သွေးတိုးရောဂါ (Hypertension)
သွေးကြောနံရံများသို့ သွေးများတွန်းကန်သောအားသည် ကာလရေရှည်ကြာစွာ မြင့်မားနေပါ က သွေးတိုးရောဂါ ဖြစ်ပေါ်လာသည်။
သွေးပေါင်ချိန်သည် နှလုံးမှ ညှစ်ထုတ်လိုက်သည့် သွေးပမာဏနှင့် သွေးကြောများအတွင်း စီးဆင်းရာတွင် ခုခံအားပမာဏပေါ်မူတည်၍ ဆုံးဖြတ်သည်။ နှလုံးမှ ညှစ်ထုတ်လိုက် သည့် သွေးပမာဏများပြီး သွေးကြောများကျဉ်းလေလေ သွေးပေါင်ချိန်ပိုတက်လေလေဖြစ်သည်။
သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြဘဲ နှစ်ပေါင်းများစွာရှိနေနိုင်သည်။ သွေးတိုးခြင်းကို ထိန်းချုပ်မထားပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ဆိုးဝါးသည့် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။
ကံကောင်းသည့်အချက်မှာ သွေးတိုးခြင်းကို သွေးပေါင်ချိန်တိုင်းရုံနှင့် အလွယ်တကူသိရှိနိုင်ပြီး သိပြီးပါကလည်း နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်အောင် ထိန်းသိမ်းထားနိုင်သည်။
♦ အပေါ်သွေး (Systolic) (သို့) အောက်သွေး (Diastolic)
အများစုမှာ အပေါ်သွေး (Systolic) ကို ပိုဂရုစိုက်ကြပြီး လူအများစုတွင် အပေါ်သွေးသည် အသက်အရွယ်နှင့် လိုက်ကာ မြင့်တက်လာလေ့ရှိသည်။
♦ သွေးတိုးနိုင်ခြေရှိသူများ
- မိသားစုမျိုးရိုးရှိခြင်း
- အသက်ကြီးလာခြင်း
- အမျိုးသားများသည် ၄၅ နှစ်အထိ အမျိုးသမီးများထက်ပို၍ သွေးတိုးရန်အခွင့်အရေးများသည်။ ၄၅ မှ ၆၄ နှစ်အထိ အမျိုးသား၊ အမျိုးသမီး သွေးတိုးနှုန်းအတူတူရှိသည်။ ၆၄ နှစ်နောက်ပိုင်းတွင် အမျိုးသမီးများက ပို၍ သွေးတိုးရန်အခွင့်အရေးများသည်။
- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
- ဆားများစွာပါသော အစာများစားခြင်း
- အ၀လွန်ခြင်း
- အရက်သောက်များခြင်း
- စိတ်ဖိဆီးခြင်း
- ဆေးလိပ်သောက်ခြင်း
- အိပ်နေစဉ် အသက်ရှူခဏရပ်တတ်သည့် ရောဂါရှိခြင်း
♦ သွေးတိုးရောဂါအမျိုးအစားများ
သွေးတိုးရောဂါကို နှစ်မျိုးခွဲခြားနိုင်သည်။
1. Primary (Essential) Hypertension
အများစုအတွက် သွေးတိုးခြင်းအကြောင်းရင်းကို ခွဲခြားမရပေ။ Primary Hypertension သည် နှစ်များစွာကြာပြီးမှ ဖြစ်ပေါ်လာသည်။
2. Secondary Hypertension
အချို့သွေးတိုးရောဂါသည် အခြားရောဂါ ပြဿနာများမှ အခြေခံလာပြီး ၎င်းကို Secondary Hypertension ဟုခေါ်သည်။ Primary ကဲ့သို့မဟုတ်ဘဲ ရုတ်တရက်ဖြစ်တတ်ပြီး သွေးပေါင်ချိန်လည်း ပို၍မြင့်မားတတ်သည်။ Secondary Hypertension ဖြစ်နိုင်သောအခြေအနေအချို့မှာ-
- ဆီးချို်
- ကျောက်ကပ်ရောဂါ
