/
news/ကျန်းမာရေး-z/အစာအိမ်ရောင်ရမ်းခြင်း-gastritis

အစာအိမ်ရောင်ရမ်းခြင်း (Gastritis)

Category
ကျန်းမာရေး (A-Z)

         အစာအိမ်ရောင်ရမ်းခြင်းဆိုသည်မှာ အစာအိမ်၏ အတွင်းမျက်နှာပြင်တလျှောက် ရောင်ရမ်းခြင်း ဖြစ် ပါသည်။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အချို့သောအကိုက်အခဲပျောက်ဆေးများကို ကာလကြာရှည်စွာ စွဲသောက်ခြင်း စသည်တို့ကြောင့် အစာအိမ်ရောင်ရမ်းခြင်းဖြစ်နိုင်သကဲ့သို့ အစာအိမ်အနာဖြစ်စေသော H. Pylori ဘက်တီးရီးယားပိုးကြောင့်လည်း အစာအိမ်ရောင်ရမ်းခြင်းဖြစ်နိုင်သည်။

        ရုတ်တရက်အစာအိမ်ရောင်ရမ်းခြင်း (Acute gastritis) နှင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း (chronic gastritis) ဟူ၍နှစ်မျိုးရှိသည်။ အချို့သောလူနာများတွင် အစာအိမ်ရောင်ရမ်းရာမှတဆင့် အစာအိမ်အနာဖြစ်သွားနိုင်သည်။ အချို့တွင် အစာအိမ်ကင်ဆာရောဂါအထိ ဖြစ်နိုင်သည်။ သို့သော် အစာအိမ်ရောင်ရမ်းခြင်းခံစားရသည့် လူနာအများစုသည် ဆေးကုသမှုခံယူလိုက်သည်နှင့် တပြိုင်နက် သက်သာပျောက်ကင်းသွားကြသည်။

 

ရောဂါလက္ခဏာများ

          အစာအိမ်ရောင်ရမ်းခြင်းလက္ခဏာများမှာ -

(1) ၀မ်းဗိုက်အပေါ်ပိုင်းတွင် ပူပြီးအောင့်နေတတ်သည်။ အချို့သူများ၌ ၀မ်းဗိုက်အောင့်သောေ၀ဒနာသည် အစာစားလျှင်ပိုဆိုးသွားတတ်သည်။ အချို့တွင်မူ ၀မ်းဗိုက်အောင့်သောေ၀ဒနာသည် အစာစားလိုက်လျှင် သက်သာသွားတတ်သည်။

(2) ပျို့ခြင်း

(3) အန်ခြင်း

(4) အစာမကြေရင်ပြည့့်ခြင်း စသည်တို့ဖြစ်သည်။

 

          အစာအိမ်ရောင်ရမ်းခြင်းသည် အချို့လူများတွင် ရောဂါလက္ခဏာမပြဘဲ ရှိတတ်သည်။

 

ဆေးရုံ၊ ဆေးခန်းသို့သွားရမည့်အချိန်

           အစာမကြေလေအောင့်ခြင်းကို လူတိုင်းနီးပါးကြုံတွေ့ဖူးကြသည်။ အစာမကြေခြင်း ေ၀ဒနာ အများစုသည် ဆေးကုသရန်မလိုအပ်ဘဲ အချိန်ခဏအတွင်း သက်သာပျောက်ကင်းသွားလေ့ရှိသည်။ သို့သော် အစာအိမ်ရောင်ရမ်းခြင်းလက္ခဏာများကို ရက်သတ္တပတ် တစ်ပတ် သို့မဟုတ် တစ်ပတ်ထက်ပိုပြီး ဆက်တိုက်ခံစားနေရပြီဆိုပါက ဆရာ၀န်နှင့်ပြသဖို့လိုအပ်ပါသည်။ အက်စပရင်ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသောက်ပြီးမှ ဗိုက်အောင့်ခြင်း၊ သွေးအန်ခြင်း၊ သွေး၀မ်းသွားခြင်း၊ ကတ္တရာစေးကဲ့သို့သော ၀မ်းများသွားခြင်းတို့ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ရန် လိုအပ်သည်။

