အူရောင်ငန်းဖျား
အူရောင်ငန်းဖျားဆိုတာ အူလမ်းကြောင်းနဲ့ သွေးထဲမှာ ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီရောဂါက ကမ်ဘာ့နေရာအနှံ့အပြားမှာ ဖြစ်နိုင်ပေမယ့် ရေ၊ မသန့်ရှင်းတဲ့နေရာတွေနဲ့ ညစ်ပတ်တဲ့နေရာတွေမှာ ပိုဖြစ်ပါတယ်။ အူရောင်ငန်းဖျားကိုဖြစ်စေတဲ့ Salmonella typhi ဆိုတဲ့ ဘက်တီးရီးယားပိုးတွေက လူမှာပဲနေပြီး တိရစၧာန်တွေမှာ မနေနိုင်ပါဘူး။
>> ကူးစက်နိုင်သောနည်းလမ်းများ
ရောဂါပိုးက ရောဂါပိုး ကူးစက်ခံရသူရဲ့ မစင်နဲ့ ဆီးထဲမှာ နေပါတယ်။ ရောဂါပိုးရှိသူက အိမ်သာတက်ပြီး လက်ကို သေချာမဆေးဘူးဆိုရင် သူ့လက်ကနေတစ်ဆင့် အခြားအရာဝတၳုတွေ၊ နေရာတွေပေါ်ကို ပိုးတွေ ပျံ့နှံ့သွားစေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် အစားအစာတွေနဲ့ အခြားလူတွေဆီကို ရောက်ရှိသွားနိုင်ပါတယ်။
ရောဂါပိုးရှိတဲ့ကလေးရဲ့ အီးဝတ်ကို လဲပေးရာကနေလည်း လက်တွေကို ပိုးတွေ ပျံ့နှံ့နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့မစင်နဲ့ ထိတွေ့မှုရှိတဲ့ ရေကနေတစ်ဆင့်လည်း ပျံ့နှံ့နိုင်ပါတယ်။
သေချာကုသမှု မခံယူပါက အူရောင်ငန်းဖျားကနေ ပြန်လည်နာလန်ထလာတဲ့ လူအယောက် 20 မှာ တစ်ယောက်က ရောဂါပိုး သယ်ဆောင်သူအဖြစ် ဆက်ရှိနေပါတယ်။ ဘာရောဂါလက္ခဏာမှ မပြပေမယ့် သူတို့ရဲ့မစင်နဲ့ ဆီးထဲမှာတော့ ရောဂါပိုးရှိနေပြီး သုံးလလောက်ကြာတဲ့အထိ အခြားသူကို ကူးစက်စေနိုင်ပါတယ်။ ရောဂါပိုး သယ်ဆောင်သူ 2-5 % လောက်က အမြဲရောဂါပိုး ရှိနေတတ်ပါတယ်။
>> ကြားကာလ
ရောဂါပိုး စတင်ဝင်ရောက်ချိန်ကနေပြီး လက္ခဏာပြတဲ့အချိန်က 7-14 ရက်ခန့်် ဖြစ်လေ့ရှိပြီး 3-60 ရက်အထိလည်း ကြာတတ်ပါတယ်။ ရောဂါလက္ခဏာတွေက 3-4 ရက်လောက်အကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာတတ်ပါတယ်။ ကုသမှု မခံယူပါက 4 ပတ်လောက် ကြာတတ်ပါတယ်။ 2-3 ပတ် မြောက်လောက်မှာဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။
>> အူရောင်ငန်းဖျား အဖြစ်များသူများ
• အူရောင်ငန်းဖျား အဖြစ်များသောဒေသများသို့ ခရီးသွားသူများ
• ရောဂါပိုးရှိသူနှင့် အနီးကပ်နေသူ
• ကလေးငယ်တွေက လူကြီးတွေထက် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
ကာကွယ်ဆေးထိုးထားသူတွေမှာ အဖြစ်နည်းပေမယ့် လုံးဝမဖြစ်ဘူးလို့တော့ အာမမခံနိုင်ပါဘူး။ ကာကွယ်ဆေးထိုးထားသူတွေရဲ့ 20-50 % လောက်က အူရောင်ငန်းဖျား ဖြစ်တတ်ပါတယ်။
>> ရောဂါလက္ခဏာများ
• ကိုယ်ပူခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• မအီမသာဖြစ်ခြင်း
• လည်ချောင်းနာခြင်း
• ချောင်းဆိုးခြင်း
• ခေါင်းကိုက်ခြင်း
• နှလုံးခုန်နှေးခြင်း
• ချေွးထွက်ခြင်း
• ဗိုက်အောင့်ခြင်း၊ နာခြင်း
• ဝမ်းလျှောခြင်း (သို့) ဝမ်းချုပ်ခြင်း
• အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
• ရင်ဘတ်နှင့် ဗိုက်ပေါ်တွင် အနီရောင်အကွက်များဖြစ်ခြင်း
• စိတ်ရှုပ်ထွေးခြင်း
• သွေးဆိပ်သင့်ခြင်း
• သရက်ရွက်ကြီးခြင်း
• အသည်းကြီးခြင်း
>> နောက်ဆက်တွဲ ဆိုးကျိုးများ
• အူမှ သွေးယိုစိမ့်ခြင်း - အူမှ သွေးများထွက်ခြင်း (သွေးပေါင် ရုတ်တရက်ကျသွားခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း)
• အူပေါက်ခြင်း - အူပေါက်သွားပြီး အူထဲကပစ္စည်းတွေနဲ့သွေးတွေ ဝမ်းခေါင်းထဲကို စိမ့်ထွက်သွားခြင်း
• ဦးနှောက်အမြှေးပါးရောင်ခြင်း
• အခြားကိုယ်တွင်း အင်္ဂါများရောင်ခြင်း (နှလုံး၊ ပန်ကရိယ)
