ကိုယ်၀န်ဆောင်ချိန်မှာ ရှောင်ရှားသင့်သည့်များ
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ဟာ တစ်ချို့အရာတွေကို ရှောင်ရှားရပါတယ်။ ရေနွေးစိမ်ချိုးခြင်း၊ အရက်သောက်ခြင်း စတာတွေကို ရှောင်ရှားရတာမျိုး၊ ကြောင်သန့်ရှင်းရေးလုပ်ခြင်းက Toxoplasmosis လို့ခေါ်တဲ့ ကြောင်အီးကနေကူးတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်တဲ့အတွက် ခင်ပွန်းဖြစ်သူကို လုပ်စေတာမျိုး စတဲ့အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်ရှောင်ရှားသင့်တာတွေကတော့-
>> ဆေးမသုတ်ပါနဲ့။
ကလေးမမွေးခင်မှာ ကလေးပစ္စည်းလေးတွေ ဝယ်စုတာ၊ ကလေးပုခက်ဆင်တာမျိုးတွေ လုပ်ရတာဟာ ပျော်ရွှင်စိတ်ကြည်နူးဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်တိုင် အခန်းဆေးသုတ်တာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် သူများတွေဆေးသုတ်ပေးတယ်ဆိုရင်လဲ အဲဒီအခန်းထဲကို ၂ရက်တိတိမဝင်ပါနဲ့။
>> ဒေါက်မြင့်မစီးပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ ဒေါက်မြင့်ဖိနပ်တွေကို ခဏသိမ်းထားလိုက်ပါ။ ကိုယ်ဝန်ဆောင်မေမေတွေ ဒေါက်မြင့်စီးတာ ဘာမှမဖြစ်ပေမယ့် ဗိုက်ထွက်လာတဲ့အခါ ခန္ဓာကိုယ် ဆွဲငင်အားသက်ရောက်မှု ပြောင်းလဲသွားတဲ့အတွက် ချေ်ာလဲကျနိုင်ခြေ အလွန်များပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ Relaxin ဆိုတဲ့ဟော်မုန်းတစ်မျိုးဟာ အရွတ်တွေကို ပျော့ပြောင်းစေပါသေးတယ်။
>> နေရောင်သိပ်မခံပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားဟာ ပိုပြီးနုနယ်နေတာကြောင့် နေလောင်ဒဏ်ကို ပိုခံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကအပူပိုထုတ်တဲ့အတွက် အပူဒဏ်လည်း သိပ်မခံနိုင်ပါဘူး။ ဒါကြောင့် ရေနွေးနဲ့ရေချိုးတာ၊ ချွေးထုတ်ခန်းသွားတာမျိုးကို ရှောင်ကြဉ်ရပါမယ်။ ခန္ဓာကိုယ်အပူချိန်အရမ်းတက်လာခဲ့ရင် ကလေးရောအမေပါ ထိခိုက်နိုင်တတ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီဓာတ်ရဖို့ နေရောင်ထွက်ခံတဲ့အခါ နေရောင်ကာခရင်မ်လိမ်းဖို့ မမေ့ကြပါနဲ့။
>> စိတ်ဖိစီးမခံပါနဲ့။
စိတ်ဖိစီးမှုမဖြစ်အောင်နေပါ။ တောက်လျောက်စိတ်ဖိစီးမှုများနေတဲ့အခါမှာ ကလေးရောအမေပါထိခိုက်စေနိုင်ပါတယ်။ ဆက်တိုက်စိတ်ဖိစီးမှုများတဲ့အခါ ခေါင်းကိုက်တာ၊ သွေးပေါင်တက်တာ၊ နှလုံးရောဂါနဲ့ အစားပျက်အအိပ်ပျက်စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လမစေ့၊ ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးလာစေနိုင်ပါတယ်။
>> ပြင်းပြင်းထန်ထန်လှုပ်ရှားမှုဖြစ်စေသော ကစားနည်းများကိုရှောင်ပါ။
ကစားကွင်းကို မသွားခင်သေချာစဉ်းစားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကို လှုပ်လှုပ်ရှားရှားဖြစ်စေနိုင်တဲ့ ကစားနည်းတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီလို ပြင်းပြင်းထန်ထန်ကစားနည်းတွေ ဆော့ကစားတဲ့အခါ အချင်းစောကွာတာမျိုး ဖြစ်စေနိုင်ပါတယ်။
>> တက်တူးမထိုးပါနဲ့။
တက်တူးထိုးခြင်းက ရောဂါပိုးတွေ ဝင်ရောက်စေနိုင်တာကြောင့် ကလေးမွေးပြီးမှသာထိုးပါ။
>> တချို့အစားအစာတွေရှောင်ပါ။
ပိုးမသတ်ထားတဲ့ ချိစ်စတဲ့နို့ထွက်ပစ္စည်းတွေ၊ ဆူရှီ၊ ပဲပင်ပေါက်၊ ဟော့ဒေါ့၊ အသင့်စားကြက်သားသုတ်၊ ပြဒါးဓာတ်များတဲ့ပင်လယ်စာတွေ၊ အသင့်စားအသားတွေ၊ အသားစိမ်းငါးစိမ်းနဲ့ မကျက်တကျက်တွေကို ရှောင်ရပါမယ်။
















