/
news/ကျန်းမာရေး-z/အီဗိုလာဗိုင်းရပ်စ်-ebola

အီဗိုလာဗိုင်းရပ်စ် (Ebola)

Category
ကျန်းမာရေး (A-Z)

        အီဗိုလာရောဂါဟာ Ebola ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး အသက်ဆုံးရှုံးသည် အထိ ဆိုးရွားပြင်းထန်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။

          လူ၊ မျောက်၊ လူဝံ နဲ့ ချင်ပန်ဇီတို့ဟာ အီဗိုလာဗိုင်းရပ်စ်ရဲ့ သားကောင်တွေဖြစ်ပါတယ်။ Ebola ဗိုင်းရပ်စ်မှာ မျိုးစိပ် ၅ မျိုးရှိတဲ့အနက် Zaire Virus ၊ Sudan Virus ၊ Tai Forest Virus နဲ့ Bundibugyo Virus တွေက လူတွေကို အန္တရာယ်ပေးပြီး ကျန်တဲ့ Reston Virus ကတော့ မျောက်၊ လူဝံ နဲ့ ချင်ပန်ဇီတို့ကို ဒုက္ခပေးပါတယ်။

          Ebola ရောဂါကို ၁၉၇၆ ခုနှစ်ကတည်းက အာဖရိကနိုင်ငံတွေမှာ စတင်တွေ့ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ ကမ်ဘာ့နိုင်ငံအားလုံးရဲ့ စိုးရိမ်တကြီးစောင့်ကြည့်ခြင်းကိုခံခဲ့ရတဲ့ ရောဂါတစ်ခု ဖြစ်လာခဲ့ပါတယ်။ Ebola ကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာ WHO ရဲ့ ထုတ်ပြန်ချက်အရ ၄,၄၉၃ ယောက် ဆိုပေမယ့် စုစုပေါင်းလူဦးရေ ၁၂,၀၀၀ ၀န်းကျင်ရှိလိမ့်မယ်ဟု ခန့်မှန်းမိကြောင်း BBC သတင်း၀က်ဘ်ဆိုက်ရဲ့ ကျန်းမာရေးအယ်ဒီတာ James Gallagher က ဆိုပါတယ်။

ဖြစ်ပွားရသည့် အကြောင်းအရင်း

-      Ebola ဗိုင်းရပ်စ်ရှိသော တိရစၧာန်ကို စားသုံးခြင်း

-      ရောဂါရှိသော လူ(သို့) တိရိစာၦန်၏ ခန္ဓာကိုယ်မှထွက်သော အရည်နှင့် အညစ်အကြေးများကိုထိတွေ့ခြင်း

-      ဗိုင်းရပ်စ်ပိုးထိတွေ့ထားသော ပစ္စည်းများကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်း ( ဥပမာ-ဆေးထိုးအပ် )

-      အရေပြားဒဏ်ရာများမှတစ်ဆင့် ကူးစက်ခြင်း

          ရောဂါကူးစက်ခံရသော လူများတွင်ရောဂါလက္ခဏာမပြသေးသရွေ့ အခြားသူများသို့ ကူးစက်နိုင်ချေမရှိပါဘူး။

          အီဗိုလာဗိုင်းရပ်စ်ပိုးသည် လေ(သို့) ရေမှတစ်ဆင့် ကူးစက်ခြင်းမရှိပါဘူး။

Ebola ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေရှိသူများ

-      အာဖရိကသို့ ခရီးသွားသူများ

-      Ebola နှင့်ပတ်သက်၍ သုတေသနလုပ်သူများ

-      ကျန်းမာရေး၀န်ထမ်းများ

-      Ebola ကြောင့် သေဆုံးသွားသူများ၏ အလောင်းကို ကိုယ်တွယ်ပေးရသူများ

ရောဂါလက္ခဏာများ

          ရောဂါပိုးကူးစက်ခံရပြီး 5ရက်မှ 10ရက်အတွင်း လက္ခဏာပြလေ့ရှိပါတယ်။ အစောပိုင်းရောဂါလက္ခဏာများမှာ

-      ဖျားခြင်း

-      ခေါင်းကိုက်ခြင်း

-      ကြွက်သား/အဆစ်အမြစ်နာကျင်ခြင်း

-      ချမ်းစိမ့်ခြင်း

-      အားနည်းခြင်း တို့ဖြစ်ပါတယ်။

     အချိန်ကြာလာသည်နှင့်အမျှ ရောဂါလက္ခဏာများ ပိုဆိုးလာပြီး ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အနီစက်ထွက်ခြင်း၊ အားနည်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မျက်လုံးမှသွေးများယိုစီးခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးခြင်း၊ ဗိုက်အောင့်ခြင်း၊ မျက်စိနီခြင်း စသည်တို့ကိုပါ ခံစားလာရနိုင်ပါတယ်။

