပ်ထိန်းထားလိုက်ရင် ၀မ်းသွားချင် စိတ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မစင်တွေက အူထဲမှာအချိန်ကြာကြာနေရရင် ခြောက်ပြီးမာလာပါတယ်။ နောက်ပိုင်းမှာ ၀မ်းသွားဖို့ ခက်ခဲလာပါလိမ့်မယ်။
(၅) ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။
၀မ်းချုပ်တာကို ကာကွယ်ဖို့၊ သွေးပြန်ကြောတွေအပေါ် ဖိအားလျော့နည်းစေဖို့ ကိုယ်ကာယလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်သင့်ပါတယ်။ တက်တက်ကြွကြွနေထိုင်သင့်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်လို့ ကိုယ်အလေးချိန်လျော့ကျသွားတာကလည်း ၀မ်းဗိုက်အတွင်းဖိအားလျော့နည်းစေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။
(၆) အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
အချိန်ကြာကြာထိုင်တာ အထူးသဖြင့် အိမ်သာထဲမှာ အချိန်ကြာကြာထိုင်တာဟာ စအို၀မှာ ရှိတဲ့ သွေးပြန်ကြောတွေအပေါ် ဖိအားများစေပြီး လိပ်ခေါင်းရောဂါဖြစ်ဖို့ အခွင့်အရေးကိုများစေပါတယ်။
Dr. Thant Zaw (IM-2)















