/
news/ကျန်းမာရေး-z/အရေပြားလေးဖက်နာ-sle

အရေပြားလေးဖက်နာ (SLE)

Category
ကျန်းမာရေး (A-Z)

            အရေပြားလေးဖက်နာဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ့်တစ်သျှူးတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို ကိုယ့်ဟာကိုယ် ပြန်တိုက်တဲ့ နာတာရှည် ရောင်ရမ်းနာတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကြောင့် အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ်အပါအဝင် ကိုယ်တွင်းစနစ် တော်တော်များများ ရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

            သူ့ရဲ့ရောဂါလက္ခဏာတွေက အခြားရောဂါတွေနဲ့ ဆင်တူတဲ့အတွက် ခွဲခြားရခက်ပါတယ်။ ထင်ရှားတဲ့လက္ခဏာကတော့ ပါးရိုးပေါ်မှာ လိပ်ပြာတောင်ပံပုံ အရေပြားအကွက် ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါဖြစ်တဲ့ လူတိုင်းမှာတော့ ဒီလိုမတွေ့ရပါဘူး။  အချို့လူတွေက မွေးကတည်းက ဒီရောဂါ ဖြစ်နိုင်ချေများပြီး ရောဂါပိုးဝင်ရင်၊ ဆေးအချို့ (သို့) နေရောင်နဲ့ ထိတွေ့မှုကြောင့် ရောဂါထလာတတ်ပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့် လက္ခဏာတွေကို ထိန်းချုပ်ထားနိုင်တဲ့ဆေးတွေ ရှိပါတယ်။

 

♦♦ ရောဂါဖြစ်စေသော အကြောင်းအရင်းများ

            မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေပေါင်းပြီး အရေပြားလေးဖက်နာ ဖြစ်စေပါတယ်။ အများစုကတော့ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကို မသိရပါဘူး။ ဒီရောဂါဖြစ်နိုင်တဲ့သူတွေမှာဆိုရင် ရောဂါကြွစေတဲ့ အကြောင်းအရင်းတစ်ခုခုနဲ့ ထိတွေ့မိတာနဲ့ တစ်ပြိုင်နက် ရောဂါကြွလာစေပါတယ်။ ရောဂါကြွစေတဲ့အကြောင်းအချို့ကတော့ -

  • နေရောင်ခြည် - နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားပေါ်မှာ အကွက်များဖြစ်ခြင်း၊ ကိုယ်တွင်းအင်္ဂါ တုန့်ပြန်မှုများဖြစ်ခြင်း။
  • ရောဂါပိုးဝင်ခြင်း - ရောဂါပိုးဝင်ခြင်းကြောင့် အရေပြားလေးဖက်နာ စပြီးဖြစ်နိုင်သလို၊ ဖြစ်ပြီးသားလူတွေမှာဆိုရင် ရောဂါပြန်ကြွစေနိုင်ပါတယ်။
  • ဆေးများ - ဆေးကြောင့် ရောဂါကြွတဲ့သူတွေမှာဆိုရင် ဆေးဖြတ်လိုက်တာနဲ့ ရောဂါလက္ခဏာတွေ ပြန်ကောင်း သွားတတ်ပါတယ်။

 

♦♦ ဖြစ်နို်င်ချေများသော အချက်များ

            အရေပြားလေးဖက်နာ ဖြစ်နိုင်ချေများတဲ့ အချက်တွေကတော့ -

  • လိင် - အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
  • အသက် - အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၁၅-၄၀ ကြားမှာ ပိုပြီးအဖြစ်များပါတယ်။
  • လူမျိုး - အာဖရိကန်-အမေရိကန်လူမျိုး၊ စပိန်စကားပြောတဲ့ လက်တင်အမေရိကန်၊ အာရှသားတွေမှာ အဖြစ်များပါတယ်။

 

♦♦ နောက်ဆက်တွဲဆိုးကျိုးများ

            ခန္ဓာကိုယ်နေရာအနှံ့မှာ ရောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ်။

  1. ကျောက်ကပ် - ကျောက်ကပ်ပြင်းထန်စွာ ထိခိုက်စေပြီးတော့ ဒီရောဂါရှိတဲ့သူ အများစုဟာ ကျောက်ကပ် အလုပ်မလုပ်တော့တဲ့အတွက် သေတာ များပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါလက္ခဏာတွေကတော့ ယားယံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခြေထောက်များ ဖောရောင်ခြင်းတို့ ဖြစ်ကြပါတယ်။
  2. ဦးနှောက်နှင့် ပင်မအာရုံကြောအဖွဲ့အစည်း - အရေပြားလေးဖက်နာက ဦးနှောက်ကိုပါ ထိလာရင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အမူအကျင့်များ ပြောင်းလဲခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အများစုက မှတ်ဉာဏ်မကောင်းတော့ခြင်း၊ ကိုယ့်ရဲ့အတွေးကို ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲခြင်း စတဲ့ပြဿနာတွေ ခံစားကြရပါတယ်။
  3. သွေးနှင့် သွေးကြောများ - သွေးအားနည်းခြင်း၊ သွေးထွက်များခြင်း၊ သွေးခဲလွန်းခြင်းစတဲ့ သွေးရောဂါအမျိုးမျိုးနဲ့   သွေးကြောရောင်ခြင်းများ ဖြစ်စေပါတယ်။
  4. အဆုတ် - ရင်ခေါင်းအတွင်းနံရံတွေ ရောင်ပြီး အသက်ရှူရင် ရင်ဘတ်အောင့်ခြင်း၊ နာခြင်းများ ခံစားရတတ်ပါတယ်။ အဆုတ်ရောင်ဖြစ်နိုင်ခြေလည်း ပိုများပါတယ်။
  5. နှလုံး - နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်းများ ဖြစ်စေသလို နှလုံးသွေးကြောရောဂါ နဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

