/
news/ကျန်းမာရေး-z/ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း

Category
ကျန်းမာရေး (A-Z)

         နာတာရှည်ဝမ်းချုပ်ခြင်းဆိုတာ ရက်သတ္တပတ်အတော်ကြာအောင် (သို့) ဒီထက်ပိုပြီး အူလှုပ်ရှားမှုနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းဖြစ်ပါတယ်။ ယေဘူယျအားဖြင့် တစ်ပတ်ကို သုံးကြိမ်အောက်ပဲဝမ်းသွားခြင်းကို ဝမ်းချုပ်ခြင်းလို့ခေါ်ပါတယ်။

         တစ်ခါတစ်ရံမှ ဝမ်းချုပ်ခြင်းကဖြစ်လေ့ရှိပေမယ့် လူအချို့က သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေကိုတောင်အနှောင့်အယှက်ဖြစ်စေတဲ့ နာတာရှည်ဝမ်းချုပ်ခြင်းတွေကို ရင်ဆိုင်နေကြရပါတယ်။ နာတာရှည်ဝမ်းချုပ်ခြင်းက ဝမ်းသွားနိုင်ဖို့အတွက် အလွန်အမင်းညှစ်ရခြင်းနဲ့ အခြားလက္ခဏာတွေကို ဖြစ်စေပါတယ်။

         ကုထုံးတွေကတော့ နာတာရှည်ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ နောက်ခံအကြောင်းအရင်းအပေါ်မှာမူတည်ပါတယ်။ အချို့သောကိစ္စတွေမှာ အကြောင်းအရင်းကို ရှာမတွေ့တတ်ပါဘူး။

ရောဂါလက္ခဏာများ

- တစ်ပတ်လျှင်သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း

- ဝမ်းမာမာများသွားခြင်း

- ဝမ်းသွားလျှင်အလွန်အမင်းညှစ်ရခြင်း

- အစာဟောင်းအိမ်ထဲတွင် တစ်စုံတစ်ခုပိတ်နေပြီး ဝမ်းမသွားနိုင်အောင်ဟန့်တားထားသလိုခံစားရခြင်း

- အစာဟောင်းအိမ်ထဲတွင် မစင်ကျန်နေသလိုခံစားရခြင်း

- အစာဟောင်းအိမ်မှ မစင်များမကျန်စေရန် ဗိုက်ပေါ်ကိုလက်နှင့်ဖိရခြင်း၊ မစင်ထွက်စေရန် စအိုထဲကိုလက်ထည့်ပြီးကလော်ရခြင်းကဲ့သို့သော အကူအညီတစ်ခုခုလိုအပ်ခြင်း။

ဒီလက္ခဏာတွေအနက်က 2 မျိုးနှင့်အထက်ကို သုံးလအကြာခံစားနေရပြီဆိုရင် နာတာရှည်ဝမ်းချုပ်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

အညစ်အကြေး (သို့) မစင်တွေက အစာချေလမ်းကြောင်းတစ်လျှောက် ဖြည်းဖြည်းချင်းသွားပြီး ခြောက်သွေ့မာကြောလာခြင်းကြောင့် ဝမ်းချုပ်ရပါတယ်။ နာတာရှည်ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။

1. အူမကြီး (သို့) အစာဟောင်းအိမ်တွင်ပိတ်ဆို့ခြင်း

            အူမကြီး (သို့) အစာဟောင်းအိမ်တွင် ပိတ်ဆို့မှုရှိခြင်းကြောင့် မစင်ရွေ့လျားမှုကို နှေးကွေးသွားစေပါတယ်။ အကြောင်းအရင်းများမှာ-

- စအိုကွဲခြင်း

- အူပိတ်ခြင်း

- အူမကြီးကင်ဆာ

- အူကျဉ်းခြင်း

- အခြားဝမ်းဗိုက်ကင်ဆာများကြောင့် အူမကြီးကိုဖိမိခြင်း

- အစာဟောင်းအိမ်ကင်ဆာ

- အစာဟောင်းအိမ်ကျွံထွက်ခြင်း

2. အူမကြီးနှင့် အစာဟောင်းအိမ်ပတ်လည်ရှိ အာရုံကြောပြဿနာရှိခြင်း

            အာရုံကြောပြဿနာကြောင့် အူမကြီးနဲ့ အစာဟောင်းအိမ်မှာရှိတဲ့ အူတစ်လှျှောက်မစင်ရွေ့လျားမှုကိုဖြစ်စေတဲ့ ကြွက်သားကျုံ့ခြင်းအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အကြောင်းအရင်းတွေကတော့ -