 

အစာအိမ်ရောင်ရမ်းခြင်းဖြစ်ပေါ်လာပုံ

          အစာအိမ်အတွင်း၌ အစာကိုခြေဖျက်ပေးသော အက်ဆစ်အရည်များရှိသည်။ ၎င်းအက်ဆစ်အရည်များသည် အစာအိမ်နံရံကိုလည်း တိုက်စားချေဖျက်ပစ်နိုင်သည်။ ထိုသို့ တိုက်စားချေဖျက် မခံရစေရန်အတွက် အစာအိမ်နံရံတွင် အကျိအချွဲများပြည့်နေသော ကြားခံအလွှာခံထားပြီး အစာအိမ်ကို အကာအကွယ်ပေးထားသည်။ အစာအိမ်ကို အကာအကွယ်ပေးထားသော အလွှာများပျက်စီးသွားသောအခါ သို့မဟုတ် အားပျော့သွားသောအခါ အစာအိမ်ရောင်ရမ်းခြင်းဖြစ်ပေါ်ပါသည်။

 

အစာအိမ်ရောင်ရမ်းခြင်းရောဂါဖြစ်စေသောအကြောင်းများ

          အစာအိမ်ရောင်ရမ်းခြင်းဖြစ်စေနိုင်သော အကြောင်းအရာများမှာ -

 

(1) အစာအိမ်ရောဂါဘက်တီးရီးယားပိုး

          Helicobacter pylori ဟုခါ်သော ဘက်တီးရီးယားပိုးကူးစက်ခံရပါက အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်နိုင်ပါသည်။ အထူးသဖြင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း (chronic gastritis) ကိုဖြစ်စေပါသည်။ ကမ်ဘာ့လူဦးရေ၏ တစ်၀က်သည် အဆိုပါဘက်တီးရီးယားပိုးကူးစက်ခံရသည်ဟု ယူဆနိုင်ပါသည်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နေသည်ဟုလည်း ယူဆရပါသည်။ သို့သော် ရောဂါပိုးကူးစက်ခံရသူအများစုမှာ ၎င်းဘက်တီးရီးယားပိုး၏ နောက်ဆက်တွဲဆိုးကျိုးကိုမခံစားကြရပါ။ ရောဂါပိုးကူးစက်ခံရသူ အချို့မှာမူ အစာအိမ်၏အကာအကွယ်ပေးနေသော မျက်နှာပြင်အလွှာများကိုပျက်စီးစေပြီး အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်းကဲ့သို့သော ေ၀ဒနာများကိုခံစားနေကြရပါသည်။

 

(2) အကိုက်အခဲပျောက်ဆေးများကို ကြာရှည်စွာစားသုံးခြင်း

          Aspirin၊ Ibuprofen၊ Naproxen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးဝါးများကို ကာလရှည်ကြာစားသုံးမိပါက ရုတ်တရက်အစာအိမ်ရောင်ရမ်းခြင်း (Acute Gastritis) နှင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်း (Chronic Gastritis) နှစ်မျိုးလုံးကို ဖြစ်စေနိုင်ပါသည်။ အဆိုပါဆေးဝါးများကို ပုံမှန်သုံးစွဲမိသည်ဖြစ်စေ၊ တစ်ကြိမ်တည်းအမြောက်အများသောက်သုံးမိသည်ဖြစ်စေ အစာအိမ်ကို အကာအကွယ်ပေးထားသောအလွှာများကို ပျက်စီးစေပါသည်။

 

