ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာများ
ကိုယ်ဝန်ဆောင် အပတ် (၂၀) မတိုင်ခင်မှာ ကိုယ်ဝန်ဆုံးရှုံးတာကို ကိုယ်ဝန်ပျက်ကျတယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန် ဘယ်လောက်များများ ပျက်ကျလဲဆိုတာကို သေချာမသိရပါဘူး။ တချို့ဆိုရင် ကိုယ်ဝန်ရှိမှန်းတောင် မသိသေးဘဲ ပျက်ကျတာမျိုးတွေတောင် ရှိပါတယ်။ ကိုယ်ဝန်ပျက်ကျတယ်လို့ သိရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားဖို့ လိုပါတယ်။
>> ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာများ
1. မွေးလမ်းကြောင်းထဲကနေ ရေဆင်း၊ သွေးခဲတွေ ဆင်းလာရင် ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပါ။ တကယ်လို့ ကလေးရဲ့တစ်သျှူးတွေလို့ ထင်ရတဲ့အရာတွေ ထွက်ကြလာရင် ဒါလေးတွေကို သန့်ရှင်းတဲ့ခွက်ထဲ ထည့်ပြီး ဆရာဝန်ဆီ ယူသွားပါ။ ဆရာဝန်က ဒါက ကလေးရဲ့တစ်သျှူးလားဆိုတာကို သေချာစမ်းကြည့်လို့ ရပါတယ်။
2. သွေးဆင်းရင်၊ သွေးတစ်စက်တစ်စက် ဆင်းနေရင် ကလေးပျက်ကျနိုင်ခြေ များတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ အများအားဖြင့်တော့ သွေးဆင်းပေမယ့်လည်း ကိုယ်ဝန် ဘာမှမဖြစ်တာ ရှိပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန် သွားပြလိုက်တာကတော့ ကောင်းပါတယ်။ ဗိုက်ထဲက အရမ်းအောင့်လာတာရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။
3. သွေးမဆင်းရင်တောင်မှ ခါးကိုက်ခြင်း၊ ဗိုက်ထဲမှာ မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်းတွေကလည်း ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်တဲ့အတွက် အနာသက်သာဆေးတွေ မသောက်ခင်မှာ ဆရာဝန် သွားပြလိုက်ပါ။
4. ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သားအိမ်ထဲကို ရောဂါပိုးဝင်ရင်လည်း ကိုယ်ဝန်ပျက်ကျနိုင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အတွက် အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။
ရောဂါလက္ခဏာတွေကတော့ -
● မိန်းမကိုယ်မှ အနံ့နံသောအရည်များ ဆင်းခြင်း
● သွေးဆင်းခြင်း
● ချမ်းတုန် ဖျားခြင်း
● ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
>> ဆေးခန်းရောက်ရင် ဘာတွေဆက်လုပ်ရမလဲ?
1. စစ်ဆေးမှုတွေ ခံယူရပါမယ်။ ကိုယ်ဝန် ပျက်ကျ၊ မကျဆိုတာ သိဖို့အတွက် ဆရာဝန်က စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ အာထရာဆောင်း ရိုက်ပြီးကြည့်ရင် အထဲက သနေ္ဓသားလေးကို မြင်နိုင်တယ်၊ ပြီးတော့ ကလေးက ကောင်းကောင်း ဖွံ့ဖြိုးနေလား၊ ဘယ်အရွယ်လောက် ရှိပြီလဲ၊ ကလေးရဲ့ နှလုံးခုန်သံ စတာတွေကို စစ်ဆေးလို့ ရပါတယ်။ သားအိမ်ခေါင်း ပွင့်၊ မပွင့် သိဖို့အတွက် မိန်းမကိုယ်ထဲကို လက်ထည့်ပြီးတော့ စမ်းကြည့်ဖို့ လိုပါတယ်။ ထွက်ကျတဲ့တစ်သျှူးတွေကို ယူသွားရင်လည်း သနေ္ဓသားရဲ့တစ်သျှူး ဟုတ်၊ မဟုတ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။