- Autonomic neuropathy

- သွေးကြောများမာခြင်း

- ပါကစ်ဆန်ရောဂါ

- ကျောရိုးအာရုံကြောမကြီးထိခိုက်ဒဏ်ရာရခြင်း

- လေဖြတ်ခြင်း

3. မစင်စွန့်ခြင်းတွင်ပါဝင်သော ကြွက်သားများတွင်ပြဿနာရှိခြင်း

            မစင်စွန့်ရာတွင်ပါဝင်သော တင်ပါးနေရာရှိကြွက်သားတွေမှာပြဿနာရှိရင် နာတာရှည်ဝမ်းချုပ်ခြင်းဖြစ်စေပါတယ်။ ဒီပြသနာတွေကတော့ -

- မစင်စွန့်နိုင်ရန် တင်ပါးဆုံရိုးရှိကြွက်သားမဖြေလျှော့နိုင်ခြင်း

- တင်ပါးဆုံရိုးရှိကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်းမှန်ကန်အောင်ပြုလုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း

- တင်ပါးဆုံရိုးရှိကြွက်သားများ အားနည်းခြင်း

4. ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းပမာဏအပေါ်အကျိုးသက်ရောက်စေသောအခြေအနေများ

            ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲကအရည်တွေကိုဟန်ချက်ညီအောင်ထိန်းပေးပါတယ်။ ဟော်မုန်းညီမျှမှုကို ပျက်စီးစေတဲ့ရောဂါနဲ့ အခြေအနေတွေကြောင့် ဝမ်းချုပ်ခြင်းဖြစ်စေပါတယ်။

- ဆီးချိုရောဂါ

- Hyperparathyroidism

- ကိုယ်ဝန်ဆောင်

- Hypothyroidism

အဖြစ်များစေသောအချက်များ

            နာတာရှည်ဝမ်းချုပ်ခြင်းအဖြစ်များစေတဲ့အချက်တွေကတော့ -

- အသက်ကြီးခြင်း

- အမျိုးသမီးများ

- ရေဓာတ်ခမ်းခြောက်ခြင်း

- အမျှင်ဓာတ်နည်းသော အစားအစာများ

- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း (သို့) လုံးဝမရှိခြင်း

- စိတ်ငြိမ်ဆေး၊ မူးယစ်ဆေး၊ သွေးကျဆေးကဲ့သို့သော ဆေးများသောက်နေခြင်း

နောက်ဆက်တွဲဆိုးကျိုးများ

1. လိပ်ခေါင်း (စအိုသွေးကြောများရောင်လာခြင်း) - ဝမ်းသွားဖို့ညှစ်ရခြင်းကြောင့် စအိုအတွင်းနဲ့ပတ်လည်မှာရှိတဲ့ သွေးပြန်ကြောတွေကို ရောင်စေပါတယ်။

2. စအိုကွဲခြင်း - ကြီးမာပြီးမာကြောတဲ့မစင်တွေကြောင့် စအိုမှာရှိတဲ့အရေပြားပြဲစေပါတယ်။

3. စမြင်းတုံးခံခြင်း - နာတာရှည်ဝမ်းချုပ်ခြင်းကြောင့် မစင်တုံးမာမာတွေ အူထဲမှာပိတ်မိနေစေပါတယ်။

4. အူကျွံခြင်း (အစာဟောင်းအိမ်ကျွံခြင်း) - ဝမ်းသွားလျှင်ညှစ်ရတဲ့အတွက် စအိုပေါက်ကနေပြီးတော့ အစာဟောင်းအိမ်အစိတ်အပိုင်းအနည်းငယ်ကျွံထွက်တတ်ပါတယ်။

စမ်းသပ်မှုနဲ့ ရောဂါဖော်ထုတ်ခြင်း

1. အစာဟောင်းအိမ်၊ အူမကြီးအောက်ပိုင်းတို့ကို မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (sigmoidoscopy) - စအိုထဲကို မျန်ပြောင်းပါတဲ့ ပြွန်ထိုးထည့်ပြီးတော့ အစာဟောင်းအိမ်နဲ့ အူမကြီးအောက်ပိုင်းကို စစ်ဆေးခြင်းဖြစ်ပါတယ်။