(3) အသက်အရွယ်အိုမင်းလာခြင်း

          အသက်အရွယ်အိုမင်းလာသောအခါ အစာအိမ်ကို အကာအကွယ်ပေးထားသောအလွှာများသည် တဖြည်းဖြည်းပါးလာပါသည်။ ထို့ပြင် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် Helicobacter Pylori ဟုခေါ်သော အစာအိမ်ရောဂါပိုးကူးစက်ခံရဖို့ အခြေအနေများများပြားလာပါသည်။ Autoimmune disorder ဟုခေါ်သော ခန္ဓာကိုယ်မှ ကိုယ့်ဆဲလ်ကို ပြန်တိုက်သောရောဂါများလည်း ဖြစ်ပွားခွင့် ပိုများလာပါသည်။ သို့ဖြစ်၍ အသက်အရွယ်ကြီးလာသောအခါ အစာအိမ်ရောင်ရမ်းခြင်းရောဂါဖြစ်ဖို့ အခွင့်အရေးပိုများလာခြင်းဖြစ်ပါသည်။

 

(4) အရက်သေစာအလွန်အကျူးသောက်သုံးခြင်း

          အရက်သည် အစာအိမ်ကို အကာအကွယ်ပေးသောအလွှာကို ပျက်စီးစေပါသည်။ အရက်သောက်ခြင်းကြောင့် ရုတ်တရက်အစာအိမ်ရောင်ရမ်းခြင်း (Acute Gastritis) ကိုဖြစ်စေပါသည်။

 

(5) ဖိစီးမှုဒဏ်များ

          အကြီးစားခွဲစိတ်မှုများပြုလုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အပူလောင်ခြင်းနှင့် ပြင်းထန်သောကူးစက်ရောဂါများခံစားရသောအခါ ခန္ဓာကိုယ်အတွင်း၌ ဖိစီးမှုဒဏ်များ Stress ဖြစ်ပေါ်လာပါသည်။ ဖိစီးမှုဒဏ်များကြောင့် ရုတ်တရက်အစာအိမ်ရောင်ရမ်းခြင်း (Acute Gastritis) ကိုဖြစ်စေပါသည်။

 

(6) သည်းခြေရည်ဆန်တက်ခြင်း (Bile reflux disease)

          သည်းခြေအိတ်အတွင်းရှိ သည်းခြေရည်သည် အစားအစာတွင်ပါ၀င်သော အဆီများကိုခြေဖျက်ရာတွင် အထောက်အကူပြုသည်။ အစာအိမ်တွင်းမှချေဖျက်ခံရသော အစားအစာများသည် အူသိမ်အတွင်းသို့၀င်သွားသည်။ အစာအိမ်မှညှစ်ထုတ်လိုက်သောအစာများ အူသိမ်အတွင်းသို့ရောက်ပြီး အစာအိမ်ထဲသို့ နောက်ပြန်မရောက်စေရန်အတွက် အစာအိမ်အ၀တွင် Pyloric Valve ဟုခေါ်သော ရှုံ့ကြွက်သားတစ်ခုက ညှစ်ပြီးတားဆီးပေးထားသည်။ အူသိမ်ထဲသို့ရောက်လာသောအစာများသည် သည်းခြေပြွန်မှထွက်လာသော သည်းခြေရည်နှင့်ထိတွေ့ကာ ဆက်လက်ခြေဖျက်ခြင်းခံရသည်။ သည်းခြေရည်နှင့်အစာများသည် Pyloric valve ဟုခေါ်သော ရှုံ့ကြွက်သား၏တားဆီးမှုကြောင့် အစာအိမ်ထဲသို့ နောက်ပြန်မ၀င်ရောက်နိုင်ပေ။

          အဆိုပါ Pyloric Valve သည် ပုံမှန်မဟုတ်သောကြောင့်ဖြစ်စေ၊ အဆိုပါ Pyloric Valve ကို အကြောင်းတစ်စုံတရာကြောင့် ခွဲစိတ်ဖယ်ထုတ်လိုက်ရလျှင်ဖြစ်စေ အူသိမ်အတွင်းမှ သည်းခြေရည်များသည် အစာအိမ်ထဲသို့နောက်ပြန်၀င်ရောက်လာကာ အစာအိမ်ရောင်ရမ်းခြင်းကိုဖြစ်စေသည်။

 

