ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
ကလေးမွေးတော့မယ်ဆိုတဲ့ လက္ခဏာရပ်တွေကတော့...
မွေးမယ့်ရက်နီးကပ်လာသူတွေပဲဖြစ်ဖြစ်၊ မွေးရက်ကျော်နေသူတွေပဲဖြစ်ဖြစ် ကလေးမွေးချင်လာရင် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကို သိချင်နေကြမှာပေါ့နော်။ ကိုယ်ဝန်ဆောင်တွေကိုယ်နှိုက်က တစ်ဦးနဲတစ်ဦးမတူညီသလို ကလေးမွေးပုံကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ဘူး။
ကလေးမွေးချင်လာပြီဆိုရင်
1. ကလေးခေါင်းစိုက်ခြင်း
အမျိုးသမီးတွေ ကလေးခေါင်းစိုက်တဲ့အကြောငး် ပြောပြောနေကြတာ ကြားဖူးကြမှာပေါ့။ ကလေးမွေးခါနီးအချိန်မှာ ကလေးလေးဟာ တင်ပါးဆုံအောက်ပိုင်းကို ရွေ့လာတတ်တယ်။ ဒါကို ကလေးခေါင်းစိုက်တယ်လို့ ခေါ်တယ်။
ဒီလိုကလေးခေါင်းစိုက်လာတဲ့အခါ ဆီးအိမ်နဲ့ သားအိမ်ခေါင်းပေါ် လာဖိတာကြောင့် ခဏခဏဆီးသွားချင်လာလိမ့်မယ်။
2. သားအိမ်ခေါင်းပွင့်ပြီးပျော့လာခြင်း
သားအိမ်ခေါင်းကို စစ်ဆေးခြင်းဖြင့် အခြေအနေဘယ်လိုရှိသလဲဆိုတာကို ဆရာဝန်က သိနိုင်တယ်။ ကိုယ်ဝန်နောက်ပိုင်းကာလတွေရောက်မှ စမ်းသပ်တာများပါတယ်။ ဒီအချိန်မျိုးမှာ သားအိမ်ခေါင်းပွင့်ဟကျယ်လာပြီး ပါးလာ၊ ဆန့်လာတာပေါ့။
တစ်ချို့အမျိုးသမီးတွေဆိုရင် သားအိမ်ခေါင်းစင်တီမီတာအနည်းငယ်လောက် ပွင့်ဟလာပေမယ့် ကလေးမမွေးချင်သေးဘဲ အေးအေးဆေးဆေးသွားလာလှုပ်ရှားနိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သားအိမ်ခေါင်းပွင့်ဟလာပြီဆိုရင် မွေးခါနီးလာပြီလို့ ပြောလု့ိရတယ်။
3. အဖြူ အဆင်းများခြင်း
၃၇ပတ်နဲ့ အပတ်၄၀ကြားမှာ သားအိမ်ခေါင်းချွဲလေးတွေ ဆင်းဆင်းလာတာကိုတွေ့နိုင်တယ်။ ဒီအချွဲတွေက ဘတ်တီးရီးယားပိုးမွားတွေ ကလေးဆီမဝင်ရလေအောင် ကာကွယ်ပေးထားပါတယ်။
သားအိမ်ခေါင်းကျယ်လာပြီး ပွင့်ဟလာချိန်မှာ ဆင်းလာတာများတယ်။ ချွဲတွေအပြင် သွေးစစတွေလည်း ဆင်းလာတတ်တယ်။ မကြာခင်မွေးတော့မယ်ဆိုတာ သိနိုင်ပေမယ့် ကလေးမွေးဖို့ ရက်သတ္တပတ်နည်းနည်း စောင့်ရတတ်တယ်။
4. သားအိမ်ညှစ်ခြင်း
