အချင်းရှေ့ရောက်ခြင်း (Placenta Previa)
အချင်းဟာ မိခင်၀မ်းကြာတိုက်ထဲရှိ သနေ္ဓသားဆီသို့ အာဟာရနဲ့အောက်ဆီဂျင်တွေကို ဖယ်ရှားပေးတဲ့အင်္ဂါဖြစ်ပါတယ်။ သားအိမ်အတွင်းက အချင်းရဲ့တည်နေရာဟာ အလွန်အရေးပါပြီး များသောအားဖြင့် အချင်းဟာ သားအိမ်ရဲ့ ထိပ်ပိုင်း (သို့) ဘေးဘက်နေရာတွင် ကပ်နေလေ့ရှိပါတယ်။ ဒါပေမဲ့ သားအိမ်ရဲ့ အောက်ပိုင်းအ၀နေရာနားမှာ အချင်းရောက်နေပြီဆိုရင်တော့ အချင်းရှေ့ရောက်ခြင်း (Placenta previa) လို့ ခေါ်ပါတယ်။
အချင်းရှေ့ရောက်နေတဲ့ ကိုယ်၀န်ဆောင်မိခင်ဟာ အထူးဂရုစိုက်သင့်ပြီး သားအိမ်ထိပ်၀မှာ အချင်းပိတ်ဆို့ခြင်း ရှိ၊ မရှိ ပေါ်မူတည်ပြီး ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။
♦ လက္ခဏာများ
ကိုယ်၀န်ဆောင်ကာလ 20 ပတ် - 22 ပတ်နောက်ပိုင်း သွေးဆင်းခြင်းက အချင်းရှေ့ရောက်ခြင်းရဲ့ အဓိကလက္ခဏာဖြစ်ပါတယ်။ သွေးဆင်းခြင်းက သူ့အလိုလိုရပ်သွားလေ့ရှိပြီး ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်တစ်ပတ် နှစ်ပတ်အကြာမှာ ပြန်ဆင်းလေ့ရှိပါတယ်။ အချို့သော အမျိုးသမီးတွေမှာ သားအိမ်ညှစ်အားကို ခံစားရလေ့ရှိပါတယ်။
ဒါကြောင့် ကိုယ်၀န် 20 ပတ် - 22 ပတ်နောက်ပိုင်း သွေးဆင်းပါက ပေါ့ဆမနေဘဲ ဆရာ၀န်နှင့်တိုင်ပင်ပြသပါ။
♦ အချင်းဘာကြောင့်ရှေ့ရောက်တာလဲ
အချင်းရှေ့ရောက်ရခြင်းရဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပါဘူး။ အောက်ပါအခြေအနေတွေက အချင်းရှေ့ ရောက်ခြင်းနှင့်ဆက်စပ်နေပါတယ်။
- အသက် 35 နှစ်ကျော်မှ ကိုယ်၀န်ဆောင်ခြင်း
- အရင်ကိုယ်၀န်တွင် ဗိုက်ခွဲမွေးထားခြင်း
- သားအိမ်နှင့် ပတ်သက်သော ခွဲစိတ်မှုပြုလုပ်ဖူးခြင်း
- အရင်ကိုယ်၀န်တွင် အချင်းရှေ့ရောက်ဖူးခြင်း
- အမြွှာကိုယ်၀န်ဖြစ်နေခြင်း
- ဆေးလိပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း
- မကြာခဏကိုယ်၀န်ပျက်ကျလေ့ရှိခြင်း
- ကိုယ်၀န်တစ်ခုနှင့် တစ်ခု အရမ်းနီးကပ်နေခြင်း
- အနည်းဆုံး ကလေးတစ်ယောက်မွေးထားဖူးခြင်း
♦ အချင်းရှေ့ရောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများ
1. မွေးဖွားချိန်မတိုင်မီ သွေးဆင်းခြင်း
2. သွေးလန့်ခြင်း
3. မွေးဖွားပြီးနောက်သွေးသွန်ခြင်း
4. လမစေ့ဘဲ ကလေးမွေးခြင်း
♦ အချင်းရှေ့ရောက်နေကြောင်း ဘယ်လိုသိနိုင်သလဲ
အယ်လ်ထရာဆောင်း (USG) ရိုက်ခြင်းဖြင့် အချင်းရှေ့ရောက်ခြင်း ရှိ၊ မရှိ သိနိုင်ပါတယ်။ သားအိမ်အ၀မှာ နဲနဲပဲပိတ်နေတာဆိုရင်တော့ သားအိမ်အတွင်း မျက်နှာပြင်ကျယ်လာချိန်မှာ သူအလိုလိုကောင်းသွားနိုင်ခြေရှိပါတယ်။
လိုအပ်ပါက မိန်းမကိုယ်တွင် အယ်လ်ထရာဆောင်းငုတ် (Probe) ထည့်၍ ရိုက်ပြီး ပုံရိပ်ဖော်ခြင်း (Transvaginal Ultrasound) နဲ့ ရိုးရိုးအာထရာဆောင်း နှစ်မျိုးပေါင်းပြီး လုပ်နိုင်ပါတယ်။ ကိုယ်၀န်ရင့်ချိန်မှာ လိုအပ်ပါက အယ်လ်ထရာဆောင်း ထပ်ရိုက်ပါ။ နှလုံးခုန်နှုန်းကိုလည်း အမြဲစစ်ဆေးဖို့လိုအပ်ပါတယ်။
♦ ကုထုံးများ
ကုထုံးက
- သွေးဆင်းတဲ့ပမာဏ
- သွေးဆင်းခြင်း၊ ရပ်တန့်ခြင်း
- ကိုယ်၀န်ရက်သတ္တပတ်
- ကလေးနှင့်မိခင်ရဲ့ ကျန်းမာရေး
- အချင်းအနေအထား ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အချင်းရှေ့ရောက်တယ်လို့သိတာနဲ့ အိမ်မှာ အနားယူပါ။ အမျိုးသားနှင့်အတူနေခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း ရှောင်ရှားပါ။ သွေးဆင်းပါက ဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြသပါ။ အချင်းရှေ့ရောက်ပြီး သားအိမ်ထိပ်အ၀လေးကို အနည်းငယ်သာ ပိတ်ဆို့ပါက ပုံမှန်မီးဖွားနိုင်ပြီး ပိတ်ဆို့မှုများနေပါက ခွဲမွေးခြင်းကို ရွေးချယ်သင့်ပါတယ်။
လိုအပ်ပါက သွေးသွင်းရပါမယ်။ ကိုယ်၀န်လမစေ့ခင်မွေးဖွားမယ်ဆိုရင်တော့ ကလေးအဆုတ်အား ကောင်းအောင် စတီးရွိုက်ဆေးဝါးထိုးပေးရပါမယ်။
အချင်းရှေ့ရောက်နေတယ်လို့ သိတာနဲ့ အရမ်းမစိုးရိမ်ဘဲ အချင်းရှေ့ရောက်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရှာမှီပါ။ လိုအပ်ပါက ဗိုက်ခွဲမွေးရမည်ကို ကြိုတင်သိရှိပြီး စိတ်မှာပြင်ဆင်ထားပါ။ အကောင်းဆုံးအနားယူပါ။ မွေးကင်းစ ကလေးငယ်စောင့်ရှောက်နည်းတွေကို ကြိုတင်ဖတ်ရှုလေ့လာပါ။ ကိုယ်နှစ်သက်ရာ သီးချင်းနားထောင်ခြင်း ဒါမှမဟုတ် စာအုပ် ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပါ။
Dr. Htet Htet Aung
