(7) မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်ဖျက်ဆီးသောရောဂါများ

          ခန္ဒာကိုယ်အတွင်း၌ ပြင်ပရောဂါများကို တိုက်ခိုက်ချေမှုန်းပေးသည့် ကိုယ်ခံအားစနစ် (Immune system) ရှိသည်။ ကိုယ်ခံအားစနစ်အတွင်း ဖောက်ပြန်မှုများဖြစ်ပေါ်သည့်အခါ မိမိခန္ဓာကိုယ်ရဲ့ဆဲလ်များကို မှားယွင်းစွာပြန်လည်တိုက်ခိုက်သည့် ရောဂါများဖြစ်ပေါ်သည်။ အဆိုပါအခြေအနေကြောင့် ဖြစ်ပေါ်သည့်အစာအိမ်ရောင်ရမ်းခြင်းကို  Autoimmune Gastritis ဟုခေါ်သည်။ ၎င်းရောဂါသည် အခြားသောကိုယ်ခံအားစနစ်ဖောက်ပြန်သည့်ရောဂါများဖြစ်သည့် Hashimoto’s disease (ဟာရှိမိုတိုရောဂါ)၊ Type 1 Diabetes (ဆီးချိုရောဂါအမျိုးအစား 1) တို့နှင့်အတူဆက်စပ်ဖြစ်ပေါ်လေ့ရှိသည်။ ဗီတာမင် B 12 ချို့တဲ့မှုသည်လည်း Autoimmune Gastritis အစာအိမ်ရောင်ရမ်းခြင်းရောဂါနှင့် ဆက်စပ်မှုရှိသည်ဟုဆိုသည်။

 

(8) အခြားသောရောဂါများ

          HIV/AIDS ရောဂါ၊ နာတာရှည်အူရောင်ရောဂါ (Crohn’s disease) နှင့် ကပ်ပါးပိုးရောဂါ (Parasitis Infections) များနှင့်လည်း အစာအိမ်ရောင်ရမ်းခြင်းသည် ဆက်စပ်မှုရှိနိုင်သည်။

 

အစာအိမ်ရောင်ရမ်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

           အစာအိမ်ရောင်ရမ်းခြင်းကိုမကုသဘဲထားပါက အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်သွေးယိုခြင်းတို့ဖြစ်နိုင်သည်။ တစ်ခါတရံ၌အစာအိမ်ကင်ဆာအဖြစ်သို့ ဦးတည်သွားနိုင်သည်။

 

အစာအိမ်ရောင်ရမ်းခြင်းကိုစစ်ဆေးခြင်း

          နှံ့နှံ့စပ်စပ်မေးမြန်းစမ်းသပ်ပြီးပါက အစာအိမ်ရောင်ခြင်းဟုတ်/မဟုတ် ဆရာ၀န်ထံမှ ဆုံးဖြတ်ပေးနိုင်သည်။ တိကျစွာသိရှိလိုသည်ဆိုလျှင် အောက်ပါစမ်းသပ်စစ်ဆေးမှုများကိုပြုလုပ်နိုင်သည်။

 

(1) Helicobacter Pylori ရောဂါပိုးအားစစ်ဆေးခြင်း

          Helicobacter Pylori ရောဂါပိုးရှိမရှိသိလိုပါက သွေးစစ်ခြင်း၊ ၀မ်းစစ်ခြင်းတို့မှတစ်ဆင့် ဖော်ထုတ်နိုင်သည်။

 

(2)    အစာအိမ်မှန်ပြောင်းကြည့်ခြင်း

          မှန်ပြောင်းပါသောပြွန်ကို ပါးစပ်၊ အစာမျိုပြွန်တို့မှတစ်ဆင့် အစာအိမ်ထဲသို့ထည့်သွင်းကာ စစ်ဆေးကြည့်ရှုခြင်းဖြစ်သည်။ အစာအိမ်မျက်နှာပြင်ရောင်ရမ်းခြင်းရှိ/မရှိကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။ သံသယဖြစ်ဖွယ်တွေ့ရှိပါက အသားစကိုတစ်ပါတည်းယူကာ ဓာတ်ခွဲခန်းတွင်စစ်ဆေးကြည့်နိုင်သည်။ ဘက်တီးရီးယားပိုးရှိ/မရှိသိနိုင်သည်။

