/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ကာလမှာ-ဖောလစ်အက်ဆစ်ကို-မဖြစ်မနေသောက်သင့်တဲ့

ကိုယ်ဝန်ဆောင်ကာလမှာ ဖောလစ်အက်ဆစ်ကို မဖြစ်မနေသောက်သင့်တဲ့ အကြောင်းရင်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သင့်ကြောင်း ကျန်းမာရေးသတိပေးချက်တွေကို ဖတ်ရှုဖူးကြပါလိမ့်မယ်။ ဖောလစ်အက်စစ်ဆိုတာဘာလဲဆိုတာ သိပြီးကြသော မေမေများရှိသလို သိလိုကြသူတွေလည်း ရှိနေပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ကြည့်ရအောင်နော်။

>>  ဖောလစ်အက်ဆစ်ဆိုတာ ဘာလဲ?
●  ဖောလစ်အက်ဆစ်ဟာ Vitamin B9ရဲ့ ပုံစံကွဲတစ်မျိုးပဲ ဖြစ်ပါတယ်။
●  ဖောလစ်အက်ဆစ်ကို အစားအစာကနေရနိုင်သလို အားဆေးတွေကနေလည်း ရရှိနိုင်ပါတယ်။
●  အမျိုးသမီးများအနေနှင့် ကလေးယူတော့မယ်လို့ စတင်ဆုံးဖြတ်ထားကတည်းက ဖောလစ်အက်ဆစ်ပါတဲ့ အစားအစာတွေကို နေ့စဉ်စားပေးသင့်ပါတယ်။
●  ကိုယ်ဝန်စတင်ရှိပြီဆိုတာနှင့် ဖောလစ်အက်ဆစ်အားဆေးတွေကို စောနိုင်သမျှ စောအောင် သောက်သင့်ပါတယ်။
●  ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအစာတွေကတော့ အစိမ်းရောင်အရွက်များ၊ ချဉ်သောသစ်သီးများ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ အစေ့အဆံတွေပဲ ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ပါတဲ့ အစားအစာတွေကို မီးဖြင့် ချက်ပြုတ်တဲ့အခါ အာနိသင်ပျယ်သွားနိုင်တာမို့ လတ်လတ်ဆတ်ဆတ်စားပေးတာ ပိုကောင်းပါတယ်။

>>  ဖောလစ်အက်ဆစ်က ဘာတွေဆောင်ရွက်ပေးလဲ?
●  ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုရင် သန္ဓေသားရဲ့ဦးနှောက်အာရုံကြောစနစ်နှင့် Neural Tube ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။

>>  Neural Tube ဆိုတာဘာလဲ?
●  Neural Tubeဆိုတာ ရင်သွေးလေးအဖြစ် ကနဦး စတင်ကြီးထွားလာတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒီ Neural Tube ကနေမှ ရင်သွေးလေးရဲ့ ဦးနှောက်နှင့်ကျောရိုးအာရုံကြောမ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် Neural Tube မှာ ချို့ယွင်းချက်ရှိပါက ကလေးမှာ ကျောရိုးနှစ်ခွဖြစ်ခြင်း (Spina Bifida)၊ ဆီးနှင့်ဝမ်း မသွားနိုင်ခြင်း၊ ခြေထောက်များ မလှုပ်ရှားနိုင်ခြင်း စတာတွေ  ဖြစ်ပေါ်စေမှာပါ။

>>  ကလေးကို ကျောရိုးနှစ်ခွဖြစ်ခြင်း မဖြစ်အောင် ကာကွယ်နိုင်သလား?
●  ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဖောလစ်အက်ဆစ် နေ့စဉ်သောက်ပေးခြင်းဖြင့် Neural Tube ချို့ယွင်းချက်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

>>  တစ်နေ့ကို ပမာဏ ဘယ်လောက်လိုသလဲ?
●  ကိုယ်ဝန်မဆောင်ခင် ၁၂ ပတ်အလိုကနေ ကိုယ်ဝန်ဆောင်ပြီးနောက် ပထမဆုံး ၁၂ ပတ်အထိကို တစ်နေ့ကို 400 microgram လိုအပ်ပါတယ်။

>>  ဖောလစ်အက်ဆစ်သောက်ခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတွေ ရနိုင်သလား?
●  မှန်ကန်တဲ့ပမာဏအတိုင်း သောက်သုံးမယ်ဆိုရင်တော့ ဆိုးကျိုးမရှိနိုင်ပါဘူး။ တချို့မှာတော့ ပျို့ခြင်း၊ ပါးစပ်ခါးခြင်း၊ အစားအသောက်ပျက်ခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

မေမေတို့ရေ ရင်သွေးလေးရဲ့ အာရုံကြောစနစ်ကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းကာလကတည်းက
ဖောလစ်အက်ဆစ်ကို သောက်သုံးကြစို့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)