2. အစာဟောင်းအိမ်နှင့် အူမကြီးတစ်ခုလုံးကို မှန်ပြောင်းထည့်ပြီး စစ်ဆေးခြင်း (colonoscopy)

3. စအိုရှိရှုံ့ကြွက်သားများ အလုပ်မလုပ်စစ်ဆေးခြင်း (anorectal manometry)

4. အူမကြီးတစ်လျှောက်အစာရွေ့လျားမှုကောင်းမကောင်းဆန်းစစ်ခြင်း (colonic transit study) - အမှတ်ပါတဲ့ ဆေးတောင့်တစ်တောင့်ကိုမျိုချခိုင်းပါလိမ့်မယ်။ ဒီအမှတ်က ရက်အတော်ကြာရင် X-ray ရိုက်ကြည့်ချိန်မှာတွေ့နိုင်ပါတယ်။ ဆရာဝန်က အူရှိကြွက်သားတွေလုပ်ဆောင်ချက်ကောင်းမကောင်းနဲ့ အစာကောင်းကောင်းရွေ့လျားမှုရှိ/မရှိကြည့်ပါလိမ့်မယ်။

5. မစင်စွန့်နေချိန်တွင် အစာအဟောင်းအိမ်ကို ဓာတ်မှန်ရိုက်ခြင်း (defecography) - ဘေရီယမ်ပါတဲ့အနှစ်တစ်ခုကို အစာဟောင်းအိမ်ထဲကိုထည့်ထားပြီး မစင်စွန့်ချိန်မှာ မစင်တွေနဲ့အတူ ဒီ ဘေရီယမ်ကိုပါစွန့်ထုတ်ပါလိမ့်မယ်။ ဓာတ်မှန်မှာပေါ်တဲ့ ဘေရီယမ်ကိုကြည့်ပြီး ကျွံထွက်ခြင်း၊ ကြွက်သားလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိ/မရှိ သိနိုင်ပါတယ်။

ကုထုံးနှင့်ဆေးဝါးများ

            အစားအစာနဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေပြုလုပ်ပြီးတော့ အူလမ်းကြောင်းတစ်လျှောက် မစင်သွားနှုန်းမြန်အောင်ပြုလုပ်ပြီးကုသနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် တိုးတက်လာခြင်းမရှိရင် ဆေးဝါး (သို့) ခွဲစိတ်ကုသဖို့ ပြောပါလိမ့်မယ်။

1. အစားအစာနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း

            ဆရာဝန်က ဝမ်းချုပ်ခြင်းသက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို ညွှန်ကြားပါလိမ့်မယ်။

(1) အမျှင်များများစားပါ

          အမျှင်များများစားခြင်းဖြင့် မစင်အလေးချိန်တိုးစေပြီး အူလမ်းကြောင်းတစ်လျှောက် သွားနှုန်းမြန်စေပါတယ်။ တစ်နေ့လျှင် လတ်ဆတ်သော သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ ဖြည်းဖြည်းချင်းပိုစားပေးပါ။ ကောက်ပဲသီးနှံများစားပါ။ နေ့စဉ်အစားအစာ 1000 ကယ်လိုရီတိုင်းမှာ အမျှင်ဓာတ် 14 g ထည့်စားပါ။ အမျှင်ဓာတ်ကို ရုတ်တရက်များစေခြင်းက ဗိုက်ကယ်ခြင်းဖြစ်စေနိုင်တဲ့အတွက် တဖြည်းဖြည်းချင်းတိုးစားပါ။

(2) တစ်ပတ်လျှင် ရက်တော်တော်များများ လေ့ကျင့်ခန်းလုပ်ပါ

            ကိုယ်လက်လှုပ်ရှားမှုက အူထဲက ကြွက်သားလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။

(3) ဝမ်းသွားချင်စိတ်ဖြစ်တဲ့အချိန်မှာ ချုပ်မထားပါနဲ့ - ဝမ်းသွားနိုင်ဖို့အတွက် အိမ်သာထဲမှာ အချိန်အလုံအလောက်ပေးပါ။ အလောတကြီးမလုပ်ပါနဲ့၊