 

(3) အပေါ်ပိုင်းအစာလမ်းကြောင်းကို ဓာတ်မှန်ရိုက်ခြင်း

          ဘေရီယမ် (Barium) ဟုခေါ်သော ဆေးရည်ကိုမျိုချကာ အပေါ်ပိုင်းအစာလမ်းကြောင်းတစ်လျှောက် ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြစ်သည်။ အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ စသည်တို့ရှိ/မရှိ ဖော်ထုတ်နိုင်သည်။

 

ကုသခြင်း

          အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းအရာပေါ်မူတည်၍ ကုသပုံနည်းလမ်းများ ကွဲပြားသွားသည်။

          အကိုက်အခဲပျောက်ဆေးဝါးများသောက်သုံးခြင်း၊ အရက်သောက်ခြင်း စသည်တို့ကြောင့် အစာအိမ်ရောင်ရမ်းသည်ဆိုပါက ၎င်းဆေးဝါး သို့မဟုတ် အရက်သောက်သုံးခြင်းကို ရပ်တန့်လိုက်လျှင် အစာအိမ်ရောင်ရမ်းခြင်း သက်သာသွားနိုင်သည်။

          Helicobacter Pylori ရောဂါပိုးကြောင့် အစာအိမ်ရောင်ရမ်းသည်ဆိုပါက ၎င်းရောဂါပိုးကိုသေစေသော ပဋိဇီ၀ဆေးများသောက်သုံးခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းကို သက်သာအောင်လုပ်နိုင်သည်။

 

(1) Helicobacter Pylori အတွက် ပဋိဇီ၀ဆေးများ

          Helicobacter Pylori ရောဂါပိုးကို အမြစ်ပျက်ချေမှုန်းရန်အတွက် ပဋိဇီ၀ဆေးများကို ပေါင်းစပ်အသုံးပြုရသည်။ ကမ်ဘာအရပ်ရပ်တွင် H.Pylori အတွက် ပေါင်းစပ်အသုံးပြုသော ဆေးဝါးများသည် ကွဲပြားခြားနားမှုရှိသည်။ ဆရာ၀န်ညွှန်ကြားချက်အတိုင်း တိတိကျကျသောက်ရမည်။

 

(2) အစာအိမ်အတွင်း၌အက်ဆစ်ဓာတ်ထွက်ရှိမှုကိုလျော့ကျစေသောဆေးဝါးများ

          အက်ဆစ်ဓာတ်များထွက်ရှိမှုကို လျော့ကျစေခြင်းဖြင့် အစာအိမ်ရောင်ရမ်းခြင်းကိုသက်သာစေပါသည်။ အက်ဆစ်ထုတ်လုပ်မှုကို လျော့ကျစေသောဆေးဝါးများမှာ - omeprazole, lansoprazole, rabeprazole, esomeprazole, dexlansoprazole, pantoprazole စသော (Proton Pump Inhibitor အုပ်စု၀င်) ဆေးဝါးများဖြစ်ပါသည်။ အဆိုပါဆေးဝါးများကိုကာလရှည်ကြာသုံးစွဲပါက တင်ပဆုံ၊ လက်ကောက်၀တ်၊ ခါးရိုးကျိုးခြင်းများကိုဖြစ်စေရန် အခွင့်အရေးများစေသည့်အတွက် ဆရာ၀န်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးသင့်ပါသည်။ လိုအပ်ပါက ကယ်လစီယမ်ဖြည့်စွက်ဆေးများသောက်သုံးရန် ဆရာ၀န်က ညွှန်ကြားပါလိမ့်မည်။

