ကိုယ်၀န်ဆောင်နဲ့ အာထရာဆောင်း (Ultrasound)
အာထရာဆောင်းဟာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ရှုစစ်ဆေးဖို့အတွက် ကြိမ်နှုန်းမြင့် အသံလှိုင်းတွေကိုအသုံးပြုတဲ့ ပုံရိပ်ဖော်စစ်ဆေးနည်းတခုဖြစ်ပါတယ်။ အာထရာဆောင်းဟာ ကိုယ်၀န်ဆောင်မိခင်ရဲ့ကျန်းမာရေး စောင့်ရှောက်မှုအတွက်များစွာ အထောက်အကူပြုပါတယ်။
ကိုယ်၀န်မိခင်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အာထရာဆောင်း ရိုက်ရမယ့် အကြိမ်အရေအတွက် ကွဲပြားနိုင်ပါတယ်။ အာထရာဆောင်းမှတဆင့် ကလေးပုံမှန်ဖွံ့ဖြိုးခြင်း ရှိ/မရှိ စောင့်ကြည့်နိုင်သလို မိခင်ရဲ့မျိုးပွားအင်္ဂါတွေကိုပါ စစ်ဆေးနိုင်ပါတယ်။ နည်းပညာ တိုးတက်လာတာနဲ့အမျှ ပုံမှန်ရိုက်နေကြ အာထရာဆောင်းအပြင် 4D အာထရာဆောင်းနဲ့ သနေ္ဓသားရဲ့နှလုံးကျန်းမာရေးအခြေအနေကို အသေးစိတ် ဖော်ပြပေးနိုင်တဲ့ Fetal Echocardiography တို့ကိုပါ ရိုက်ကူးနိုင်ပါတယ်။
အာထရာဆောင်းမှာ ဓာတ်ရောင်ခြည်ကိုအသုံပြုခြင်းမရှိတာကြောင့် မိခင်ရော သနေ္ဓသားအတွက်ပါ စိတ်ချရပါတယ်။ ကိုယ်၀န်ဆောင်ချိန်တွင် အာထရာဆောင်းရိုက်ခြင်းကို ကိုယ်၀န်နုမှာတခါ ရင့်မှာတခါပြုလုပ်သင့်ပါတယ်။ ကိုယ်၀န် 8 ပတ်မှ 14 ပတ်အတွင်းမှာ တစ်ကြိမ်ရိုက်သင့်ပြီး သနေ္ဓသားရဲ့အလုံးအရပ်ပေါ်မူတည်ပြီး မွေးဖွားမယ့်ရက်ကို ခန့်မှန်းပေးနိုင်တာကြောင့် Dating Scan လို့လည်းခေါ်ပါတယ်။
ဒုတိယအကြိမ်ရိုက်ကူးခြင်းရဲ့ 18 ပတ်မှ 21 ပတ်ကြားမှာလုပ်နိုင်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်ရှိ/မရှိ၊ ကလေးကြီးထွားမှု အခြေအနေတွေကိုသိရှိနိုင်တာကြောင့် Anomaly Scan လို့လည်းခေါ်ပါတယ်။
ကိုယ်၀န်ဆောင်ကာလ ပထမပိုင်း 3 လမှာ အာထရာဆောင်းရိုက်ပါက အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
- ကိုယ်၀န်ရှိနေကြောင်းအတည်ပြုပေးနိုင်ခြင်း
- သနေ္ဓသား နှလုံးခုန်ခြင်း ရှိ/မရှိ သိနိုင်ခြင်း
- သနေ္ဓသားရဲ့ အသက်နှင့်မွေးဖွားမယ့်ရက်ကို ခန့်မှန်းပေးနိုင်ခြင်း
- အမြွှာကိုယ်၀န် ဟုတ်/မဟုတ် သိရှိနိုင်ခြင်း
- မိခင်ရဲ့မျိုးပွားအင်္ဂါ ကျန်းမာရေးကိုသိရှိနိုင်ခြင်း
- နေရာလွဲသနေ္ဓ ဟုတ်/မဟုတ် သိရှိနိုင်ခြင်း
- မွေးရာပါချို့ယွင်းချက် ရှိ/မရှိ သိနိုင်ခြင်း (သွေးစစ်တာပါတွဲလုပ်ရပါမယ်)
ကိုယ်၀န်ဆောင်ကာလ ဒုတိယပိုင်း 3 လနှင့် တတိယပိုင်း 3 လမှာအာထရာဆောင်းရိုက်ခြင်းဖြင့်
- ၀မ်းကြာတိုက်အတွင်းရှိ သနေ္ဓသားအနေအထား
- သနေ္ဓသားအရေအတွက်
- အချင်းအနေအထား
- မွေးရာပါချို့ယွင်းချက် ရှိ/မရှိ
- သားအိမ်တွင်း သွေးစီးဆင်းမှု အခြေအနေ
- ရေမြွှာရေပမာဏ
- သားအိမ်ခေါင်းအရှည် အလျား
- သားအိမ်တွင်း ကလေးငယ်သေဆုံးမှုနှင့်
- သာသား/ မီးမီးလားဆိုတာကို သိနိုင်ပါတယ်။
