လေဖြန်းခြင်း (Transient Ischemic Attack)
လေဖြန်းခြင်းဆိုသည်မှာ ဦးနှောက်တွင်းသို့ ပို့ဆောင်ပေးသော သွေးစီးဆင်းမှုတွင် အမှားအယွင်း တစ်ခုခု ဖြစ်ပေါ်လာသော ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ တခါတရံလေဖြန်းခြင်း သည် လေဖြတ်ခြင်း၏ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်ပြီး လေဖြန်းသူ 3 ယောက်တွင် တယောက်က လေဖြတ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လေဖြန်းဖူးသူတစ်ယောက် အနေဖြင့် လေမဖြတ်အောင် ဂရုစိုက်နေထိုင်သင့်ပါတယ်။
ရောဂါလက္ခဏာများ
လေဖြန်းခြင်းသည် မိနစ်ပိုင်းမျှသာကြာလေ့ရှိပြီး ရောဂါလက္ခဏာများက နာရီပိုင်းအတွင်းပျောက်ကွယ် သွားတတ်ပါတယ်။ ခံစားရတဲ့ရောဂါလက္ခဏာများကတော့ - မျက်နှာ၊ ခြေလက်၊ ကြွက်သားများ ထုံကျင်/လှုပ်မရဖြစ်ခြင်း၊ စကားပြောရခက်ခဲခြင်း၊ သူများပြောတာနားမလည်ခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း/ပျောက်ကွယ်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်ကိုထိန်းမတ်၍မရခြင်း၊ အပြန်အလှန်ထိန်း ညှိနိုင်စွမ်း လျော့ပါးလာခြင်းတို့ဖြစ်ပါတယ်။ ထိခိုက်ခံရသော ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်း
ကျဉ်းနေသောသွေးလွှတ်ကြောကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများတွင် ရှိနေသော သွေးခဲကကွဲထွက်ပြီး ဦးနှောက်ဆီသို့ရောက်လာခြင်းကြောင့်သော်လည်းကောင်း၊ ဦးနှောက်သို့ပေးပို့သော သွေးလမ်းကြောင်းပိတ်ဆို့သောအခါ လေဖြန်းခြင်းကိုဖြစ်စေပါတယ်။ သို့သော် ယာယီပိ်တ်ဆို့မှုဖြစ်တာကြောင့် ဦးနှောက်ဆဲလ်များကို ရာသက်ပန်ထိခိုက်စေခြင်းမရှိပါဘူး။
ဖြစ်ပွားနိုင်သူများ
အောက်ဖော်ပြပါလူများဟာ လေဖြန်းခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။
- အသက်အရွယ်ကြီးရင့်သူများ
- မိသားစုမျိုးရိုးရှိသူများ
- သွေးတွင်းရှိကိုလက်စထရောပမာဏများသူများ
- သွေးတိုးရောဂါရှိသူများ
- ဆီးချိုရောဂါရှိသူများ
- နှလုံးရောဂါရှိသူများ
- အ၀လွန်သူများ
- အငန်နှင့်အဆီအဆိမ့်အစားများသူများ
- မူးယစ်ဆေးသုံးစွဲသူများ
- အရက်သေစာအလွန်အကျွံသောက်စားသူများ
- သနေ္ဓတားဆေးသုံးသောအသက် 35 နှစ်ကျော်အမျိုးသမီးများ၊
- သွေးကြောကျဉ်း၍ခြေထောက်အောက်ပိုင်းသွေးလျှောက်နည်းသောရောဂါရှိသူများ
ရောဂါ ရှာဖွေစစ်ဆေးခြင်း
ဦးနှောက်တွင်းရှိသွေးကြောပိတ်ခြင်းနှင့် သွေးစီးဆင်းမှုကိုသိရှိနိုင်ရန်
- ဦးနှောက်သွေးကြောဓာတ်မှန်ရိုက်ခြင်း (angiogram) ရိုက်ခြင်း
- လည်ပင်းရှိသွေးလွတ်ကြော (Carotid arteries ) ကို အာထရာဆောင်းရိုက်ခြင်း၊
- CT scan နှင့် MRI Scan ရိုက်ခြင်း
- ဦးနှောက်တွင်းရှိသွေးလွှတ်ကြော ပုံမှန်ဟုတ်/မဟုတ်သိရှိနိုင်ရန် MRA (Magnetic resonance angiography) နှင့် CT Angiography ပြုလုပ်ခြင်းများ စသည်ဖြင့်လိုအပ်သလို စစ်ဆေးနိုင်ပါတယ်။
ကုသခြင်း
လေဖြန်းသူသုံးယောက်တွင် တစ်ယောက်သည် လေဖြတ်ခြင်းကို ခံစားရနိုင်တာကြောင့် လေဖြန်းခြင်း ကို ကုသပြီး လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။ လေဖြန်းခြင်းဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပေါ်တွင််မူတည်၍ ကုသမှုကွဲပြားနိုင်ပါတယ်။
သွေးခဲပိတ်ဆို့ခြင်းကြောင့်ဖြစ်တာဆိုရင် သွေးခဲပျော်ဆေးအသုံးပြုလို့ရပါတယ်။ ရောဂါလက္ခဏာစပြီး 3 နာရီအတွင်း ပေးနိုင်ပါတယ်။ အသုံးများတဲ့ဆေးဝါးတွေကတော့ Heparin, Warfarin, Aspirinနဲ့ Clopidogrel ဆေးဝါးတို့ဖြစ်ပါတယ်။
လိုအပ်ပါက လည်ပင်းသွေးကြောခွဲစိတ်မှု (Carotid endarterectomy) ပြုလုပ်နိုင်သလို ပိတ်ဆို့နေသောသွေးကြောအတွင်းသို့ သေးငယ်သောဝါယာအသုံးပြု၍ သွေးကြောချဲ့သောခွဲစိတ်မှု (Angioplasty & Stenting) တို့ကို ပြုလုပ်နိုင်ပါတယ်။
ကာကွယ်ခြင်း
ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုကောင်းတယ်ဆိုတာလက်ခံရင် လေဖြန်းခြင်းမှကာကွယ်နိုင်အောင် သတိထားသင့်တဲ့ အချက်တွေကတော့
- ဆေးလိပ်မသောက်ပါနှင့့်။
- ကျန်းမာသောကိုယ်အလေးချိန်ထိန်းထားပါ။
- အရက်လျော့သောက်ပါ။
- မူးယစ်ဆေးဝါးသုံးနေလျှင် ဖြတ်နိုင်အောင် ကြိုးစားပါ။
- သွေးပေါင်ချိန်မတက်အောင်ဂရုစိုက်ပါ။
- ဆီးချိုထိန်းပါ။
- ဆားလျော့စားပါ။
- သနေ္ဓ္ဓတားဆေးသုံးရင် ဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေးပါ။