          အစာအိမ်မှ အက်ဆစ်ဓာတ်ထွက်ရှိမှုကို လျော့ကျစေသောဆေးဝါးအုပ်စုနောက်တစ်မျိုးမှာ Histamine (H-2) blocker အုပ်စုဖြစ်ပါသည်။ Ranitidine, Famotidine, Cimetidine စသော ဆေးဝါးများဖြစ်သည်။ H-2 blocker အုပ်စု၀င်ဆေးများဖြစ်ပါသည်။­­

 

(3) အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်ကို ဓာတ်ပြယ်စေသော ဆေးဝါးများ

          Antacid အုပ်စု၀င်ဆေးများသည် အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်များကို အက်ဆစ်ဓာတ်ဂုဏ်သတ္တိ ပျက်ပြယ်သွားအောင် ပြုလုပ်ပေးသောဆေးဝါးများဖြစ်ပြီး အစာအိမ်အောင့်ခြင်းကို လျင်မြန်စွာ သက်သာသွားစေသည်။

 

အစာအိမ်ရောင်ရမ်းခြင်းကို ကြိုတင်ကာကွယ်ခြင်း

          အစာအိမ်ရောင်ရမ်းခြင်းဖြစ်စဉ်ကို လျော့ကျစေရန်အတွက် အောက်ပါအချက်များကို ပြုလုပ်ဆောင်ရွက် သင့်ပါသည်။

 

(1) အစားအစာကို တစ်ခါစားလျှင် နည်းနည်းနှင့် မကြာခဏစားပါ။ ကြေညက်အောင် ဝါးစားပါ။

 

(2) အစာအိမ်ကို ဒုက္ခပေးသောအစားအစာများကို ရှောင်ပါ။ အပူအစပ်၊ အကြော်အလှော်၊ သားငါးအဆီနှင့် အက်ဆစ်ဂုဏ်သတ္တိရှိသော အစားအစာများသည် အစာအိမ်အတွက်မကောင်းသော အစားအစာများဖြစ်ပါသည်။

 

(3) အရက်မသောက်ပါနှင့်။

 

(4) အစာအိမ်မထိခိုက်သော အကိုက်အခဲပျောက်ဆေးများကို ပြောင်းပြီးသုံးစွဲပါ။

 Aspirin၊ Ibuprofren၊ Napr၀xen စသော ဆေးဝါးများသည် အစာအိမ်ကို ရောင်ရမ်းစေနိုင်သော ဆေးဝါးများဖြစ်ပါသည်။ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးမျိုးကိုသာ ဆရာ၀န်နှင့် တိုင်ပင်ပြီး သောက်သုံးသင့်သည်။

 

(5) စိတ်ဖိစီးမှုများကိုလျှော့ချပါ။

          စိတ်ဖိစီးမှုသည် အစာအိမ်ရောင်ရမ်းခြင်းကို ဆိုးရွားစေပါသည်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ကျိကစားခြင်းတို့ဖြင့် စိတ်ဖိစီးမှုကိုလျှော့ချသင့်ပါသည်။

 

(6) Helicobacter Pylori ရောဂါပိုးကူးစက်ခြင်းကိုကာကွယ်ခြင်း

          အစာအိမ်ရောဂါဖြစ်စေသည့် H-Pylori ရောဂါပိုးကူးစက်ပုံနည်းလမ်းအားရှင်းရှင်းလင်းလင်း မသိရှိကြသေးပါ။ သို့သော်အစားအသောက်မှတဆင့် ကူးနိုင်ကြောင်း၊ သက်သေအထောက်အထား တချို့တွေ့ရှိထားပါသည်။ လက်ကိုဆပ်ပြာနှင့် ရေတို့ိုကို အသုံးပြုပြီး မကြာခဏဆေးခြင်း၊ မကျက်တကျက် သို့မဟုတ် အစိမ်းစားရသော အစားအစာများကိုရှောင်ကြဉ်ခြင်းဖြင့် H-Pylori ရောဂါပိုး ကူးစက်ခံရမှုကို လျှော့ချနိုင်ပါသည်။

 

www.drmyanmar.com