ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီး စားလို့ရလား
ကိုယ်ဝန်ဆောင်ချိန်ဆိုရင် မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ၊ အပေါင်းအသင်းတွေဆီကနေ အကြောင်းအရာအမျိုးမျိုး အကြံဉာဏ်ပေးတာတွေ ကြုံရမှာပါ။ တချို့အချက်တွေက အကျိုးရှိပေမယ့် တချို့အချက်တွေက မှားယွင်းနေတတ်တယ်နော်။
ဥပမာတစ်ခုပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန် နာနတ်သီးတစ်လုံးလုံး စားမိရင် ချက်ချင်း ကလေးထွက်တတ်တယ်ဆိုတာပါပဲ။
ဒါဆို ကိုယ်ဝန်ဆောင်နေတုန်း နာနတ်သီး မစားရတော့ဘူးလား?
ကိုယ်ဝန်ဆောင်ချိန်မှာလည်း နာနတ်သီးဟာ ကျန်းမာရေးနဲ့ညီညွတိတဲ့ အစားအသောက်တစ်မျိုးပါပဲ။ တချို့တွေက ပြောကြပါလိမ့်မယ်။ နာနတ်သီးက ကလေးစောမွေးတာ၊ ကလေးပျက်ကျတာတွေ ဖြစ်စေလိမ့်မယ်လို့။ ဒါပေမဲ့ ဒါတွေအားလုံးက ယုံတမ်းစကားတွေပါပဲ။
ဒီလိုနာနတ်သီးက ကိုယ်ဝန်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သိပ္ပံနည်းအရ တွေ့ရှိထားတာမျိုး မရှိပါဘူး။
>> ဘရိုမီလိန်ဆိုတဲ့ အင်ဇိုင်းဓာတ်
နာနတ်သီးမှာ bromelain (ဘရိုမီလိန်) ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါပါတယ်။ ဘရိုမီလိန်သောက်ဆေးပြားတွေကို ကိုယ်ဝန်ဆောင်ချိန် မသောက်သင့်ပါဘူး။ ခန္ဓာကိုယ်ထဲက ပရိုတင်းတွေကို ချေဖျက်ပြီးတော့ သွေးထွက်စေတတ်ပါတယ်။
ဒီဘရိုမီလိန်အင်ဇိုင်းကို နာနတ်သီးအူတိုင်မှာ တွေ့ရတတ်ပေမယ့် တကယ်စားတဲ့ နာနတ်သီးအသားမှာတော့ အနည်းအကျဉ်းကလေးပဲ တွေ့ရပါတယ်။ ဒီလောက်ပမာဏကလေးက ကိုယ်ဝန်ပေါ်သက်ရောက်မှု မရှိပါဘူး။
ဒါကြောင့် ပုံမှန်ပမာဏလောက်ပဲစားရင် ကိုယ်ဝန်ပေါ်သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါတယ်။
>> ပုံမှန်စားသောက်ပုံထဲ နာနတ်သီးပါ ထည့်လို့ရမလား?
ကိုယ်ဝန်ဆောင်တစ်ယောက် စားသင့်တဲ့အာဟာရအုပ်စုတွေကတော့ -
● ဟင်းသီးဟင်းရွက်
● အသီးအနှံ
● နို့နဲ့နို့ထွက်ပစ္စည်း
● အစေ့အနှံများ
● အသား၊ ကြက်ဘဲ၊ ငါး၊ ဥနဲ့ ပဲအမျိုးမျိုးစတဲ့ ပရိုတင်းအသားဓာတ်
စတာတွေပါပဲ။
ဒီထဲမှာပါတဲ့ အာဟာရဓာတ်တွေဟာ ဗိုက်ထဲကကလေးလေး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် ဒီအုပ်စုတွေကို တတ်နိုင်သလောက် ရောနှောစားပေးပါ။ ရေသောက်ဖို့လည်း မမေ့ပါနဲ့ဦး။
ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာကတော့ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုတွေပေါ် မူတည်ပါတယ်။
ဥပမာအားဖြင့် ပုံမှန်လှုပ်ရှားမှုရှိတဲ့ အသက် ၃၀ အရွယ်၊ အရပ် ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိသူတစ်ယောက် ဆိုပါစို့။
ပထမကိုယ်ဝန်ဆောင်ကာလ ၃ လမှာ ဟင်းသီးဟင်းရွက် အသီးအနှံ ၄ ခွက်ခွဲလောက် နေ့စဉ်စားပေးသင့်ပါတယ်။ ဒုတိယနဲ့တတိယကာလတွေမှာတော့ ၅ ခွက်လောက်ထိ စားပေးပါ။
အသက် ၃၀ အရွယ် အရပ် ၅ ပေ ၉ လက်မရှိတယ် ဆိုရင်တော့ တစ်နေ့ကို ၆ ခွက်လောက်ထိ စားနိုင်တာပေါ့။
>> နာနတ်သီးကို ဘယ်လိုစားပေးသင့်သလဲ?
နာနတ်သီး တစ်ခါစားမှာ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ ဗီတာမင်စီပမာဏ ၁၀၀% ပါဝင်ပါတယ်။
ဒါတွေအပြင်
● ဖောလိတ်
● သံဓာတ်
● မဂ္ဂနီစီယမ်
● မဂ္ဂနိစ်
● ကော့ပါး
● ဗီတာမင် B6 တွေလည်း ပါပါသေးတယ်။
ဒီဓာတ်တွေအားလုံးဟာ ကလေးအတွက်ရော အမေအတွက်ပါ အင်မတန်ကောင်းပါတယ်။
အနှစ်ချုပ်ပြောရရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီး စားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေးမို့ ချင့်ချိန်စားဖို့နဲ့ ယင်နားစာ၊ အမှည့်လွန်အသီးများရှောင်ဖို့ အကြံပြုလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















