မွေးကင်းစကလေးချက်ကို ဘယ်လိုဂရုစိုက်မလဲ?
ကလေးချက်ဟာ မွေးပြီး၂ပတ်လောက်အတွင်းမှာ သူ့အလိုလိုကြွေသွားတတ်ပါတယ်။ ဒီလိုမကြွေခင်အတောအတွင်းမှာ ချက်ကိုတတ်နိုင်သမျှ ဖြည့်ညင်းစွာကိုင်တွယ်သင့်ပါတယ်။
>> ကလေးတွေမှာချက်ဟာဘယ်လိုအရေးပါသလဲ?
ကိုယ်ဝန်ဆောင်စဉ်မှာ ချက်ကြိုးဟာ မိခင်ဆီကနေ အစာအာဟာရတွေ၊ အောက်စီဂျင်တွေကို ကလေးဆီ ပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် မွေးဖွားလာချိန်မှာ ချက်ကြိုးမလိုအပ်တော့တာကြောင့် ညှပ်ပြီးဖြတ်ပစ်လိုက်ရပါတယ်။ ဒါကြောင့် ချက်အငုတ်ကလေးကျန်နေတာဖြစ်ပါတယ်။
Ceelin 1
>> ကလေးချက်ကို ဘယ်လိုဂရုတစိုက် ကိုင်တွယ်ကြမလဲ?
ကလေးရဲ့ချက်ဟာ မွေးပြီး၁ပတ်မှ၃ပတ်အတွင်း ခြောက်ပြီးသူ့အလိုလိုကြွေကျသွားကြပါတယ်။ ဒီအတောအတွင်းမှာ
• ချက်ကိုခြောက်သွေ့အောင်ထားပါ။ အရင်တုန်းက မိဘတွေကို သေးခံလဲပြီးတိုင်း အရက်ပျံနဲ့အချင်းကို ပွတ်တိုက်စေလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတွေမှာ ဒီလိုအရက်ပျံနဲ့ ပွတ်တိုက်ခြင်းဟာ ချက်ခြောက်သွေ့စေဖို့ လိုအပ်တဲ့ဘတ်တီးရီးယားပိုးတွေကို သေစေတာကြောင့် မလုပ်သင့် တော့ပဲ ဒီအတိုင်းခြောက်သွေ့အောင် ထားသင့်ပါတယ်။ ကလေးသေးခံကို ချက်မဖုံးရအောင် ခေါက်ပြီး ဝတ်ပေးသင့်ပါတယ်။
• ရေပတ်တိုက်ပေးပါ။ ချက်ရေစိုခြင်းဟာ ဘာအန္တရာယ်မှ မဖြစ်စေပေမယ့် ရေပတ်ဝတ်တိုက်ပေးခြင်းက ပိုပြီးခြောက်ခြောက်သွေ့သွေ့ရှိစေပါတယ်။
• ချက်ကိုသူ့အလိုလိုကြွေကျပါစေ။ ဆွဲခွာချင်စိတ်ကို ထိန်းချုပ်ပါ။
>> ဘယ်အချိန်မှာသတိထားမလဲ?
ချက်တစ်ဖြည်းဖြည်းခြောက်လာတဲ့အခါ သွေးစစထွက်လာတာကို တွေ့ရမှာပါ။ အနာဖေးလိုပဲ ကြွေကျတဲ့အချိန်မှာ သွေးစအနည်းငယ်ထွက်လာတတ်ပါတယ်။
ဒါပေမယ့် ချက်ကနေပြည်တွေထွက်လာတာ၊ ဘေးအသားတွေနီရဲပြီးရောင်လာတာ၊ စိုရွှဲရွှဲဖြစ်လာတာ တွေတွေ့ပါက ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်တဲ့အတွက် ကလေးဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။ ပိုးမပွားအောင် ပိုးသတ်ဆေးတွေ ပေးပြီးကုသဖို့ လိုအပ်ပါတယ်။
ဒါတင်မကပဲ ၃ပတ်ကျော်လာတဲ့အထိ ချက်မကြွေသေးရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ပါ။ ပိုးဝင်နေတာ ဒါမှမဟုတ် ကိုယ်ခံအားမကောင်းတာ စတဲ့ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)