စမ်းသပ်ခြင်း

          Ebola ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ/မရှိကို သွေးမှတစ်ဆင့် အောက်ပါစမ်းသပ်မှုများကို ပြုလုပ်ခြင်းဖြင့်သိနိုင်ပါ တယ်။

I.       Enzyme-Linked Immunosorbent Assay (ELISA)

II.      Reverse transcriptase Polymerase Chain Reaction (PCR)

ကုသမှု

          လက်ရှိအချိန်ထိတော့ Ebola ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ဆေးမပေါ်လာသေးပါဘူး။ စမ်းသပ်ဆဲအဆင့်သာ ရှိပါ သေးတယ်။ ဒါ့ကြောင့် လူနာခံစားနေရတဲ့ ရောဂါေ၀ဒနာတွေကို သက်သာဖို့ပဲ အဓိကထား လုပ်ဆောင်ပေးရမှာပါ။

-      ရေဓာတ်ဖြည့်ပေးခြင်း

-      သွေးပေါင်ချိန်ကိုထိန်းထားခြင်း

-      အောက်ဆီဂျင် ပေးခြင်း

-      သွေးယိုစိမ့်မှုရှိပါက သွေးသွင်းခြင်း

-      အခြားသောကူးစက်ရောဂါများရှိပါကကုသခြင်းတို့ဖြင့် ရောဂါလက္ခဏာသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

          ခန္ဓာကိုယ်တွင်းရှိအင်္ဂါများပျက်စီးခြင်း၊ သွေးထွက်များခြင်း၊ အသားဝါခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိမေ့ခြင်းနှင့် သွေးလန့်ခြင်း တို့ဖြစ်နိုင်ပါတယ်။

          ရောဂါပိုး၀င်သူ အယောက် ၁၀၀ မှာ ၅၀ ကနေ ၇၀ လောက်ထိ သေဆုံးနိုင်ခြေရှိပါတယ်။ တကယ်လို့ အသက်မဆုံးရှုံးခဲ့ရင်တောင် လူကောင်းတစ်ယောက်လို သွားလာလှုပ်ရှားနိုင်ဖို့က လအတော်ကြာကြာ အားမွေးဖို့လိုပါ တယ်။ အကြောင်းကတော့ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲတစ်ခါ၀င်ပြီးသွားရင် တော်တော်ကြာတဲ့အထိ မပျက်စီးဘဲ ခန္ဓာကိုယ်ထဲက စနစ်တွေအားလုံးကို နှောင့်ယှက်ဖျက်ဆီးလိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အသက်ရှင်ကျန်နေ ခဲ့တဲ့သူတွေမှာ အောက်ပါအခြေအနေများဖြစ်တဲ့

-      ဆံပင်ကျွတ်ခြင်း

-      အာရုံသိမှုများ ချို့ယွင်းခြင်း

-      အသည်းရောင်ခြင်း

-      အားနည်းခြင်း

-      မောပန်းခြင်း

-      ခေါင်းကိုက်ခြင်း

-      မျက်လုံးရောင်ခြင်း

-      ေ၀ှးစေ့ရောင်ခြင်း တို့နဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသေးတယ်။

ကြိုတင်ကာကွယ်ခြင်း

          Ebola ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိအောင် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။

-        ရောဂါဖြစ်ပွားသောနေရာများသို့ သွားရောက်လည်ပတ်ခြင်းမပြုပါနှင့်။

-        လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောပေးပါ။ ဆပ်ပြာမရှိပါက အယ်လ်ကိုဟော (Alcohol) အနည်းဆုံး ၆၀%  ပါသော လက်သန့်စင်ဂျယ်လ် (Hand Gel) များကို သုံးနိုင်ပါတယ်။

-        တောရိုင်းတိရစၧာန်များ၏ အသားကို စားခြင်းမှ ရှောင်ရှားပါ။

-        ရောဂါကူးစက်ခံရသောသူများနှင့်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပါ။

(လူနာရဲ့ ခန္ဓာကိုယ်၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်သမျှ အရည်နှင့် အညစ်အကြေးများကို တိုက်ရိုက်ထိတွေ့မှု မရှိအောင် ဂရုစိုက်ပါ။)

-        ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်တဲ့ စည်းကမ်းများကိုလိုက်နာပါ။( ဥပမာ- လက်အိတ်စွပ်ခြင်း၊ Mask တပ်ခြင်း၊ မျက်လုံးအကားတပ်ဆင်ခြင်း၊ ၀တ်ရုံ ( Gown) ၀တ်ဆင်ခြင်း )

-        ကူးစက်ခံရသောလူသေအလောင်းများကို ကျွမ်းကျင်၀န်ထမ်းများကသာ စနစ်တကျကိုင်တွယ်ပြီးမြှုပ်နှံပါ။

www.drmyanmar.com