/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဖြစ်တတ်တဲ့-ဟော်မုန်းအပြောင်းအလဲလေးများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲလေးများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          သားသားမီးမီးလေး တစ်ယောက်ယောက် ဗိုက်ထဲမှာ စတင်သနေ္ဓတည်လာတာနဲ့ မိခင်လောင်းတွေရဲ့ ကိုယ်ခန္ဓာမှာ အရေးပါတဲ့ အပြောင်းအလဲလေးတွေ သိသိသာသာရော မသိမသာရော ဖြစ်လာတတ်ပါတယ်။ အပြောင်းအလဲမြန်တဲ့ ကိုယ်ခန္ဓာအကြောင်း မသိလိုက်ရမရှိလေအောင် မှတ်သားစရာလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

          ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အရေးကြီးဆုံး အပြောင်းအလဲကတော့ အီစထိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ဖြည်းဖြည်းချင်း ပြောင်းလဲလာတာ ဖြစ်ပါတယ်။ အပြောင်းအလဲလေးတွေနဲ့ ဟော်မုန်းလေးတွေက မိခင်လောင်းလေးကို ဘယ်လိုဖြစ်စေပါသလဲ။

●        ကိုယ်ဝန်ဆောင်လေးရဲ့အသားအရေကို ပိုမိုတောက်ပစေပါတယ်။

●        သနေ္ဓသားလေးရဲ့ ဖွံဖြိုးကြီးထွားမှုကို အားပေးပါတယ်။

●        ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုဆိုင်ရာ အပြောင်းအလဲတွေကို သက်ရောက်စေပါတယ်။

 

>>    ဒါ့အပြင် ဟော်မုန်းလေးတွေက ဘာလုပ်ပေးသေးသလဲ?

●        သားအိမ်နဲ့ အချင်းမှာရှိတဲ့ သွေးကြောတွေကို ပွားများစေပါတယ်။

●        ကိုယ်ဝန်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိစေပါတယ်။

●        ကြီးထွားနေတဲ့သနေ္ဓသားလေးကို ထောက်ပံ့ပေးပါတယ်။

 

          အီစရိုဂျင်ဆိုတဲ့ ဟော်မုန်းဓာတ်က သနေ္ဓသားလေး ကြီးထွားဖွံဖြိုးလာဖို့ အကူအညီပေးပါတယ်။

●        ကိုယ်ဝန်လရင့်လာလေ အီစရိုဂျင်ပမာဏ များလာလေပါပဲ။ ပထမသုံးပတ်အတွင်းမှာ အီစရိုဂျင်တွေ ဆောင့်တက်လာတာကြောင့် ပျိုအန်တာ၊ မူးဝေတာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

●        ကိုယ်ဝန် နည်းနည်းရင့်လာချိန်မှာတော့ ရင်သားတွေကို ကြီးထွားစေပြီး အထဲက နို့ရည်ဂလင်းလေးတွေကို ကြီးထွားစေပါတယ်။

 

          ပရိုဂျက်စတုန်းဆိုတဲ့ ဟော်မုန်းဓာတ်ကတော့ ကိုယ်ဝန်ရှိချိန်မှာ စတင်ပြီး အလွန်မြင့်မားလာပါတယ်။ 

●        သူကတော့ အရွတ်တွေ၊ အဆစ်တွေကို ပျော့ပြောင်းစေတဲ့ ဟော်မုန်းပေါ့။

●        သားအိမ်လေးကို တဖြည်းဖြည်းချင်း ကြီးထွားလာစေတာ ပရိုဂျက်စထရုန်း ဟော်မုန်းရဲ့ စွမ်းဆောင်ချက်ပါတဲ့၊ သားအိမ်လေး ကြီးထွားလာမှ သနေ္ဓသားလေးက အထဲမှာနေလို့ရမယ် မဟုတ်ပါလား။

          ဟော်မုန်းလေးတွေက ကောင်းအောင် လုပ်ပေးပေမယ့် သူတို့ဒုက္ခပေးတာတွေလည်း ရှိပြန်ပါသတဲ့။ ဥပမာ - အဆစ်တွေ၊ အရွတ်တွေက ပျော့ပျောင်းနေတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ လျော့တွဲလာတဲ့အရွတ်တွေက ဒဏ်ဖြစ်တာ၊ စုတ်ပြဲတာတွေ ကြုံရပါတယ်။

          ကိုယ်ဝန်လေး ကြီးထွားလာတာနဲ့အမျှ ကျောရိုးအနေအထား လိုက်ပြောင်းလာပြီး ကိုယ်နေဟန်ထားနဲ့ ဟန်ချက်ညီမှုက ပျက်ပြားသွားတတ်ပါတယ်။ ကြီးထွားလာတဲ့ ကိုယ်ဝန်ကို ဖြည်းဖြည်းချင်း ဟန်ချက်ညီအောင် ထိန်းပေးရလို့ပါ။

          ဒါ့အပြင် ပိုတိုးလာတဲ့အလေးချိန်နဲ့ ဆွဲအားတွေကြောင့် ခြေထောက်တွေမှာ သွေးပြန်ကြောတွေကို ဖိနှိပ်ပြီး သွေးအဝင်ရော အထွက်ရော ထိခိုက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေက မျက်နှာလေးတွေ ခြေဖမိုးလေးတွေ အန်းနေတတ်တာပေါ့။

          ကိုယ်ဝန်လရင့်လာတာနဲ့အမျှ  ဖောရောင်တာ ပိုဆိုးလာပြီး နောက်ဆုံးလတွေမှာ အရမ်းတင်းလာတတ်ပါတယ်။ ဒီလိုအရည်တွေစုပြီး ဖောရောင်လာခြင်းဟာ ကိုယ်ဝန်ဆောင်လေးတွေမှာ ကိုယ်အလေးချိန် တိုးလာခြင်းရဲ့အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။

 

>>    အရောင်သက်သာစေဖို့ ဆိုရင်တော့ -

●        မကြာခဏ လဲလျောင်း အနားယူပါ။

●        အကြာကြီးရပ်တာ ရှောင်ကြဉ်ပါ။

●        ကော်ဖီ၊ လက်ဖက်ရည်နဲ့ အငန်ရှောင်ပါ။

●        အသီးအနှံနဲ့ အရွက်အလက် များများစားပြီး ပိုတက်စီယမ်ပမာဏ မြှင့်တင်ပေးဖို့တွေ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)