• ရောဂါပိုး ပျံ့နှံ့ခြင်း - အဆုတ်ရောင်ခြင်း၊ ကျောက်ကပ်၊ ဆီးအိမ်နှင့် ကျောရိုးများကို ရောဂါပိုးများ ပျံ့နှံ့သွားခြင်း။
>> ရောဂါရှာဖွေ ဖော်ထုတ်ခြင်း
• ရောဂါရာဇဝင် မေးမြန်းခြင်း
• ခန္ခာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း
• ခရီးသွားခဲ့ဖူးသော နေရာများအကြောင်း မေးခြင်း
• သွေးစစ်ခြင်း
• ဝမ်းစစ်ခြင်း
• ဆီးစစ်ခြင်း
• ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း
>> ကုသမှုများ
ချက်ချင်းကုသမှုမခံယူပါက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကုထုံးတွေကတော့ -
• ဆေးရုံတင်ပြီး ကုသမှု သေချာခံယူခြင်း
• ပိုးသတ်ဆေးများပေးခြင်း
• ရေများများသောက်ခြင်း - ဖျားခြင်းနှင့် ဝမ်းလျှောခြင်းကြောင့်ဖြစ်သော ရေဓာတ်ခမ်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းနိုင်ရန်။
>> အခြားသူတွေကို မကူးစက်အောင် ဘယ်လိုနေရမလဲ?
ရောဂါလက္ခဏာတွေ လုံးဝပျောက်ကင်းသွားပြီး အနည်းဆုံး 24 နာရီကြာတဲ့အထိ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်အတောအတွင်းမှာ အောက်ပါအချက်တွေကို လိုက်နာပါ။
• ပိုးသတ်ဆေးကို ဆေးပတ်လည်တဲ့အထိ သေချာသောက်ပါ။
• အလုပ်၊ ကျောင်း၊ မူကြိုတွေ မသွားပါနဲ့ဦး။
• အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုပါနဲ့။
• တဘက်၊ အစားအစာထည့်တဲ့ပန်းကန်၊ ခွက်တွေနဲ့ အစားအစာတွေကို မျှဝေသုံးစွဲခြင်း မပြုပါနှင့်။
• အိမ်သာတက်ပြီးတိုင်း လက်ကို ရေ၊ ဆပ်ပြာတို့နှင့် သေချာဆေးကြောပါ။
• ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပါ။
>> ကာကွယ်ရန် နည်းလမ်းများ
ရောဂါအဖြစ်များတဲ့နေရာတွေကို ခရီးသွားပါက သေချာဂရုစိုက်သွားပါ။
1. ကာကွယ်ဆေး ထိုးထားပါ
ခရီးဝေးသွားသူတိုင်း လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးပြီးမှ သွားသင့်ပါတယ်။ ကိုယ်သွားမယ့်နေရာက စိတ်ချရတယ်ဆိုရင်တောင် ရောဂါဖြစ်နိုင်ပါတယ်။ ခရီးမသွားမီ အနည်းဆုံး 2 ပတ်ကြိုပြီး ကာကွယ်ဆေးထိုးရပါမယ်။ ကာကွယ်ဆေးက တစ်သက်လုံး မခံပါဘူး။ ဒါကြောင့် ခရီးသွားတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ရင် ထပ်ထိုးရပါမယ်။
2. အခြားနည်းလမ်းများ
ကာကွယ်ဆေးက 100% ကာကွယ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် အစားအစာ စားတဲ့အလေ့အထနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုက အလွန်အရေးကြီးပါတယ်။
>> အကြံပြုချက်တွေကတော့ -
• လမ်းဘေးစာတွေ မစားပါနဲ့။
• ပူပူနွေးနွေး အစားအစာတွေကို စားပါ။ အေးးခဲထားသော (သို့) အေးနေတဲ့ အစားအစာတွေ မစားပါနဲ့။
• ပင်လယ်စာတွေ မစားပါနဲ့။
• သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။ သစ်သီးတွေကို အခွံခွာပြီးမှ စားပါ။ ကိုယ်တိုင်အခွံခွာစားတာက ပိုပြီးစိတ်ချရပါတယ်။
• ဥအစိမ်း မစားပါနဲ့။
• ကြိုချက်မထားတဲ့နို့နဲ့ နို့ထွက်ပစ္စည်းတွေ မစားပါနဲ့။
• ရေခဲ ထည့်မသောက်ပါနဲ့။
• ရေသန့်ဘူး သောက်ပါ။
• သွားတိုက်ရင်လည်း ရေသန့်ဘူးထဲကရေကို အသုံးပြုပါ။
• အစားအစာမပြင်ဆင်မီ၊ အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို သေချာဆေးပါ။ ဆပ်ပြာနဲ့ရေ မရနိုင်တဲ့နေရာမှာသုံးဖို့ အရက်ပြန်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည် ဆောင်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