 

♦♦ အခြားနောက်ဆက်တွဲဆိုးကျိုးများ

            အရေပြားလေးဖက်နာရောဂါ ရှိသူတွေမှာ အောက်ပါရောဂါတွေလည်း ဖြစ်နိုင်ခြေ များပါတယ်။

  1. ရောဂါပိုးဝင်ခြင်း - ရောဂါကိုယ်တိုင်နဲ့ ရောဂါကုသတဲ့ဆေးတွေက ကိုယ်ခံအားကျစေတဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ မှိုစွဲခြင်း၊ ဝမ်းလျှောခြင်း၊ ရေယုန် စတဲ့ရောဂါတွေ ဖြစ်ကြပါတယ်။
  2. ကင်ဆာ - ကင်ဆာဖြစ်နိုင်ခြေလည်း များပါတယ်။
  3. အရိုးတစ်သျှူးများ သေဆုံးခြင်း - အရိုးကို သွေးထောက်ပံ့မှု မရှိတော့တဲ့အတွက် အရိုးသေးသေးလေးတွေ ကျိုးပျက်ရာကနေ နောက်ဆုံးမှာ လုံးဝပျက်စီးသွားလေ့ ရှိပါတယ်။ တင်ပါးဆုံရိုးမှာ အဖြစ်များပါတယ်။
  4. ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးများ - အရေပြားလေးဖက်နာရှိတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ကျခြင်း၊ သွေးဆိပ်တက်ခြင်း၊ လမစေ့ဘဲမွေးခြင်းတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီဆိုးကျိုးနည်းစေဖို့အတွက် ဆရာဝန်တွေက အနည်းဆုံး (၆) လလောက် ရောဂါကို ထိန်းချုပ်ထားနိုင်ပြီးမှ ကိုယ်ဝန်ဆောင်ဖို့ ညွှန်ကြားလေ့ ရှိပါတယ်။
  5. စမ်းသပ်မှုနှင့် ရောဂါဖော်ထုတ်ခြင်း
  6. တစ်ယောက်နဲ့တစ်ယောက် ရောဂါလက္ခဏာ မတူတဲ့အတွက် ရောဂါသတ်မှတ်ရတာ ခက်ပါတယ်။ ဒါကြောင့် ရောဂါသတ်မှတ်ဖို့အတွက် စမ်းသပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ကိုယ်ခန္ဓာ စစ်ဆေးခြင်း စတာတွေ အားလုံးလုပ်ပြီး ရောဂါရှာဖွေ ဖော်ထုတ်ရပါတယ်။

 

♦♦ ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ

1. သွေးနှင့် ဆီးစစ်ခြင်း

  • သွေးစစ်ခြင်း (CP) –သွေးဖြူဥ၊ သွေးနီဥ၊ သွေးမွှား အရေအတွက်၊ ပုံစံ၊ ပုံမှန် ဟုတ်/မဟုတ်
  • ESR
  • ကျောက်ကပ်နှင့် အသည်း စစ်ဆေးခြင်း
  • ဆီးစစ်ခြင်း - ဆီးထဲတွင် ပရိုတင်းဓာတ်၊ သွေးနီဥများ ပါ/မပါ။
  • Antinuclear antibody test - ခုခံအားစနစ် ကြွနေချိန်မှာ ဒီပဋိပစ္စည်းတွေ ထွက်တတ်ပါတယ်။ ANA တွေ့တယ်ဆိုရင် အခြားပဋိပစ္စည်းတွေ ရှိ/မရှိ ဆက်စစ်ရပါမယ်။

 

2. ဓာတ်မှန်ရိုက်ခြင်း

အရေပြားလေးဖက်နာကြောင့် အဆုတ်၊ နှလုံးတွေပါ ထိတယ်လို့ သံသယရှိရင်

  • ရင်ဘတ်ဓာတ်မှန် - ရင်ဘတ်ဓာတ်မှန် ရိုက်ခြင်းအားဖြင့် အဆုတ်ရောင်ခြင်း၊ ရေဝင်ခြင်းများ ရှိ/မရှိ သိနိုင်ပါတယ်။
  • နှလုံးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (echo) - နှလုံးအဆို့ရှင်တွေန့ဲ နှလုံးရဲ့အခြားအစိတ်အပိုင်းတွေ ကောင်း/မကောင်း ကြည့်နိုင်ပါတယ်။