အာထရာဆောင်းရိုက်ချိန်မှာ တိကျရှင်းလင်းတဲ့ပုံရိပ်ကိုရရှိဖို့အတွက် ဆီးအိမ်တင်းနေအောင် မရိုက်ခင် 1 နာရီအလို ကတည်းက ရေ 4 ခွက်မှ 6 ခွက်ထိ သောက်ထားဖို့လိုအပ်ပါတယ်။ ဆီးအရမ်းသွားချင်ရင်လည်း အာထရာဆောင်းရိုက်ပြီးမှ ဆီးသွားသင့်ပါတယ်။
အာထရာဆောင်းရိုက်ချိန်တွင် ရိုက်မယ့်နေရာကို အ၀တ်အစားတွေဖော်ပေးရမှာဖြစ်တာကြောင့် သက်သာချောင်ချိတဲ့ အ၀တ်အစားတွေကိုရွေးချယ်၀တ်ဆင်ပါ။
ပက်လက်အနေအထားဖြင့်ရိုက်မှာဖြစ်ပြီး ရိုက်မယ့်နေရာမှာ အရင်ဆုံးရေဓာတ်ကိုအခြေခံထားတဲ့ ဂျဲလ်ကိုသုတ်လိမ်းမှာ ဖြစ်ပါတယ်။ ပြီးရင် transducer လို့ခေါ်တဲ့ လက်ကိုင်ကိရိယာနှင့် ၀မ်းဗိုက်ပေါ်မှာ ဟိုဟိုဒီဒီရွှေ့ပြီး ပုံရိပ်တွေကိုဖမ်းယူမှာဖြစ် ပါတယ်။ အာထရာဆောင်းရိုက်ချိန်မှာ ငြိမ်ငြိမ်နေပေးဖို့လိုအပ်ပါတယ်။ ရိုက်ကူးချိန်က များသောအားဖြင့် မိနစ် 10-20 ခန့်သာ ကြာမြင့်ပါတယ်။ တခါတရံမှာ အ၀လွန်ခြင်း၊ ခန္ဓာကိုယ်တစ်သျှူးတွေရဲ့ သိပ်သည်းဆများလွန်းခြင်းတို့ကြောင့် အသံလှိုင်းဖြတ်တဲ့အခါမှာ လိုချင်တဲ့ပုံရိပ်အရည်အသွေးကိုမရရှိဘဲ အာထရာဆောင်းရိုက်ချိန် ကြာမြင့်ခြင်း၊ နောက်ထပ်တစ်ကြိမ်ပြန်လည် ရိုက်ကူးရခြင်းတို့ ဖြစ်တတ်ပါတယ်။
ပိုပြီးရှင်းလင်းတဲ့ပုံရိပ်ကို လိုချင်တဲ့အခါမှာ မိန်းမကိုယ်ကနေတဆင့်ရိုက်တဲ့ အာထရာဆောင်း (Transvaginal Ultrasound) ရိုက်လို့ရပါတယ်။ များသောအားဖြင့် ကိုယ်၀န်အစောပိုင်းကာလတွေမှာ ရိုက်လေ့ရှိပြီး transducer ကို မိန်းမကိုယ်ထဲဖြည်းဖြည်းချင်းထည့်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။
သုံးဖက်မြင် အာထရာဆောင်း (3D Ultrasound)
ပုံမှန်အများဆုံးအသုံးပြုကြတဲ့ 2 ဖက်မြင် 2D အာထရာဆောင်းဖြစ်ပါတယ်။ 3D အာထရာဆောင်းက ပုံရိပ်တွေကို သုံးဖက်မြင်အနေအထားဖြင့် ပုံဖော်ပေးနိုင်တာကြောင့် သနေ္ဓသားရဲ့အလုံးအရပ်အသွင်အပြင်ကို ပိုမိုတိကျစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။
2D အာထရာဆောင်းရိုက်သကဲ့သို့ ရိုက်ရမှာဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ transducer နှင့် ဆော့၀ဲလ်နည်းပညာတွေကို အသုံးပြုထားတာဖြစ်ပါတယ်။
4D အာထရာဆောင်း
3D အာထရာဆောင်းနှင့် ဆင်တူပေမဲ့ 4D မှာတော့ သန်းေ၀ခြင်း၊ လက်မစုပ်ခြင်း စတဲ့ကလေးငယ်ရဲ့ အပြုအမူတွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဗွီဒီယိုအနေနဲ့တွေ့မြင်ရမှာဖြစ်ပြီး အလင်းအမှောင်ကိုကောင်းစွာ ဖမ်းယူနိုင်တာကြောင့် ရုပ်ထွက်ပိုမိုကောင်းမွန်ပါတယ်။
Fetal Echocardiography
ကလေးငယ်မှာ မွေးရာပါနှလုံးချို့ယွင်းချက်ရှိတဲ့အခါမှာ Fetal Echocardiography အာထရာဆောင်းကိုလုပ်လို့ ရပါတယ်။ နှလုံးရဲ့ပုံသဏ္႑ာန်နှင့်အရွယ်အစားကို အသေးစိတ်ဖော်ပြပေးနိုင်တာကြောင့် နှလုံးကောင်းစွာအလုပ်လုပ်နိုင်ခြင်း ရှိ/မရှိ သိနိုင်ပြီး နှလုံးဆိုင်ရာပြဿနာတွေရှာဖွေရာမှာ များစွာအထောက်အကူပြုပါတယ်။
Dr. Htet Htet Aung