(4) ဝမ်းပျော့ဆေးများ

            ဝမ်းသွားခြင်းကို လွယ်ကူစေဖို့အတွက် ဝမ်းပျော့ဆေးအမျိုးမျိုးရှိပါတယ်။

(5) အမျှင်ဓာတ်ပါသော ဖြည့်စွက်စာများ - အမျှင်ဓာတ်ပါသောဖြည့်စွက်စာတွေက မစင်တုံးဖြစ်စေပါတယ်။ ပါဝင်မှုများတဲ့ ပစ္စည်းတွေကတော့ methylcellulose, psyllium, calcium polycarbophil, guar gum တို့ဖြစ်ကြပါတယ်။ ကုန်ပစ္စည်းအမည်တွေကတော့ FiberCon, Metamusil, Konsyl, Citrucel တို့ဖြစ်ကြပါတယ်။

 

2. ဝမ်းသွားအောင်လှုံ့ဆော်ပေးသောအရာများ

(1) ဝမ်းပျော့ဆေးများ - milk of magnesia, magnesium citrate, lactulose, polyethylene glycol (miralax), sodium phosphate enema (Fleet Enema) ဝမ်းချုဘောလုံး

(2) ချာဆီများ (mineral oil) - ချောဆီတွေက မစင်တွေကို အူမကြီးကနေအလွယ်တကူရွေ့လျားစေပါတယ်။

(3) Stool softeners – Colace, Surfak

 

3. အခြားဆေးဝါးများ

(1) အူထဲသို့ရေများဆွဲစေသော ဆေးများ - lubiprostone (Amitiza), linaclotide (Linzess). အပေါ်က ဝမ်းပျော့ဆေးတွေနဲ့ မသက်သာဘူးဆိုရင် ဆရာဝန်က ဒီဆေးတွေကိုညွှန်ကြားပါလိမ့်မယ်။

(2) စမ်းသပ်နေသောဆေးဝါးများ - နာတာရှည်ဝမ်းချုပ်ခြင်းကိုကုသနိုင်ဖို့အတွက် ဆေးအသစ်များကို လေ့လာမှုပြုလုပ်ဆဲဖြစ်ပါတယ်။ ဒီဆေးတွေထဲက သင့်တော်တဲ့ဆေးရှိမရှိ ဆရာဝန်နဲ့တိုင်ပင်ပါ။

 

4. တင်ပါးဆုံရိုးရှိကြွက်သားများကို လေ့ကျင့်ပေးခြင်း

            အထူးကုနဲ့အတူ တင်ပါးဆုံရိုးကြွက်သားများ ကျုံ့ခြင်း၊ ဆန့်ခြင်း ပြုလုပ်ဖို့အတွက် ကိရိယာတွေနဲ့လေ့ကျင့်ပေးခြင်းက အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဝမ်းသွားနေစဉ်မှန်ကန်တဲ့အချိန်မှာ တင်ပါးဆုံရိုးကြွက်သားတွေကို ဆန့်နိုင်အောင်လေ့ကျင့်ပေးခြင်းဖြင့် ဝမ်းအလွယ်တကူသွားစေနိုင်ပါတယ်။

 

5. ခွဲစိတ်ခြင်း

            အခြားကုထုံးတွေကိုကြိုးစားပြီးသော်လည်း နာတာရှည်ဝမ်းချုပ်ခြင်းက အစာဟောင်းအိမ်ကျွံခြင်း၊ စအိုကွဲခြင်း၊ အူကျဉ်းခြင်းကြောင့် ဖြစ်တာဆိုရင်တော့ ခွဲစိတ်ခြင်းပြုလုပ်ရပါမယ်။

အခြားကုထုံးတွေနဲ့ မအောင်မြင်ဘဲ အူမကြီးတစ်လျှောက် မစင်သွားတာနှေးနေတယ်ဆိုရင်တော့ အူမကြီးအစိတ်အပိုင်းအချို့ကို ဖယ်ထုတ်ဖို့လိုပါလိမ့်မယ်။ အူမကြီးဖယ်ထုတ်တဲ့ခွဲစိတ်မှုကို ဖြစ်ခဲပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com