/
news/အလှအပနှင့်ကျန်းမာရေး/ဘာလို့နှုတ်ခမ်းခြောက်ရတာလဲ

ဘာလို့နှုတ်ခမ်းခြောက်ရတာလဲ

Category
အလှအပနှင့်ကျန်းမာရေး

နှုတ်ခမ်းအရေပြားဟာ အရမ်းပါးတဲ့အတွက် အစိုဓာတ်ကို တာရှည်ထိန်းမထားနိုင်ဘဲ ခြောက်သွေ့မှုကို ဦးဆုံးခံစားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒါ့အပြင် အဆီဂလင်းမပါရှိတာမို့ နှုတ်ခမ်းကို စိုစိုစွတ်စွတ်ဖြစ်အောင် မထိန်းသိမ်းနိုင်ပြန်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရာသီဥတုအေးတာ၊ ရာသီဥတုလွန်ကဲပြောင်းလဲတာ၊ နေရောင်ကြောင့်ပျက်စီးတာ၊ ဆေးလိပ်သောက်တာ၊ ဗီတာမင်ချို့တဲ့တာ၊ တစ်ခါတလေ ရောဂါအခြေအနေ တစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။

>>  ရုတ်တရက်နှုတ်ခမ်းခြောက်ခြင်း
နှုတ်ခမ်း ရုတ်တရက် ရောင်ရမ်း၊ ခြောက်သွေ့လာပြီး အက်ကွဲလာတယ်၊ စပ်သလိုလို ခံစားလာရတယ်ဆိုရင် အရေပြားဓာတ်မတည့်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ သုံးလက်စ အလှကုန်ပစ္စည်းတွေကို ရပ်လိုက်ပြီး အမွေးအကြိုင်တွေ၊ အရောင်ဆိုးဆေးတွေကို ရှောင်ပေးပါ။ ရက်ပိုင်းလောက်ကြာတဲ့အထိကို မသက်သာသေးရင်တော့ အရေပြားဆရာဝန်နဲ့ ပြကြည့်ပါ။

>>  နောက်ထပ် အရေပြားဓာတ်မတည့်စေတတ်တဲ့ ပစ္စည်းတွေကတော့ -
●  ပရုတ်
●  ပူစီနံ၊ ယူကလစ်တက်စ်
●  ချင်း
●  သစ်ကြံပိုး
●  Salicylic acid
●  Lanolin စတာတွေပါပဲ။

>>  နှုတ်ခမ်းခြောက်သွေ့ကွာကျခြင်း
လျှာသပ်ခြင်း၊ အရေပြားခွာခြင်း၊ နှုတ်ခမ်းကိုက်ခြင်းတို့ဟာ နှုတ်ခမ်းအရေပြားလန်သွားစေပြီး အနာကျက်တာကို ပိုကြာစေနိုင်ပါတယ်။ ဒီလိုနှုတ်ခမ်းခြောက်တာကို ကာကွယ်ဖို့အတွက် အပျော့စား ကြေးချွတ်ဆေးလေးနဲ့  ဖြည်းဖြည်း ညင်ညင်သာသာလေး ကြေးချွတ်ပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းအဆီလေး လိမ်းပေးနိုင်ပါတယ်။ shea butter ဆီ၊ ကြွေဆီ၊ demethicone ပါဝင်ပြီး အနံ့အသက်နဲ့ ဓာတ်မတည့်တဲ့ပစ္စည်း မပါဝင်တဲ့ အမျိုးအစားကို အသုံးပြုပေးပါ။

>>  ရာသီဥတုကြမ်းတမ်းခြင်း
ဆောင်းရာသီတွေမှာ ချမ်းအေးခြောက်သွေ့ပြီး အစိုဓာတ်နည်းပါးတဲ့အတွက် အစိုဓာတ် ကောင်းကောင်းမထိန်းနိုင်တဲ့ နှုတ်ခမ်းဟာ ခြောက်သွေ့လာရတာပေါ့။ နောက်ပြီး ရာသီဥတု တစ်ခုကနေတစ်ခုကို ကူးပြောင်းတဲ့အခါမျိုးမှာ (ဥပမာ - ပူပြင်းနေတဲ့ရာသီဥတု ပူပြင်းပြင်းကနေ အေးစက်ပြီး ခြောက်သွေ့တဲ့ အခန်းထဲဝင်တဲ့အခါမျိုးမှာ) နှုတ်ခမ်းသားတွေ ခြောက်သွေ့ပြီး အက်ကွဲလာတော့ာတာပေါ့။ လေပြင်းတွေကလည်း နှုတ်ခမ်းတွေကို ခြောက်သွေ့စေပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)