- မွေးစဉ်ကတည်းက သွေးကြောများ ချို့ယွင်းခြင်း
- ဆေးများ . . . ဥပမာ - ကိုယ်၀န်တားဆေး၊ အကိုက်အခဲသောက်ဆေးအချို့၊
- တရားမ၀င်ဆေးများ ဥပမာ - ကိုကင်းနှင့် Amphetamines
♦ ရောဂါလက္ခဏာများ
လူအများစုမှာ သွေးတိုးရောဂါရှိကြောင်း နှစ်ပေါင်းများစွာ မသိကြပေ။ အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ မကုသဘဲထားပါက သွေးကြောများနှင့် အဓိက ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေသည်။ ထို့ကြောင့် သွေးတိုးရောဂါကို (အသံတိတ်လူသတ်သမား) ဟု သတ်မှတ်ကြ သည်။
သွေးတိုးရောဂါအစောပိုင်းတွင် ခေါင်းကိုက်ခြင်း၊ မူးေ၀ခြင်း၊ မျက်နှာနီခြင်း၊ ပုံမှန်ထက်ပိုကာ နှာခေါင်းသွေးလျှံခြင်းတို့ ဖြစ်တတ်သော်လည်း အများအားဖြင့် ထိုရောဂါလက္ခဏာများသည် သွေးတိုးဆိုးဝါးစွာ တက်ချိန် အသက်အန္တရာယ်ရှိချိန်မှ ပြသတတ်သည်။
Hypertensive Crisis
========
Hypertensive Crisis သည် Hypertensive Urgency (သို့) Hypertensive Emergency အဖြစ် ပြသနိုင် သည်။
1. Hypertensive Urgency
ဤအခြေအနေသည် သွေးတိုးလွန်စွာတက်လာသော်လည်း (အပေါ်သွေး 180 နှင့်အထက် အောက်သွေး 110 နှင့်အထက်) ကိုယ်တွင်းအင်္ဂါထိခိုက် ပျက်ဆီးမှုမရှိချေ။ ထိုကဲ့သို့ သွေးတိုးပါက အောက်ပါရောဂါလက္ခဏာ များအား ခံစားရနိုင်သည်။
- ပြင်းထန်စွာခေါင်းကိုက်ခြင်း
- အသက်ရှူကျပ်ခြင်း
- နှာခေါင်းသွေးလျှံခြင်း
Hypertensive Urgency ကို ကုသရန်ဆေးကို ပြန်ချိန်ခြင်း (သို့) တိုးခြင်းပြုလုပ်ရသည်။
2. Hypertensive Emergency
အရေးပေါ်အခြေအနေသည် သွေးတိုးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပါက ဖြစ်ပေါ်လာသည်။ အရေးပေါ်အခြေအနေသည် အများအားဖြင့် အပေါ်သွေး 180 နှင့်အထက် အောက်သွေး 120 နှင့်အထက် တက်ပါ က ဖြစ်ပေါ်တတ်သော်လည်း ထို့ထက်နည်းလျှင်လည်း ဖြစ်နိုင်သည်။
ဤအခြေအနေတွင် နောက်ဆက်တွဲပြဿနာများ ပြင်းထန်ဆိုးဝါးနိုင်ပြီး
- လေဖြတ်ခြင်း
- သတိမေ့ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- နှလုံးရောဂါ
- မျက်လုံးနှင့် ကျောက်ကပ်ထိခိုက်ခြင်း
- ကျောက်ကပ်၏လုပ်ငန်းများ ရပ်တန့်သွားခြင်း
- Aortic Dissection
- ရင်ဘတ်အောင့်ခြင်း
- Pulmonary Edema
- Eclampsia
သွေးပေါင်ချိန် အပေါ်သွေး 180 နှင့်အထက် အောက်သွေး 110 နှင့်အထက် တက်ခဲ့ပါက ကိုယ်တွင်းအင်္ဂါ များ ထိခိုက်နိုင်ချေရှိသဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူရမည်။
♦ စမ်းသပ်စစ်ဆေးခြင်း