2. ရောဂါအမည် သတ်မှတ်ခြင်း - ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။
● ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိခြင်း - ကိုယ်ဝန် ပျက်ကျခါနီး ဖြစ်နေတာပါ။ ဗိုက်အောင့်၊ သွေးဆင်းနေပေမယ့် သားအိမ်ခေါင်း မပွင့်သေးရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိတယ်လို့ သတ်မှတ်ပါတယ်။
● ကိုယ်ဝန်ပျက်ကျမှာကို ကာကွယ်ဖို့အတွက် နည်းလမ်းမရှိဘူး ဆိုရင်တော့ မလွဲမသွေ ကြုံရမယ့် ကိုယ်ဝန်ပျက်ကျခြင်းလို့ သတ်မှတ်ပြီးတော့ ဒီမှာဆိုရင် သားအိမ်ခေါင်းက ပွင့်နေပြီးတော့ သားအိမ်ကလည်း ညှစ်နေပါပြီ။
● သနေ္ဓသားနဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာ တစ်သျှူးတွေအားလုံး ထွက်ကျသွားပြီ ဆိုရင်တော့ လုံးဝကိုယ်ဝန်ပျက်ကျခြင်းလို့ ခေါ်ပါတယ်။
● ကိုယ်ဝန်တော့ ပျက်ကျသွားတယ်၊ ဒါပေမဲ့လည်း သနေ္ဓသားရဲ့ တစ်သျှူးအချို့နဲ့ အချင်း နည်းနည်းကျန်နေခဲ့တယ်ဆိုရင် မပြည့်စုံသေးတဲ့ ကိုယ်ဝန်ပျက်ကျမှုလို့ ခေါ်ပါတယ်။
● သနေ္ဓသားလေး သေပြီးတော့ ဒီအသေလေးနဲ့ အချင်းက ထွက်မကျလာဘူးဆိုရင် မသိလိုက်တဲ့ ကိုယ်ဝန်ပျက်ကျခြင်းလို့ ခေါ်ပါတယ်။
3. ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိတယ်လို့ပြောရင် ဆရာဝန် ညွှန်ကြားချက်အတိုင်း သေချာလို်က်နာဖို့ အရေးကြီးပါတယ်။ ဖြစ်နိုင်ခြေရှိတိုင်း ကိုယ်ဝန်ပျက်ကျမယ်လို့ မဆိုလိုပါဘူး။ အခြေအနေအပေါ် မူတည်ပြီးတော့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။
ဆရာဝန်က -
● လက္ခဏာတွေ ရပ်သွားတဲ့အထိ နားနေဖို့
● လေ့ကျင့်ခန်း မလုပ်ဖို့
● ကာမဆက်ဆံမှု မပြုဖို့
● အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်ချိန်မှာ မြန်မြန်မရနိုင်တဲ့နေရာတွေကို ခရီးမသွားဖို့ ညွှန်ကြားပါလိမ့်မယ်။
4. အထဲမှာရှိတဲ့ တစ်သျှူးတွေ အကုန်အစင်မကျဘူး ဆိုရင်တော့ သူအလိုလို ထွက်ကျအောင် စောင့်နိုင်သလို ဆေးသွင်းပြီးတော့ ထွက်ကျအောင် လုပ်လို့လည်း ရပါတယ်။ သူ့အလိုလိုကျဖို့ဆိုရင် တစ်လလောက် ကြာနိုင်ပြီးတော့ ဆေးနဲ့ ဆိုရင်တော့ တစ်ရက်အတွင်းမှာ ကျနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့ လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်က သားအိမ်ခေါင်းဝကို ချဲ့ပြီးတော့ ခြစ်ထုတ်ဖို့ ညွှန်ကြားပါလိမ့်မယ်။
5. ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ ခန္ဓာကိုယ် ပြန်လည်နာလန်ထူဖို့ အချိန်ပေးပါ။ ရက်အနည်းငယ် ကြာလာရင် ပြန်လည်ကျန်းမာလာနိုင်ခြေ များပါတယ်။ ရာသီပြန်လာပြီးတော့ ကိုယ်ဝန်ထပ်ဆောင်နိုင်ခြေ ရှိပါတယ်။ ကိုယ်ဝန် မယူချင်သေးရင် တားဆေးသုံးဖို့ လိုပါတယ်။ မွေးလမ်းကြောင်းမှာရှိတဲ့ တစ်သျှူးတွေ ပြန်လည်ကျန်းမာဖို့အတွက် (၂) ပတ်လောက် အခိျန်ပေးသင့်ပါတယ်။ ဒီအချိန်မှာ လိင်ဆက်ဆံတာနဲ့ tampon သုံးတာတွေကို ရှောင်ရပါမယ်။
6. စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာဖို့လည်း အချိန်ပေးဖို့ လိုပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးတွေကလည်း ကလေးအသေ မွေးလာတဲ့ မိခင်တွေလိုပဲ စိတ်ဒဏ်ရာ ရတတ်ပါတယ်။ ကိုယ့်ကို အားပေးနိုင်တဲ့သူတွေနဲ့ စကားပြောပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေရယူဖို့ အရေးကြီးပါတယ်။ ကိုယ်ယုံကြည်ရတဲ့မိသားစု၊ မိတ်ဆွေတွေဆီက အထောက်အပံ့တွေ ရယူပါ။ ဒါမှမဟုတ်လည်း နှစ်သိမ့်ဆွေးနွေးပေးနိုင်တဲ့ အဖွဲ့တွေကို ရှာပါ။ အများစုက ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာလည်း ကျန်းမာတဲ့ကိုယ်ဝန်ကို ထပ်ပြီး ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျတယ် ဆိုတာက ကလေးမရနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။
>> နောက်ထပ် ကိုယ်ဝန်ထပ်ယူဖို့အတွက် ကြိုတင်စဉ်းစားထားရမှာတွေ ရှိပါတယ်။
1. ကိုယ်ဝန်ပျက်ကျစေတဲ့ အဖြစ်များတဲ့ပြဿနာတွေကို သိထားရပါမယ်။ အများအားဖြင့်တော့ ကလေးက ပုံမှန်မဖွံ့ဖြိုးနိုင်တဲ့အတွက်ကြောင့် ပျက်ကျရပါတယ်။ ဒါက မျိုးရိုးဗီဇပြဿနာကနေပြီးတော့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေအထိ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မမျိုးဥ (သို့) သုတ်ပိုးမှာတွေ့ရတဲ့ ပြဿနာကြောင့်ဖြစ်သော မွေးရာပါပြဿနာများ၊ မိခင်တွင် ဆီးချိုရောဂါရှိခြင်း၊ ရောဂါပိုးဝင်ခြင်း၊ မိခင်တွင် ဟော်မုန်းမညီမျှခြင်း၊ သိုင်းရွိုက်ပြဿနာများ၊ သားအိမ်နှင့် သားအိမ်ခေါင်းပြဿနာများ စတာတွေ ဖြစ်ပါတယ်။
2. နောက်ထပ် ကိုယ်ဝန်ပျက်ကျနိုင်ချေရှိစေတဲ့ အရာတွေကို တတ်နိုင်သမျှ လျှော့ချပါ။ ကိုယ်ဝန်ပျက်မကျဖို့ အလုံးစုံကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့်လည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေကို များစေတဲ့အရာတွေ ရှိပါတယ်။ ဒါတွေကတော့ -
● ဆေးလိပ်သောက်ခြင်း၊
● အရက်သောက်ခြင်း၊
● ကိုယ်ဝန်ရစေနိုင်တယ်လို့ ဆိုတဲ့ လမ်းဘေးဆေးတွေ၊ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ သောက်သုံးတဲ့ဆေးတွေ
● ဆီးချိုရောဂါ
● ကိုယ်အလေးချိန် များလွန်းခြင်း၊ နည်းလွန်းခြင်း
● အထူးသဖြင့် သားအိမ်၊ သားအိမ်ခေါင်းစတဲ့ မျိုးပွားအင်္ဂါပြဿနာများ
● ပတ်ဝန်းကျင်မှ အဆိပ်ဓာတ်များ
● ရောဂါပိုးဝင်ခြင်း
● ကိုယ်ခံအားပြဿနာများ
● ဟော်မုန်းမညီမျှမှုများ
● အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။
3. ဘယ်လိုအရာတွေက ကိုယ်ဝန်ပျက်မကျစေနိုင်ဘူး ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ ပုံမှန်အခြေအနေမှာ ဆိုရင်တော့ အောက်ပါအပြုအမူတွေက ကိုယ်ဝန်ပျက်မကျစေနိုင်ပါဘူး။
● လေ့ကျင့်ခန်း အသင့်အတင့်လုပ်ခြင်း
● အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု၊ ရောဂါပိုး မဝင်အောင်တော့ ရှောင်ရပါမယ်။
● ပတ်ဝန်းကျင်ဆိုင်ရာ အဆိပ်အတောက်တွေ၊ ပိုးဝင်စေတဲ့အရာတွေ၊ ဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေနဲ့ မထိတွေ့ရတဲ့ အလုပ်များလုပ်ခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)