သားအိမ်ညှစ်အားလည်း ပိုများပြီး ပိုပြင်းလာတတ်တယ်။ ဒီလိုကလေးမမွေးခင် သားအိမ်ညှစ်တာကို ဆေးပညာအသုံးအရ Braxton -Hicks contractionsလို့ခေါ်ပြီး ကလေးမမွေးခင် အစမ်းညှစ်ကြည့်တာလို့ ပြောနိုင်တယ်။ နာလည်းမနာ၊ ပုံလည်းမမှန်ဘူး။
တကယ်လို့ သားအိမ်ညှစ်တာ ပိုပြင်း၊ ပိုနာလာပြီး ထမင်းစား၊ ရေသောက်၊ လှဲအိပ်လိုက်ရုံနဲ့ မပျောက်တော့ဘူးဆိုရင် တကယ်မွေးချင်လို့ ညှစ်တာဖြစ်နိုင်တယ်။ တစ်ခါတစ်ခါနာတဲ့အကြိမ်ရေကြား အချိန်ကိုမှတ်ထားပါ။ တစ်ခါနဲ့တစ်ခါနာတာ ၃မိနစ်ကနေ ၅မိနစ်လောက်ထိပဲ ခြားတော့တယ်ဆိုရင် ဆရာဝန်ကိုပြောပါတော့။
5. ရေမြွာရည်ပေါက်ခြင်း
ရေမြွာရည်ပေါက်ပြီး ကလေးချက်ချင်းမွေးတော့မှာလားလို့ မလန့်ကြနဲ့ဦးနော်။ ၈-၁၀%သော အမျိုးသမီးတွေမှာသာ တကယ်ကလေးမမွေးချင်သေးဘဲ ရေမြွာရည်ပေါက်တတ်တယ်။
ရေမြွာရည်တွေဝေါခနဲဆင်းလာတာပဲဖြစ်ဖြစ်၊ တစ်တောက်တောက်လောက်ဆင်းနေတာပဲဖြစ်ဖြစ် တစ်ခြားလက္ခဏာတွေကို လိုက်ရှာကြည့်ပါ။ မွေးခါနီးအချိန်ဖြစ်နိုင်တယ်။ တကယ်လို့ လပြည့်နေပြီဆိုရင် ၂၄နာရီအတွင်း ကလေးမွေးပါလိမ့်မယ်။
ကိုယ့်ခန္ဓာကိုယ်ကိုနားထောင်ပါ။
အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် ကလေးမွေးပုံမွေးနည်း၊ ဆိုးပုံဆိုးနည်း မတူတတ်ကြဘူး။ ကလေးမွေးခါနီးကိုယ့်ခန္ဓာကိုယ်အပြောင်းအလဲတွေကို လိုက်ကြည့်ပြီး တစ်ခုခုအသစ်အဆန်းဖြစ်လာတယ်၊ ပုံမမှန်ဖြစ်လာတယ်ဆိုရင် သတိထားပါ။
အပေါ်မှာပြောခဲ့တဲ့လက္ခဏာအတော်များများရှိလာပေမယ့် ကလေးမွေးဖို့ အချိန်နည်းနည်းကြာနိုင်သေးတာမျိုးလည်း ရှိနိုင်တယ်။ ရေမြွာရည်ပေါက်သွားပြီဆိုရင်တော့ နာရီပိုငး်အတွင်းမှာ မွေးရပါမယ်။
မသေမချောမရေမရာဖြစ်နေတယ်လို့ ထင်ရပေမယ့် တကယ်ကလေးမွေးတော့မယ်ဆိုရင် သားဦးမိခင်တွေမှာ ၁၂နာရီကနေ ၂၄နာရီလောက်အထိ ကြာနိုင်တယ်။ မွေးခါနီးမေမေတွေအားလုံးလည်း အဆင်ပြေပြေချောချောမွေ့မွေ့မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
ကလေးမှေးတော့မယျဆိုတဲ့ လက်ခဏာရပျတှကေတော့...
ကိုယ့ျခန်ဓာကိုယျကိုနားထောငျပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)