သွေးပေါင်ချိန်အား သွေးပေါင်ချိန်စက်ဖြင့် တိုင်းတာနိုင်သည်။ သင့်တွင်သွေးပေါင်ချိန်မြင့်စေသည့် အခြားရောဂါများရှိမရှိကို ဆရာ၀န်မှ ဆီး၊ သွေး၊ ECG စသည်တို့အား စစ်ဆေးပေးပါလိမ့်မည်။
♦ ကုသမှု
1. Thiazide Diuretics
ဆီးဆေးတစ်မျိုးဖြစ်ပြီး ကျောက်ကပ်မှတဆင့် ရေနှင့်ဆိုဒီယမ်ကို စွန့်ထုတ်ရန် ကူညီကာ သွေးပေါင်ချိန်ကျ စေသည်။ Tiazid diuretics အား အများအားဖြင့် သွေးတိုးရောဂါတွင် ပထမဆုံး စသုံးလေ့ရှိသည်။
2. Beta Blockers
ဤဆေးများသည် နှလုံးအားသက်သာစေပြီး သွေးကြောများ ကျယ်စေကာ နှလုံးခုန်နှုန်းကို နှေးစေသည်။ တစ်မျိုးထဲပေးပါက လူမည်းနှင့် သက်ကြီးရွယ်အိုများတွင် ကောင်းစွာမထိရောက်သဖြင့် Thiazide နှင့် တွဲဖက်ပေး လေ့ရှိသည်။
3. Angiotensin – coverting enzyme (ACE) inhibitors
ဤဆေးများသည် သွေးကြောကျဉ်းစေသော ဓာတုပစ္စည်းဖြစ်ခြင်းကို တားခြင်းဖြင့် သွေးကြောများကို သက်သာရာရစေသည်။
4. Angiotensin II Veceptor blockers (ARBs)
ဤဆေးများသည်လည်း သွေးကြောကျဉ်းစေသော ဓာတုပစ္စည်းများ၏ လုပ်ဆောင်ချက် (action) ကို တားခြင်းဖြင့် သွေးကြောများအား သက်သာစေသည်။
5. Calcium channel blockers
ဤဆေးများသည် သွေးကြောများကို သက်သာစေရန် ကူညီပေးသည်။ သို့ရာတွင် စပျစ်ဖျော်ရည်သည် အချို့သော Calcium channel blockers နှင့်တွေ့ပါက သွေးအတွင်း ဆေးပမာဏကို မြင့်မားစေပြီး ဘေးထွက် ဆိုးကျိုးပိုများစေသည်။
6. Renin inhibitors
Aliskiren (Tekturna) သည် ကျောက်ကပ်မှထုတ်လုပ်သည့် သွေးပေါင်ချိန်တက်စေသော အင်ဇိုင်းတစ်မျိုးဖြစ်သည့် Renin ထုတ်လုပ်မှုကို လျှော့ချပေးခြင်းဖြင့် သွေးပေါင်ကျစေသည်။
နေ့စဉ်ဆေးသောက်ရသည့် ပမာဏနည်းစေရန် ဆရာ၀န်မှ ဆေးတစ်မျိုးထဲအား များများသုံးခြင်းထက် ဆေးနှစ်မျိုး (သို့) နှစ်မျိုးအထက်အား dose နည်းနည်းဖြင့် ပေါင်းသုံးတတ်သည်။ သွေးကျဆေးနှစ်မျိုးနှင့် အထက် ကို ပေါင်းခြင်းသည်လည်း ပို၍ထိရောက်ကြောင်း တွေ့ရသည်။
♦ နောက်ဆက်တွဲ ဆိုးကျိုးများ
- နှလုံးနှင့်နှလုံးသွေးကြောများ ထိခိုက်ခြင်း
- လေဖြတ်ခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း
- အမြင်အာရုံဆုံးရှုံးခြင်း
- မှတ်ဉာဏ်ဆုံးရှုံးခြင်း
- အဆုတ်အတွင်း ရေ၀င်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဆီးချို
- လိင်တံမထောင်မတ်နိုင်ခြင်း
♦ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ခြင်း
နေထိုင်မှုပုံစံပြောင်းခြင်းဖြင့် သွေးတိုးခြင်းအား ကာကွယ်နိုင်သည်။
1) ကျန်းမာစွာ စားသောက်ခြင်း