3. အသားစ စစ်ဆေးခြင်း

ဒီရောဂါကြောင့် ကျောက်ကပ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပြီး ဘယ်လောက်ပျက်စီးသွားတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။ တစ်ခါတလေမှာ အသားစယူပြီး စစ်ဆေးဖို့ လိုပါတယ်။

 

♦♦ ကုထုံးနှင့် ဆေးဝါးများ

ရောဂါလက္ခဏာအပေါ် မူတည်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။ ရောဂါလက္ခဏာတွေက ကြွလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြပြီး ဆေးကို ညှိနှိုင်းသောက်ရပါမယ်။

  • အကိုက်အခဲပျောက်ဆေးများ (NSAIDs) - အကိုက်အခဲပျောက်ဆေးတွေကို ကိုက်ခြင်း၊ နာခြင်း၊ ရောင်ခြင်းနဲ့ ကိုယ်ပူသက်သာစေဖို့ သုံးနိုင်ပါတယ်။ ဆေးရဲ့ဆိုးကျိုးတွေကတော့ အစာအိမ် သွေးယိုစီးခြင်း၊ ကျောက်ကပ်ထိခြင်း၊ နှလုံးထိခိုက်ခြင်းတို့ ဖြစ်ပါတယ်။
  • ငှက်ဖျားပျောက်ဆေးများ - hydroxychloroquine ဆိုတဲ့ ငှက်ဖျားဆေးကိုလည်း ရောဂါထိန်းချုပ်ဖို့ သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ အစာအိမ် မအီမသာဖြစ်ခြင်း၊ မြင်လွှာထိခိုက်နိုင်ပေမယ့် ဖြစ်နိုင်ခြေ နည်းပါတယ်။
  • Corticosteroids – Prednisone နဲ့ အခြားစတီးရွိုက်ဆေးတွေက လေးဖက်နာကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပေမယ့် ကိုယ်အလေးချိန်တက်ခြင်း၊ ညိုမဲစွဲလွယ်ခြင်း၊ အရိုးပွခြင်း၊ သွေးတိုး၊ ဆီးချို၊ ရောဂါပိုးဝင်ခြင်းစတဲ့ နာတာရှည်ဘေးထွက်ဆိုးကျိုးတွေ ရစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးရနိုင်ခြေက ဆေးပမာဏများခြင်းနဲ့ ဆေးသောက်တဲ့ကြာချိန်အပေါ်မှာ မူတည်ပါတယ်။
  • ခုခံအားကျဆေးများ - လေးဖက်နာဆိုးလာရင် ခုခံအားကျစေတဲ့ဆေးတွေ သောက်ရပါမယ်။  ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်းတို့ ဖြစ်ကြပါတယ်။

 

♦♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

ရိုးရှင်းတဲ့နည်းလမ်တွေက ရောဂါလက္ခဏာတွေ မကြွအောင် ကာကွယ်ပေးနိုင်ပါတယ်။

  1. ဆရာဝန်နဲ့ ပုံမှန်ပြသပါ။ ရောဂါလက္ခဏာတွေ ဆိုးလာမှ ဆရာဝန်ဆီသွားတာထက် ပုံမှန်ပြသခြင်းအားဖြင့် ရောဂါမကြွအောင် ကာကွယ်ပေးနိုင်ပါတယ်။
  2. ပြည့်ပြည့်ဝဝ အနားယူပါ။ ဒီရောဂါရှိသူတွေက သာမန်လူတွေနဲ့မတူဘဲ အချိန်တိုင်း မောနေတတ်ပြီး အနားယူလိုက်ရုံနဲ့လည်း မသက်သာပါဘူး။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝအောင်အိပ်ပြီး နေ့လည်ဘက်တွေမှာလည်း အနားယူ တရေးအိပ်ဖို့ လိုအပ်ပါတယ်။
  3. နေရောင်ခြည် မထိတွေ့အောင် ကာကွယ်ပါ။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ရောဂါကြွစေနိုင်တဲ့အတွက် နေရောင်ကာကွယ်ဖို့အတွက် ဦးထုပ်၊ လက်ရှည်အကျႌဝတ်ပါ။ နေရောင်ကာ အနည်းဆုံး SPF 55 ပါတဲ့ လိမ်းဆေးလိမ််းပါ။
  4. လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရောဂါကြွခြင်းမှ သက်သာအောင် ကူညီနိုင်သလို နှလုံးရောဂါ သက်သာခြင်း၊ စိတ်ဓာတ်ကျခြင်းကို သက်သာစေခြင်း၊ နေထိုင်ကောင်းခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
  5. ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်ခြင်းက နှလုံးသွေးကြောရောဂါကို ပိုဆိုးစေနိုင်သလို နှလုံးနဲ့ နှလုံးသွေးကြောတွေအပေါ် ရောဂါရဲ့အကျိုးသက်ရောက်မှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
  6. ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ စားပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံများ စားပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)