သစ်သီး၊ ဟင်းရွက်၊ အဆီနည်းသောအစာများကို စားရမည်။ ပိုတက်ဆီယမ်များများ ပါစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်တားဆီးနိုင်သည်။ အဆီများသော အစာများကို ရှောင်ရမည်။
2) အစားအစာတွင် အငန်ပါ၀င်မှုအား လျော့ရမည်။ တစ်နေ့လျှင် ဆိုဒီယမ်ပမာဏ 2300 mg (ကျန်းမာသောသူများ) ၊ 1500 mg (အသက် 51 နှစ်အထက်လူကြီးများ) ထက် ပိုမစားသင့််ပေ။
3) ကိုယ်အလေးချိန်
အ၀လွန်နေပါက 5 ပေါင် (2.3 Kg) မျှလျှော့ခြင်းဖြင့်ပင် သွေးတိုးကျနိုင်သည်။
4) ကိုယ်လက်လှုပ်ရှားမှု
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးပေါင်ကျစေပြီး ကိုယ်အလေးချိန်အား ထိန်းပေးနိုင်သည်။ တစ်နေ့လျှင် အနည်းဆုံးနာရီ၀က်မျှ ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်သည်။
ထို့အပြင် အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို်လည်း ပြုလုပ်ပေးသင့်သည်။
5) အရက်
ကျန်းမာနေလျှင်ပင် အရက်ကြောင့် သွေးတက်နိုင်ရာ အရက်သောက်သုံးမှုကို လျှော့ချထိန်းသိမ်းရ သည်။
6) ဆေးလိပ်
ဆေးလိပ်လုံး၀မသောက်ပါနှင့်။ ဆေးလိပ်ကြောင့် သွေးကြောများ မာကြောစေနိုင်သဖြင့် ဆေးလိပ် ဖြတ်သင့်သည်။
7) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုကို တတ်နိုင်သရွှေ့ လျှော့ချပါ။ ကြွက်သားများလျှော့ချခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းလုပ် ပါ။ အိပ်ရေး၀အောင် အိပ်ပေးပါ။
8) အိမ်တွင် သွေးပေါင် ပုံမှန်ချိန်ပါ။
9) ရေနွေးကန်ထဲတွင် စိမ်ပေးပါ။ ရေနွေးကြောင့် သွေးကြောများကို ကျယ်စေနိုင်သည်။
10) ဆေးပုံမှန်သောက်ပါ။
♦ သွေးတိုးအတွက် စားသင့်သော အစားအစာများ
- Vit – D နှင့် ကယ်လ်ဆီယမ်များသောအစာများ - Skim milk
- မဂ္ဂနီဆီယမ်များသော အစာများ - ပဲ၊ စပျစ်သီး၊ ဗံဒါစေ့၊ ပန်းသီး၊ ပြောင်းဝါ၊ ပဲနို့
- ပိုတက်ဆီယမ်များသော အစာများ - ငှက်ပျောသီး၊ spinach ၊ ပဲနို့၊ Prunes ၊ အားလူး၊ ဆားမပါသော
အစေ့များ၊ ခရမ်းချဉ်သီး
- ဖိုင်ဘာ(အမျှင်) များသောအစာများ - သစ်သီး၊ ဟင်းရွက်
- ချောကလက်ဖျော်ရည်
- Omega 3
- ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မုန်လာဥ၊ ကြက်သွန်နီ၊ ဂျင်း
- ရေဓာတ်နည်းပါက တစ်ခါတစ်ရံ သွေးတိုးတတ်သဖြင့် တစ်နေ့လျှင် အနည်းဆုံး ရေ 8 အောင်စ သောက်ပါ။
♦ သွေးတိုးတွင် ရှောင်ရန်အစားအစာများ
- ကိုလက်စထရော နှင့် အဆီများသောအစာများ
- ဆား၊ အချို၊ ကဖင်း၊ အသားတို့အား သင့်တင့်ရုံစားခြင်း
- ဂျင်ဆင်းကဲ့သို့ဆေးမြစ်များ
- ဆီသွတ်ဗူးများ (ဆားများစွာပါပြီး သတိမပြုမိဘဲ ရှိတတ်သည်။)
Dr. YNSZ















